Sunday, March 2, 2014

အမျိုးသား နှစ်ဦး၏ မင်္ဂလာသက် (၁၀) နှစ်ပြည့် အခမ်းအနား

ရန်ကုန်၊ မတ်၂



မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ် လိင်တူချစ်သူ အမျိုးသား နှစ်ဦး၏ မင်္ဂလာသက် (၁၀) နှစ်ပြည့် အခမ်းအနားကို မတ်လ ၂ ရက်၊ ညနေ ၆...နာရီ အချိန်တွင် ဗဟန်းမြို့နယ် အတွင်းရှိ Excel Treasure Hotel တွင် ပြုလုပ်ခဲ့သည်။

“ဒီပွဲလေး လုပ်ဖြစ်ဖို့ ကျွန်တော်တို့ အများကြီး ကြိုးစား ပြင်ဆင်ခဲ့ရပါတယ်။ ကျွန်တော်တို့ နှစ်ယောက် အတူနေလာကြတာ ဒီနေ့က ၁၀ နှစ် ပြည့်တဲ့နေ့ပေါ့။ ဒီကာလတွေကို တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုနဲ့ ကျွန်တ်ာတို့ ကျော်ဖြတ်ခဲ့ကြတယ်။ အဓိကကတော့ သံယောဇဉ်ပေါ့” ဟု သတို့သား ဖြစ်သည့် ကိုမျိုးမင်းထက်က ပြောကြားသည်။

၎င်းတို့ နှစ်ဦး အတူ နေထိုင်ခဲ့ကြခြင်းကို မိဘဆွေမျိုးများက နားလည် ခွင့်လွှတ် ပေးထားခဲ့ကြသော်လည်း၊ Myanmar Times ဂျာနယ်တွင် ၎င်းတို့၏ သတင်း ပါဝင်လာပြီး နောက်တွင် လူအများ၏ အာရုံစိုက်မှု ခံလာရသည့် အပေါ် မိသားစုကလည်း တစ်မျိုး မြင်လာခဲ့ကြောင်း၊ ၎င်းတို့သည်လည်း သာမန် စုံတွဲများကဲ့သို့ နေထိုင်နိုင်ခွင့် ရှိကြောင်း မိသားစုကို နားလည်အောင် ရှင်းပြခဲ့ရကြောင်း ကိုမျိုးမင်းထက်က ဆိုသည်။

“ဒီနေ့ ကျွန်တော် အရမ်းပျော်ပါတယ်။ ဆယ်နှစ်တာ ကာလအတွင်းမှာ တစ်ယောက် မကြိုက်တာ တစ်ယောက်က မလုပ်ဖို့၊ လုပ်ခဲ့ရင်လည်း ဘာကြောင့် လုပ်ခဲ့ရတယ် ဆိုတာ ပြောပြပြီး နားလည်မှု ယူခဲ့ကြပါတယ်။ စတွေ့တဲ့ အချိန်ကနေ အခုအချိန် အထိ ကျွန်တော့်ဘက်မှာတော့ ဘာမှ အခက်အခဲ မရှိပါဘူး။ သူ့ဘက်မှာတော့ သူ့မိသားစုနဲ့ ပတ်သက်ပြီး အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော့် မိသားစုကတော့ နားလည်ပေးတယ်။ ကျွန်တော့်ရဲ့ လွတ်လပ်မှုကို လက်ခံ ပေးကြပါတယ်” ဟု ကိုတင်ကိုကိုက ဆိုသည်။

ယခု အခမ်းအနားကို ပြုလုပ်ရခြင်းမှာ ဆယ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် သူငယ်ချင်းများနှင့် ပျော်ပျော်ပါးပါး ဖြတ်သန်းချင်၍ ဖြစ်ပြီး တခြား ရည်ရွယ်ချက် မရှိကြောင်း၊ လူတိုင်းတွင် အမှတ်တရ ကိုယ်စီရှိကြပြီး ၎င်းတို့ အနေနှင့်လည်း ဆယ်နှစ်ပြည့် အမှတ်တရ အနေနှင့် ယခုပွဲကို ပြုလုပ်ခွင့် ရှိမည်ဟု ထင်ကြောင်း ကိုတင်ကိုကိုက ဖွင့်ဟသည်။

အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်တို့ လက်ထပ်ခြင်းသည် ဘဝနှစ်ခု ပေါင်းစပ်သည့် သာမန်မင်္ဂလာ အခမ်းအနား ဖြစ်သည့်အတွက် မည်သည့် အရာကိုမျှ ဂရုစိုက်စရာ မလိုကြောင်း၊ အမျိုးသားနှစ်ဦး အတူနေ ပေါင်းသင်းကြသည့် နောက်ပိုင်းတွင်မူ ၎င်းတို့၏ ဘဝတွင် တခြားသူများ၏ အာရုံစူးစိုက် ခံရမှုများ၊ စောင့်ကြည့်မေးငေါ့ ပြောဆိုမှုများကို ကြုံတွေ့ကြရကြောင်း၊ လိင်တူချင်း ချစ်ခြင်းသည် အမှားအယွင်း တစ်ခု မဟုတ်ကြောင်းကို ပြသရန် အတွက် ပတ်ဝန်းကျင် အသိုင်းအဝိုင်း၏ အားပေးမှုများ လိုအပ်ကြောင်း Equality Myanmar မှ တာဝန်ရှိသူ ဦးအောင်မျိုးမင်းက ပြောကြားသည်။(The Voice)

Sunday, February 9, 2014

တညလုံး မအိပ်ခဲ့ရတဲ့ ညကြီးရဲ့ ကောင်မလေး

(၁)

ကျွမ်းကျင်လွန်းလှတဲ့ ဝက်သတ်သမား
နံကြားက လှံကို ဆွဲအနှုတ်
အဲဒီနှုတ်ချက်ဟာ အသက်ပါလှချည်ရဲ့
မင်းကလေးအကြည့်
ဒီက တညလုံး မအိပ်ခဲ့ရတဲ့ ညပါကွယ်။

ခုတော့
မြင်းတွေ မြင်းပေါက်စတွေ
အကောင်တရာလောက်
ငါ့ရင်အုံကြီးထဲကနေ
ကဆုန်ပေါက်ခုန်ထွက်
ငါ့နှလုံးသားခမျာ ဖုန်ပူပူထဲလဲကျ
လူးလဲထ
အဲသည် ဒရယ်မျက်လုံးလဲ့လဲ့ကလေးကိုလေ
တထောင့်ထဲ စုကပ်ပြီး မကြည့်လိုက်ပါနဲ့
ဧရာဝတီတမြစ်လုံး
ငါသောက်မိပါလိမ့်မယ်ကွယ် ...။

(၂)

လာပြီ
မောင်းပြန်ဓားခလုတ်ကို နှိပ်လိုက်သလို
ထပ်ခနဲ
မြည့်နေတဲ့ အကြည့်
ငါ့ရင်ခေါင်းကြီးထဲ
အောင့်ကနဲ ပူကနဲ
ငုံထားမိ ချောကလက်
ရာဘာတုံးကြီးဖြစ်သွား
အသာကလေး အသက်ရှူအောင့်ထားခိုက်
နောက်ထပ်ဓားရောင် လက်ကနဲ
ဒင်းကလေး မျက်လုံးတချက်
သတိ
ကင်မရာခလုတ်ကို နှိပ်ချဖို့ မမေ့နဲ့
လက်ကနဲ ဝင်းပ
ဖလက်ရှ်ဂန်း ကျွမ်းသွား
ဒီမှာ
အလိုလိုနေရင်း သကြားတွေ
အရည်ပျော်ကုန်ရပါပြီကွယ်။

သည်မှာ
တို့ဆေးနဲ့ တို့ခံလိုက်ရသလို
မတ်တတ်ကြီး
ဝိုက်လက်သီးတွေ မေးရိုးပေါ်
ဆင့်ဆင့်ဝင်လာ
ဖျောက်ကနဲ
မှောက်သွားရပါပြီကွယ်
‘ဒိုင်း’ ကနဲ မိုးပေါ်ပျံတက်
‘ဒိုင်း’ ကနဲ ချောက်ထဲပြုတ်ကျ
မြေကြီးနဲ့ မထိခင် ပြန်ထိလုလုမှာ
ကြက်သွန်ခင်းပေါ် လူးလိမ့်ပေးလိုက်ရ
အို ... အိစက်ညက်ညော
ငါဟာ
တညလုံး မအိပ်ခဲ့ရတဲ့ ညကြီးပါကွယ်။

ခုတော့
ဓားရေးကျွမ်းသူ ဓားသမား
လျှပ်လက်သလို ဓားစွမ်းစွမ်းနဲ့
ခုတ်ချ
ထက်ပိုင်းပြတ်ကျသွားတာမှန်ပေမယ်

လဲကျဖို့ မေ့ခဲ့သူ
ငှက်ပျောပင်တပင်ဖြစ်ခဲ့ရပါပြီကွယ် ...
မင်းကလေး ဘယ်သူလဲ
ဘုရား ... ဘုရား ...
ဟောဒီ ငါ့ရင်အုံကြီး
ကုန်ကုန်ခမ်းခမ်းပါကွယ် ...
မင်းကလေး ဘယ်သူလဲ
ဘုရား ... ဘုရား .....
ငါ့မှာ
ပေါင်မုန့်ဝယ်သွားရင်း ပေါင်မုန့်ဖြစ်
ငါ့မှာ
လက်ဖက်ရည်ဝယ်သွားရင်း
လက်ဖက်ရည်ဖြစ်ရပေါ့ ...
မင်းကလေး ဘယ်သူလဲ
ဘုရား ... ဘုရား ...
ငါ့မှာ
“လယ်ထွန်သွား နွားမေ့” ဆိုစကား
ဘယ်ကလိမ့်မလဲ
နွားကို ငေါက်မယ့် ကိုယ့်အသံကိုယ်တောင်
သည်မှာ မေ့ကျန်မယ့်ကောင်ပါကွယ် ...။

အသက်ရှူမဝသလိုလို
အပမီလိုက်သလိုလို
အိုကွယ်
တိမ်တွေအားလုံး ငါ့ကိုယ်ပေါ်
ပြိုကျသလိုလိုပါကွယ်
အချစ်ကလေးရယ်
ငါ့လည်ပင်းကြီးကို ခင်းပေးလိုက်ပါ့မယ်ကွယ်
မင်းရဲ့ခြေထောက်အလှကလေးတစုံနဲ့
နင်းလျှောက်လိုက်ပါတော့
အဲဒီအချိန် ...။

ငါ့ ခပ်မျှဉ်းမျှဉ်း အသက်ရှူသံလေးကအစ
မင်းကို ချစ်နေမိပါပြီကွယ်
သူများ မိန်းကလေးတွေ မတတ်စွမ်းဘူး
လျှပ်တစ်ပြက်မင့်အပြုံး
ဝတ်မှုန်ကူး
အတိအကျ အပိုင်ပြုံးချက်တွေ
ရှောင်တခင်ပြုံးချလိုက်တဲ့
အပိုင်ပြုံးချက်တွေ
အဲဒါက ... ကွန်တဲ့လား
ဟောသည်က
တညလုံး မအိပ်ခဲ့ရတဲ့ ညကြီးက
ကွန်ထဲက ငါးပေါ့
ချစ်တယ်ကွယ် ...။

လက်ကလေးကို ဝှေ့ရမ်းပြီး
တယ်လီဖုန်း နီနီရဲရဲလေးကို
စွေ့ကနဲ ဖမ်းကိုင်လိုက်ပုံဟာလေ
လှလွန်း၊ လှပြီးရင်းလှလွန်း
ချစ်တယ်ကွယ် ...။

သက္ကလပ်ဦးထုပ်အညိုကလေး ခပ်စွေစွေဆောင်းလို့
မထေမဲ့မြင်ဟန် မျက်နှာရစ်သမ်လေးနဲ့
ပခုံးသားကို လှိုင်းကြက်ခွပ်တွေ တွန့်သလို
တွန့်တွန့်ပြီး စကားပြောတတ်တဲ့
မင့်ကိုယ်ဟန်အထည်ကလေး
ငုံထားပစ်လိုက်ချင်တော့တာပဲ
ချစ်တယ်ကွယ် ...။

ဆောင်းဦးပေါက် ခွေးပေါက်စလေးတွေ
နို့ဆာလို့ ချမ်းလို့
တအိုင်အိုင်
မင်းကလေးကို မမြင်ရရင်လေ
(ဆောင်းဦးပေါက် ခွေးပေါက်စလေးတွေလို)
ငါ့မလည်း တအိုင်အိုင်ရယ်ပါ
ချစ်တယ်ကွယ် …။

အလကားနေရင်း
သွားတိုက်ဆေးကို ဖျစ်ဖျစ်နေတော့တာပဲ
ချစ်တယ်ကွယ် ...။

တက်သစ်စ ကျွန်းကလေးလို အုံ့ဆိုင်းဝေဆာ
မို့မောက်ဖောင်းကားနေ မင်းကိုယ်လုံးကလေးမှာ
အပျိုစင်သွေးကလေးတွေ
ပတ္တမြားရည်လို
တဖျပ်ဖျပ် စီးလည်နေတာ
အဲဒါကလေးကိုလည်း
သည်က
တညလုံး မအိပ်ခဲ့ရတဲ့ ညကြီးက
ချစ်တယ်ကွယ် ...။

မင်းရယ်လိုက်တော့
လီမွန်ဘာလီရည် သောက်လိုက်ရသလိုပဲ
ချစ်တယ်ကွယ် ...။

အမေရေ ...
သင်းကလေးရဲ့ လှဂုဏ်ရည်ကြောင့်ရယ်
မနေနိုင်တဲ့ သားရင်အုံကြီးကြောင့်ရယ်
ချစ်မိတယ် ...
မိချောင်းကျောက်ခက်ပန်းရုံလို
မင့်ဆံပင်အုံကလေး
အမွှေးဖွားဖွား ရှဥ့်ကလေးများ
သစ်ရွက်သစ်ခက်ပေါ် ဆော့ကစားသလို
မင့်လည်တိုင်ပေါ် လှုပ်ရှားလို့
ချစ်တယ်ကွယ် ...။

ဂျွိုင်းဂျက်ကက်ကလေးနဲ့
တောရိုင်းပန်းပွင့်လိုဟန်နဲ့
စက်ဘီးပေါ် မင့်ကိုယ်ထည်ကလေး
ဝေ့ကနဲ ဝဲပျံတက်လိုက်တာများ
ငါ့တကိုယ်လုံး
သုံးသိန်းထီတွေ ပေါက်ကုန်ရပါပြီ
ချစ်တယ်ကွယ် ...။

တလုံးချင်း ခုတ်မောင်းနေတယ်
တလုံးချင်း
တလုံးချင်း
ခုတ်မောင်းနေတယ်
မင့်ရင်အုံ မင့်တင်သားတွေ
တလုံးချင်း ခုတ်မောင်းနေတယ် ...
ဟောသည်ကမ္ဘာကြီးပေါ်မယ်
ဘယ်လိုမြစ်တွေက ရေစီးကြမ်းသတဲ့လဲ
ငါ ထမ်းရ ထမ်းရပါကွယ်
မင်းကိုချစ်တယ် ...။

ငါလာမယ်
မင့်ချစ်ဝတ်မှုန်အိမ်ကလေးဆီ
အဲဒီ ကျောက်ကျောတုံတုံကလေးလို
မင့်နှုတ်ခမ်းသားတုံတုံကလေးဆီ
မင့်ကိုချစ်တယ် ...။

အသည်းနှလုံးကို ခလုတ်တိုက်
မင်းကလေး
အား ...
ပင်နယ်ဆလင် အလုံးတရာ ထိုးထားသလို
နာလှချည်ရဲ့ ...
မင့်နာမည်ကလေး ခေါ်နေလိုက်လို့
ငါ့မှာလေ
ရထားမမီ ကားမမီ
လေယာဉ်ပျံမမီ
သေခြင်းတရားမမီ
မမီဘူး
ဘာမှမမီတော့ပါဘူးကွယ် ...။

အကျင့်မရှိဘဲ ဝိတ်မပြီး နောက်တနေ့
တကိုယ်လုံး နာကျင်ကျန်ရစ်သူလို
တဘဝလုံး ...။

ယူပါကွယ်
လည်ဆွဲမဟုတ်ဘူး
ပုတီးကုံးကလေးမဟုတ်ဘူး
ဆွဲခြင်းကလေး
ငါ့အသည်းနှလုံးကို ထည့်ဆွဲသွားဖို့
ဆွဲခြင်းကလေးပဲ
ယူသွားပါကွယ် ...။

ကမ္ဘာကြီးရေ ...
ကျနော်လည်း မှားတော့မယ်
သူ့အသီးက အလွန်ကို ထွားပါတယ်
ချစ် ... ချက် ... ချောက်
ချစ် ... ချက် ... ချောက်
ချစ် ... ချက် ... ချောက်
ချစ် ... ချက် ... ချောက်
လာနေပြီ
လာနေပြီ
လှပသူသစ်ပင်ကလေး
တပင်လုံး
တအုံလုံး ရွှေ့လာနေပြီ
အဝေးမြင်ကွင်းပေမယ့်
ထင်လင်းလှချည်ရဲ့ ...။

ငါဟာ
နာရီအိုကြီးတလုံးထဲက မြည်သံဖြစ်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
ငါ့ရင်အုံပေါ် ငါ့ရင်အုံကြီးပေါ်
မြင်းပြိုင်ကွင်းလို သဘောထား
တက်ကလောက်
တက်ကလောက်
သူကလေး လာနေပြီ ...။

ငါ့ရင်ထဲမှာ
တက်ကလောက်
နီးလာပြီ
နီးလာပြီ
တဖြည်းဖြည်း
မနှေးမမြန်ကလေး
မမြန်မနှေးကလေး
ငါဟာ ကောင်းဘွိုင်လို မြင်းစီးသမားဖြစ်
ဒိန်းတပ်တပ်
ဒိန်းတပ်တပ်
ဒိန်းတပ်တပ်
ဒိန်းတပ်တပ်
ငါဟာ ဒရမ်မာ (ဗုံတီးသမား) ဖြစ်ခါ
ငါ့ရင်အုံ ငါ ပြန်တီးမိ
လောကကြီး ချက်ချင်းလင်းပေးသွား
လောကကြီး ချက်ချင်းမှောင်လိုက်
လောကဓာတ်ကြီး ချက်ချင်းလင်းပေး
ငါ့အချစ်မှာ
ညမရှိဘူး ...
ဘယ်ဘဝက သွေးလည်း
သိလား
သင်းကလေးကို ချစ်မိ
အညတရပါ ...။

မင်းကလေးရဲ့ ရင်၊ တင်၊ ခါး
အတိုင်းအတာဖြင့်
ဂရင်းနစ်စံတော်ချိန်ပေါ့
မင်းကလေးရဲ့ ရင်ဘတ်ကြယ်သီးတွေ
ထွားလွန်း
တလမ်းလုံး မွှေးသွားတယ်
မင်းကိုယ်နံ့တွေကြောင့် လမ်းမှာ
မွှေးခွင့်ရ
လာပြီ
သင်းကလေး လာနေပြီ ...။

ဆံပင်ကလေး ခါလိုက်တာ
ကဗျာ
မင်းကလေး တချက်ပြုံးလိုက်တာ
ငါ့လယ်ယာထွက်သီးနှံတွေ
အကုန်လုံးဖွံ့ထွားကြီးမားကုန်ရပါပြီ၊
မင်းကလေးဟာ
ပွဲတော်ထဲက မြို့ကလေးပါ
မင်းကလေးမျက်ခွံပေါ်
ငါ နေခိုပါရစေတော့
မင်းဆံပင်ကလေးနမ်းပြီးမှ
အသက်ရှင်ရမယ့်သူပါကွယ်
ချစ်တယ် ...။

ဟော ...
ကောက်နေတဲ့လမ်းတွေ ဖြောင့်သွားပေါ့
လာနေပြီ
ငါ့နွေဦးပေါက်အသစ်စက်စက်ကလေး
လာပြီ
လာပြီ
ငါ့နွေဦးပေါက်ကလေးလာနေပြီ
ပန်းပွင့်သံတစီစီ
ပေါက်ပွင့်သံ ဒိုင်းကနဲ
ငှက်အမျိုးမျိုးပျံဝဲပုံနဲ့ သစ်ရွက်တွေ
ဝဲပျံကြ
အသီးသစ် အရွက်သစ်တွေ
ပျားရည်ရွှဲကြလို့
အလင်းလှ
အလင်းပြေပြေ ချောချောကလေး
ပျားအုံဘရန်ဒီအရက်ကလေးထွေထွေနဲ့
တောက်စား
အဲသလို နွေဦးပေါက်ကလေး
အဲသလို နွေဦးပေါက်သင်းကလေး
လာနေပြီ ... ...။

မိန်းမဆိုတာ
သည်လိုဝပ်အား
ခပ်များများနဲ့မှပေါ့ ...
ခြေသဲကလေး ဝိုင်အိုလက် ပန်းခရမ်းရောင်
ခြေထောက်အုအုကလေးမှာ
ရွှေလိမ္မော်သီးဖိနပ်နဲ့တင့်
သစ်တောစိုက်ခင်းတခင်းလို
ခြေသလုံး ဝ၀ကစ်ကစ်မှာ
မွှေးညင်းနုကလေးတွေစီရီ
လေက ပွတ်သပ်လိုက်တိုင်း
စီးချက်ညီညီက ...။

ပြီးရင်
မြင်ရမှာက
ရွှေပိုးကောင်ဂုတ်သားအရောင်လုံချည်
လှိုင်းအိလို့
သင်းကလေး ပေါင်သားပေါ်အိလို့ ...။

ပြီးရင်
စရွေးကိုက်ပြီး
ရွှေဘော်ထိုးပြီး
ပါလစ်သုတ်ပြီး
ပွတ်လုံးလို
လုံးကျစ်ဝန်းဖုတဲ့
တင်သားတင်းတင်းကလေး
ရွလို့ ...။

ပြီးရင်
ခါးကလေး
ခါးသားကလေး
ခါလို့ ...။

သည်ခါးကလေးပဲဖြစ်မှာ
သည်ကမ္ဘာကြီးကို ဆွဲကိုင်လှုပ်ရမ်းခဲ့တာ
သည်ခါးကလေးပဲဖြစ်မှာ
သည်ကမ္ဘာကြီးကို တဒီးဒီး လည်စေခဲ့တာ
သည်ခါးကလေးပဲဖြစ်မှာ
သည်ကကောင်ကြီးရဲ့ အသည်းကိုလေ
ခဲကလေးလို
ရေပေါ်ရှပ်ရှပ်ပစ်ကစားတာ
သည်ခါးကလေးပဲ
သည်ခါးကလေးပဲ
သိပ်သေချာပါတယ်
အဲသည်ခါးကလေးပဲပေါ့ ...။

ရေကျချိန်
မို့မောက်ပြီး ခုံးခုံးကလေး ကျန်ရစ်ခဲ့
ထွန်းသစ်စ သောင်ခုံမို့မို့လို ရင်သား
တင်းလို့
အဲသည်ဝင်းပရင်သားအထက်မှာပေါ့
ဂျက်လေယာဉ်တွေ
ဂျက်လေယာဉ်တွေ
တစီးပြီး တစီး
ပျက်ပျက်ကျရာ
မျက်နှာလွင်ပြင်လေး
ဝင်းပ ...။

ဟုတ်တယ်
သင်းကလေးမျက်နှာဟာ
နှလုံးသားဂျက်လေယာဉ်တွေ
တစီးပြီး တစီး
ပျက်ပျက်ကျရာ လွင်ပြင် ...။

အမေရေ ...
အမေ့သားမလဲ
သင်းကလေး မျက်နှာလွင်ပြင်ပေါ်
ဘဝတခုလုံး
ပျက်ကျရ လေယာဉ်တစီးပေါ့ ...။

မိုးစပ်စပ်ကလေးရွာပြီးကာစ
နေရောင်အဝါက
စပေါ့လိုက်တခုလိုထိုးပြထား
ငုပင်
သည်ငုပင်က ငုပွင့်ငုဖတ်တွေ
တဖြာဖြာခါဆင်းပုံမျိုး
သင်းကလေး
လှမ်းလျှောက်လို့ လာနေခဲ့ပြီ ...။

ဒါဟာ
ငါ့နွေဦးပေါက် အသစ်စက်စက်ကလေးပေါ့
ဒါဟာ
ငါ့ဂေါ်ဖီခင်း ထွေးထွေးထပ်ထပ်ကလေးပေါ့
ဒါဟာ
ငါ့အသည်း ပလုတ်တုတ်ဖြစ်ပုံ ရှုမျှော်ခင်းကလေးပေါ့ ...။

အမေရေ ...
၁၆ အောင်စ အလေးချိန်ရှိတဲ့
သားရဲ့နှလုံးသားလေးဟာ
သူကလေးလှုပ်ကစားမှ
ပျော်ရတဲ့
သူ့လက်ထဲက
ပလုပ်တုတ်ကလေးဖြစ်နေရတာ
ဘယ်ရှေးကုသိုလ်ဆက်လဲဟင် ...။

“ဒါက ဘာလဲ”
(သင်းကလေးအသံလေ)
လက်ကလေးနဲ့ ပွေ့ယူလိုက်သလိုပေါ့
“ဖိတ်စာ”
(ငါ့အသံလေးပါ ...
အကြောက်တရားနဲ့ မွေးဖွားလာသမို့
အသံဖြစ်ရုံတင်လေးပေါ့ ...)
“ဖိတ်စာ ... ပါ”
“ဖိတ်စာ ... ပါ”

“ပေး”
(သင်းကလေးအသံပါ)
ငါ့သောတာရုံတခုလုံး
ပန်းရုံတရုံဖြစ်သွား ...။

ငါ့အသည်းနှလုံး ငါ့ဘဝ
မင်းမျက်ဝန်းလေးထဲ
ပစ်ထည့်မိ။

ပြန်ဆွဲနှုတ်ကြည့်တော့
အသည်းနှလုံးရော ဘဝရော
တခုမှပြန်ပါမလာတော့ဘူး ...။

မြေပဒူအောင်း တွင်းထဲ
ခြေထောက်ကျွံကျခဲ့သူ မုဆိုးခမျာ
ပြန်ဆွဲနှုတ်တော့
ခြေထောက်ပြန်ပါမလာတော့သလိုလေ
ဒါပေမယ့်
ချစ်တယ်ကွယ် ...။

ငါ့အိတ်ကြီးထဲ
ငါ့အက်ႌထဲ
အချစ်တွေပါတယ် ...။

ငါ့အသားတွေ ပွတ်သပ်တိုက်ခတ်သွားတဲ့လေမှာတောင်
အချစ်တွေပါတယ် ...။

ငါ့အဆုတ်ထဲ
အချစ်တွေ ပြည့်ဖောင်းလို့
အချစ်တွေနဲ့
ငါ့အဆုတ်ကြီး ပြည့်ဖောင်းလို့ ...။

သင်းကလေး
တသွင်သွင်စီးဆင်းပုံဟာ
တသက်လုံး ငါ့မှာ ချစ်မှားယွင်းခဲ့
အလကားပါ
ဘဝတလျှောက်လုံးလောက် ချစ်မှားယွင်းသင့်တာပေါ့ ...။

မြောက်ဥက္ကလာဟိုးမားက
ငါ့မိတ်ဆွေ ဖိနပ်ချုပ်သမားလေးရေ ...
ငါ့အသည်းနှလုံးကို ပေးပို့လိုက်ပါရဲ့
အလှဆုံး ဖိနပ်ကလေးတရံ
အမြန်ဆုံးချုပ်ပေးပါ
သူကလေး စီးဖို့ပါကွယ် ...။

တယ်လီဗေးရှင်းထဲမှာလည်း
ငါ မင်းကို ရှာတယ်
တယ်လီဖုန်းလေးထဲမှာလည်း
ငါ မင်းကို ရှာတယ်
မိုက်ကရိုဝေ့စလောင်းကြီးထဲမှာများ
မင်းကိုယ်ရိပ် ကိုယ်ရောင် ရှိမလား
ငါမော့ကြည့် အနံ့ခံမိတယ်။

ဆ.သ.ရ ကိုလည်း
အကြောင်းကြားထားပါတယ်
သူကလေးကိုတွေ့ရင်လေ
အမြန်ဆုံးသတင်းပို့ပါလို့ ...။

အလှဆုံး ဇာပန်းကွက်ကလေးတွေ
တခုပြီး တခု
ငါ့စိတ်ရဲ့ပိတ်သားပေါ်
မင်းတိုးဖွဲခဲ့ပါလားကွယ် ...။

သစ်ကြားသီးလေး ပူနွေးနေပုံဟာလေ
မင်းကိုယ်ထည်အနွေးဓာတ်ကလေးလား
သစ်ကြားသီးလေး စားမိတုန်းအခါ
ငါခံစားရပုံများ
ဖရိုဖရဲ အုတ်ပုံတွေလို
ငါ့မှာ
“အင်ထရိုပီ” တွေ မြင့်ကုန်ရပါပြီကွယ် ...။

ခဲတန်ချွန်စက်ထဲက ထွက်လာစ
ခဲဆံလို
ကိုက်ခဲပါကွယ်
အဲသည် သွားထက်ထက်ကလေးတွေနဲ့
ငါ့အသည်းနှလုံးကိုလေ
ကိုက်ခဲပါကွယ် ...။

အို ... ဘာဖြစ်လို့များ
မင်းညကို ငါချစ်မိပါလိမ့်
ဒါ ငါ မမျှော်လင့်ခဲ့ဘူး
ဒါ မျှော်လင့်လို့ မဟုတ်ခဲ့ဘူး
လုံးလုံးမဟုတ်ခဲ့ဘူး
ထူးဆန်းလှချည့် ...။

ဒါ ငါမသိခဲ့
ငါ့နှလုံးသား ဘာဘီကျူမီးဖိုဖြစ်
လှိုင်းသစ် ဝင်ပြေး ပင်လယ်ရင်ခွင်
ဘယ်သူသိသလဲ
ဘယ်လောက်ကောင်းတယ်ဆိုတာ ...။

စိတ်ကူးယဉ်နေတုန်း ရင်ဘတ်ပေါ်
ကြွက်ပေါက်စ နီနီရဲရဲလေးတွေ
ရုတ်တရက်ပြုတ်ကျ
လန့်ခုန်
အူတွေယားလို့
ငါ့မှာ အူတွေ အထပ်ထပ်ယားလို့ ...။

စိတ္တဇဆေးရုံကုတင်ပေါ်မှာတဲ့
ငါ့ကို လူတွေကပြောကြ
ဘယ်ဟုတ်ရမလဲ
ငါဟာ မေတ္တာလမ်းပေါ်ရောက်နေတာပါ
အိမ်နံပါတ်က
၁၅၀ဝ လေ ...။

လူတွေဟာ ခက်ပါတယ်
သည်လောက်ရိုးရိုးစင်းစင်းလေးတောင်
မသိကြချေဘူး
ခက်တယ် ...
အိပ်မက်တွေ ခြောက်ဆင့်မက်
ညကျရင် အိပ်မက်ထဲမှာ
တဝကြီး သင်းကလေးနဲ့ ...။

အချစ်နဲ့ပတ်သက်ရင်
နပိုလီယံဆိုတဲ့ကောင်ဟာ
ငါ့ဘယ်မီမလဲ
မြို့တွေရွာတွေ
တမြို့ပြီး တမြို့ရပေမယ့်
သိတယ်မှုတ်လား
သင်း ချစ်သူ ဂျိုးဇက်ဖင်းဆီတော့
နပိုလီယံဟာ ကျဆုံးခဲ့တယ်မှုတ်လား ...။

ငါကတော့
ငါ့ချစ်သူလေးလက်ထဲ
မြို့တွေရွာတွေ
အကုန်လုံး ပုံပေးထားတဲ့ကောင်
ဘယ်ကောင် ယှဉ်ရဲသလဲ ...။

ညည အိပ်မရဘူးကွယ်
အိပ်ခန်း ခန်းစည်းလေးကို လေတိုးတိုင်း
ကြည့်စမ်း
မင်းအပြုံး အရမ်းပဲမွှေးလာ
ကောင်းကင်ကို မော့ကြည့်တော့
မင်းအပြုံးတွေ
ကောင်းကင်အပြည့်
အသည်းလေးရယ်
မင်းကလေးဟာ လမင်းအသစ်ပါကွယ် ...။

သိပြီ သိပြီ
မင်းလေးကြောင့်
သည်ကောင် ရင်ခုန် မိုးလုံးပြည့်
ငါ့ချစ်စိတ်တွေ လွှင့်ပစ်မရတော့ဘူး
ဆိုး ...
သွားနှုတ်ဆရာက
မနာမကျင်အောင်
ကျွမ်းကျွမ်းကျင်ကျင် သွားနှုတ်ပုံမျိုးခံရ
သွားတပြုံလုံး ကုန်သွားပေမယ့်
ငါ့မှာ
သွားတွေရှိသလို အားကုန်ပြုံးမိ
ပစ်ရက်စရာ မရှိအောင်ပဲ
ငါ့အဖြစ်ကဆိုး
ချစ်တယ်ကွယ် ...။

မိုးအသစ်တွေ ရွာသွန်းဖြိုး
ရေသစ်တွေ မြစ်ဖြစ်
ဒါ ငါ့ရင်ခွင်လေ ...။

အဆုံး
အဆုံးရဲ့အဆုံး ခုံးခုံးပေါ်မှာ
ဒါ ဘယ်သူ့ကောင်းကင်တဲ့လဲ
ဝင်းပ
ဝင်းပ မင့်အပျိုရည်ကလေး
ဘယ်လဲ
ဘယ်ရောက်သွားပြီတဲ့လဲ
အဲဒါဟာ
အပင်ပေါက်သွားပြီလားကွယ် ...။

ဟေ့
ကောင်းကင်ပြာလေး
ငါ့ကို တခုခုပြောစမ်းပါ
ပြောခဲ့စမ်းပါ
ဟောသည်က သွေးခဲတခဲကို
ပြောခဲ့စမ်းပါ
အနာတခုကို အနာတခုနဲ့
ကုသရတယ်လို့
သည်သွေးခဲတခဲကိုလေ
ပြောခဲ့စမ်းပါ ...။

ခုတော့
ဓားပေါက်ဝိဇ္ဇာရဲ့ ဓားပေါက်ချက်တွေထဲ
ငါ့မှာ
အသည်းတယားယား
ကြက်သီးတဖြန်းဖြန်း မှန်တွေကွဲ
ဓားပေါက်ချက်တွေထဲ
ငါ့မှာ
လောကဓံတရားကိုတွေ့
ငါ့အသည်း
ကျောက်စရစ်ခဲလေးဖြစ်ကျန်ရစ်ခဲ့
ချစ်တယ်ကွယ် ...။

ငါ့အသက်
မင်းလေးလက်အပ်နှံထား
အထပ်ထပ်ခွဲစိတ်
လွှာချ
တလွှာပြီးတလွှာ
လွှာချ ...
အို ... အသည်းခွဲစက်ကလေးရဲ့
သိပ္ပံနည်းကျ မင်းပြုစား
ငါ့ရင်ခေါင်းကြီး တခုလုံး
ရန်သူမလေးရယ်
ချစ်အခိုးတွေ အလိပ်လိုက် အလိပ်လိုက်
ထကုန်ရပါပြီ
ငါ့မှာ
ချစ်ပြီးရင်း ချစ်ရင်း
ချစ်တယ်ကွယ် ...။

ငါ့ကို ဘဝကူးသွားပြီတဲ့
လူတွေက
လူတွေဟာ အတော်ကြီးကို ခက်တယ်
ငါ မပြောဖူးလား
အရာရာဟာ တွန့်လိမ်ကောက်ကွေးပြီး
သေးမွှားသွားရုံကလွဲပြီး
ဟောဟို ... နေအောက်မှာ
ဘာမှမဆန်းသစ်ဘူးဆိုတာ
မသိကြရှာဘူး ...။

သည်မှာ ... ပြောလိုက်မယ်
တွေ့လား ...
အက်စစ်နဲ့ နှလုံးသားကို ပက်မှ
လူဟာသေတာ မဟုတ်ဘူး
ပန်းတပွင့်ရဲ့ ဝတ်မှုန်တမှုန်နဲ့ထိလဲ
သေတယ်ဆိုတာ
သင်းတို့ သိသွားစေရမယ် ...။

တညလုံးမဟုတ်ဘူး
ဆယ်ဘဝ ဆယ်ညလုံး မအိပ်ရရ
ချစ်နေမှာပဲ
သိကြ ... သိကြ
ချစ်တဲ့အကြောင်းကို
တဘဝလုံး အကုန်ခံပြီး
အကျယ်ကြီး အော်ပြောသွားတဲ့ကောင်
ဝံ့စားကြလား ...။

အော်ပြောလိုက်မယ်
ချစ်တဲ့အကြောင်းကို အော်ပြောလိုက်မယ်
သင်းကလေး တကိုယ်လုံး
ချစ်စရာချည်းပဲ
ချစ်တဲ့အကြောင်းကို
အကျယ်ကြီး အော်ပြောလိုက်မယ်
အချစ်နိုင်ငံကူးလက်မှတ် အမြန်ထုတ်ပေးပါကွယ် ...။

ဝင်းပပါ ... ဝင်းပပါ
ငါ့အသည်းနှလုံး Betelgues ကြယ်ကလေးရဲ့
စွတ်စို စိုထိုင်း
ငါ့မှာ ထွန့်ထွန့်လူး
ငါ့အချစ်တွေ
တိတ်တခိုးကြီးထွန်းလင်း
အိုး ... တိတ်တခိုးကြီးပါလားကွယ်
သိကြ
ခု ငါ့ချစ်သူလေး ရင်အုံထဲ
တနေ့ကို အကြိမ်တသိန်းတိတိ
ခုန်ပေါက်နေတဲ့ အသည်းနှလုံးဟာ
ငါ့အသည်းနှလုံးစစ်စစ်ပဲ ...။

သူငယ်ချင်းတို့ရေ ...
ဘုရားသခင်စားနေကျ
တော်ဝင်တဲ့ အစားအစာကို
ကိုက်ချီဖို့ ကြိုးစားတဲ့
ခွေးတကောင်ရဲ့ဇာတ်လို့
မှတ်လိုက်ကြပါတော့ကွာ ...။ ။

မောင်ချောနွယ်

Monday, January 13, 2014

ခွင့်လွှတ်ချင်းများနဲ့


 
ဘယ်လိုပဲဖြစ်စေ လူတွေဟာမကြာခဏအကျိုးသင့်အကြောင်း

သင့်မဟုတ်တာတွေလုပ်တတ်သလို ယုတ္တိမတန် အတ္တဆန်တဲ့

လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်။...

ဘယ်လိုပဲဖြစ်စေ ………. သူတို့ကိုခွင့်လွှတ်လိုက်ပါ။

သင်ကသနားကြင်နာတတ်ရင် လူတွေကသင်ဟာ တစ်ကိုယ်ကောင်းစိတ်ရှိသူ

ဟန်ပြကြင်နာပြနေသူလို့ စွပ်စွဲလာကြလိမ့်မယ်။

ဘယ်လိုပဲဖြစ်စေ ……. သနားကြင်နာမြဲသနားကြင်နာပါ။

သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင် မိတ်ဆွေတုတွေရလာနိုင်သလို

ရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်။

ဘယ်လိုပဲဖြစ်စေ ………. အောင်မြင်အောင်ဆက်ကြိုးစားပါ။
လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်။
ဘယ်လိုပဲဖြစ်စေ ……… ရိုးသားဖြောင့်မတ်ပါ။

သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ ဘ၀တစ်ခုကို
တစ်ဦးတစ်ယောက်က နေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ ……. တည်ဆောက်မြဲတည်ဆောက်ပါ။

သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကို ရှာဖွေတွေ့ရှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်။ဘယ်လိုပဲဖြစ်စေ ……. စိတ်အေးချမ်းအောင်နေပါ။

သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်။
ဘယ်လိုပဲဖြစ်စေ …… .ကောင်းတာကိုပဲဆက်လုပ်ပါ။

လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး။
ဘယ်လိုပဲဖြစ်စေ ...… လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။

နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့ သင်မြင်တဲ့အတိုင်းပါဘဲ
သင်နဲ့ တရားသာ အတူရှိတော့တာပါ။

ငါ ၊မင်း ၊သူတစ်ပါးအကြားမှာ ဘာမှမရှိပါဘူး။

ခွင့်လွှတ်ချင်းများနဲ့ ဘ၀ကိုတည်ဆောက်နိုင်ကြပါစေ။

(နိုဘယ်ဆုရှင် မာသာထရီဆာ
ရဲ့မိဘမဲ့ ဂေဟာ တစ်ခုတွင် ချိတ်ဆွဲ ထားသော ကဗျာ )

Tuesday, October 15, 2013

ဂန္ဓီ ၏ စိတ်နေသဘောထား

http://www.biography.com/imported/images/Biography/Images/Profiles/G/Mahatma-Gandhi-9305898-1-402.jpg 


တခါကဂန္ဓီဟာ ခရီး တခုကို ရထားစီး သွားဖို့ ရထားဘူတာကို ရောက်လာခဲ့ပါတယ်။ သူရောက်လာတယ်ဆို
ရင်ပဲ ရထားက စတင်ပြီး ထွက်ခွါဖို့ ဘီးစလှိမ့်နေပြီ။ ဒီတော့ ဂန္ဓီကြီးလည်း ရထားပေါ် ကမန်းကတန်းတက်လိုက်ရတယ်။ ရထားခြေနင်းခုံနဲ့ သူ့ရဲ့ခြေထောက်တဘက်တိုက်မိပြီး သူ့ရဲ့ဖိနပ်တဖက် ဟာ ရထားအောက်သံလမ်းပေါ်သို့ ကျသွားခဲ့တယ်။ဒီတော့ ကျန်နေတဲ့ ဖိနပ်တဖက်နဲ့ ဂန္ဓီ ရထားပေါ်ကို သေချာရောက်သွားတယ် ဆိုရင်ပဲ ဂန္ဓီက ကျန်နေခဲ့တဲ့ ဖိနပ်တဖက်ကို ကမန်းကတန်းချွတ်လိုက်ပြီး စောစောကကျသွားတဲ့ ဖိနပ်ရှိမှန်းသိပြီး ကျန်နေတဲ့ ဖိနပ်ကိုပစ် ချလိုက်ပါတယ်။ သူ ဒီလိုလုပ်တာကို ဘေးမှာ ရှိနေတဲ့ လူတယောက်တွေ့တော့ “ဘာလုပ်တာလဲဗျ…။ ဘာဖြစ်လို့ ကျန်နေ တဲ့ ဖိနပ်တဖက်ကို လွှင့်ပစ်လိုက်ရတာလဲ။” လို့မေးတယ်။ အဲဒီအခါမှာ ဂန္ဓီကြီးက အခုလိုပြန်ဖြေခဲ့သတဲ့။ “ကျနော့်ဆီမှာ ကျန်နေခဲ့တဲ့ဖိနပ်က ဘာမှလုပ်လို့မရတော့ ဘူးလေ။ ဒီတော့ ခုနကျသွားတဲ့ ဖိနပ်နေရာနားရောက်အောင် ကျန်နေတဲ့ ဖိနပ်တစ်ဖက်ကို ပစ်ထားခဲ့လိုက် တော့ တွေ့တဲ့သူက ဖိနပ်တရံ ဆိုရင် စီးလို့ရတာပေါ့ဗျာ။” “တဖက်တည်းဆိုရင် ကျနော့်အတွက်လည်း တယ်… အသုံးမ၀င်လှဘူး။ အခြားသူလည်း အသုံးမ၀င်ဘူး လေ။ အခုလို တရံလုံးရတော့ သူ စီးလို့ရသွားတာပေါ့။” လို့ပြန်ဖြေခဲ့ပါတယ်။

Tuesday, October 8, 2013

သမ္မတအေဗရာဟင်လင်ကွန်း ၏ စိတ်ဝင်စားစရာကောင်းတဲ့အချက်များ

http://upload.wikimedia.org/wikipedia/commons/1/1b/Abraham_Lincoln_November_1863.jpg 


အမေရိကန် သမ္မတအေဗရာဟင် လင်ကွန်း ဆိုရင်တော့ဖြင့် လူတိုင်းသိကြမှာပါ။ သူ့အကြောင်းရေးထားတဲ့ စာအုပ်စာပေတွေလည်းများစွာရှိသလို သမိုင်းဆရာအများစုကလည်း သူ့ကိုအမေရိကန်ရဲ့ အကြီးကျယ်ဆုံးသောသမ္မတအဖြစ် ရည်ညွန်းရေးသား ကြပါတယ်။ ဒီဆောင်းပါးမှာ တင်ပြချင်တာကတော့ လင်ကွန်းရဲ့ လူသိနည်းသေးတဲ့ တနည်းအားဖြင့် သမိုင်းစာအုပ် တွေထဲမှာ သိပ်မပါတဲ့ စိတ်ဝင်စားဖွယ် အဖြစ်အပျက်တချို့ပါပဲ။သမ္မတဟာ ငွေဝယ်ကျွန် ဆိုတဲ့အရင်းရှင်စနှစ် ကိုဖြတ်သိမ်းခဲ့တယ်။ ဒါကြောင့်လည်း အမေရိကန်တောင်ပိုင်းသားအရင်းရှင် လူတစုရဲ့လုပ်ကြံတာကိုခံရပြီး သူ့ရဲ့သမ္မတသက်တမ်းတလျှောက်မှာလည်း အခက်အခဲဆုံးဖြစ်တဲ့ ပြည်တွင်းစစ်ပွဲကြီးကိုရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့လည်း သူဟာ ဒါတွေကိုကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တယ်။ လင်ကွန်းဟာစိတ်သဘောထား နူးညံ့တယ်။သနားကြင်နာတတ်တယ်။သည်းခံတတ်တယ် ဒါပေမဲ့လူညံ့တော့ မဟုတ်ဘူး။ တဖက်လူနဲ့ပြောဆိုရာမှာ ယဉ်ကျေးသိမ်မွေ့တယ်။ဒါပေမဲ့ မိမိရဲ့ခံယူချက်နဲ့ အယူအဆတွေ ကိုတော့ တပြားသားမှ အလျှော့မပေးဘူး။ အမှန်တရားနဲ့ပတ်သတ်လာလျင် အဆုံးအစွန်ထိ ပြီးမြောက်အောင် ဆောင်ရွက်တတ်သလို နိုင်ငံရေးနဲ့ပတ်သတ်လျင်လည်း တည်ကြည်ခိုင်ခံ့တဲ့ အယူအဆတွေရှိတယ်။ ကိုယ်တိုင် အတွက်လည်း ကိုယ်ကျင့်တရားနဲ့ပတ်သက်၍ တိကျပြတ်သားတဲ့ စံသတ်မှတ်ချက်တွေရှိတယ်။ ကဲ..သမ္မတရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ တချို့သောအချက်လေးတွေကိုကြည့်ရအောင်။
၁။လင်ကွန်းလုပ်ကြံခံရခြင်းနဲ့ သဘာဝလွန်ဖြစ်ရပ်။လင်ကွန်းကို ၁၈၆၅ ခုနှစ် ဧပြီ ၁၄မှာ လုပ်ကြံခံရတာပါ။ Ford's Theatre မှာသရုပ်ဆောင်တဦးဖြစ်တဲ့ John Wilkes Booth ရဲ့လက်ချက်နဲ့ ဦးခေါင်းမှာ သေနတ်ဒါဏ်ရာရပြီး
သေဆုံးခဲ့တာပါ။သူလုပ်ကြံမခံရခင် တစ်ပတ်လောက်အလိုမှာ လင်ကွန်းက အိမ်မက်တခုကိုမက်ခဲ့တယ်။ အိမ်မက်ထဲမှာ အိမ်ဖြူတော်မှာ
ရှိတဲ့ စစ်သားလေးတစ်ယောက်ဟာ အခေါင်းတခုနားမှာ ငိုကြွေးနေတာကိုတွေ့ရသတဲ့။ သူလည်းအဲဒီစစ်သားလေးအနားကိုသွားပြီး ဘာကြောင့်လဲ
မေးတော့ အဲဒီစစ်သားလေးက သမ္မတကြီးသေဆုံးသွားလို့ ငိုနေရကြောင်းပြောတယ်။ ဒါနဲ့သူလည်း အခေါင်းထဲကိုလည်းကြည့်လိုက်ရော
အလောင်းရဲ့မျက်နှာဟာသူ ရဲ့မျက်နှာပဲ ဖြစ်နေသတဲ့။ ဒါကတော့ သဘာဝလွန်ဖြစ်ရပ်လို့ပဲပြောရလိမ့်မယ်။
၂။ စိတ်ဓာတ်ကြဆင်းမှုတွေနဲ့ရုန်းကန်ခဲ့သူလင်ကွန်းလင်ကွန်းကိုအများစုကရယ်စရာတွေ ပြောတတ်သူ၊ ပုံတိုပတ်စတွေပြောပြီးသူ တပါးကိုပျော်ရွှင်အောင်လုပ်တက် သူအဖြစ်ပဲသိကြပါတယ်။
တကယ်တော့ လင်ကွန်းဟာ စိတ်ဓာတ်ကျမှု(deep depression)ကိုပြင်းပြင်းထန်ထန် ခံစားရလေ့ရှိသူဖြစ်ပါတယ်။ လင်ကွန်းဟာ တချို့သော ဟောပြောပွဲတွေမှ
ခံစားချက် ပြင်းထန်တဲ့ ကဗျာတွေ ဆိုပြတတ်သလို ကိုယ့်ကိုယ်ကိုသတ်သေတဲ့ အကြောင်းတွေလည်း မကြာခဏ ပြောပြလေ့
ရှိတတ်တယ်။ လင်ကွန်းရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ William Herdo ကလည်း "လင်ကွန်းဟာ လူမှန်းသိတတ်စအရွယ်ကတည်းက စိတ်ဓာတ်ကျဆင်းမှုတွေ
ခံစားရလေ့ရှိသူဖြစ်တယ်။ လို့ပြောပြဖူး ပါတယ်။ကဲ ဒါကြောင့်သူငယ်ချင်းတို့လည်းစိတ်ဓာတ်ကျစရာတွေခံစားလာရရင် သမ္မတ လင်ကွန်းတောင်
စိတ်ဓာတ်ကျ တတ်သေးတာပဲလို့သာဖြေယူနှစ်သိမ့်ပေတော့။
၃။တိရ စ္ဆာန်ချစ်တတ်သူ လင်ကွန်းလင်ကွန်းဟာ ထောင်ထောင်မောင်းမောင်း သန်သန်မာမာနဲ့ နဗန်း သမားလို ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ပေမဲ့ သူဟာ တိရစ္ဆန် တွေကိုချစ်တတ်သူပါ။
ငါးမျှားတာတို့ အမဲပြစ်ထွက်တာတို့လဲ မနှစ်သက်ပါဘူး။ သူ့ရဲ့အိမ်ဖြူတော်မှာ ခွေးတွေ ကြောင်တွေ မြင်းတွေ ကိုသာမွေးထားရုံတင်မကပဲ
ကြက်ဆင်တွေပါ မွေးထားလေ့ရှိတယ်လို့ ဆိုကြပါတယ်။
 
၎။အရပ်အရှည်ဆုံး အမေရိကန်သမ္မတ လင်ကွန်းအရပ် ၆ပေ၄လက်မရှိတဲ့ လင်ကွန်းဟာ အမေရိကန်သမ္မတတွေထဲ မှာ အရပ်အရှည် ဆုံးပါ။ စတိုဗီပိုက် အုပ်ထုပ်ရှည်မျိုး ဆောင်းလေ့ ရှိတဲ့ လင်ကွန်းဟာ အများကြားထဲမှာ အမြဲထိုးထိုး ထောင်ထောင်ဖြစ်နေတတ်ပါတယ်။ ပုံမှာကြည့်ပါ။ ဦးထုပ်ရှည်မပါ နဲ့တောင် လူအုပ်ထဲမှာ သူများထက် ခေါင်း တစ်လုံးပိုရှည်နေတဲ့ လင်ကွန်းကို မြင်နိုင်ပါတယ်။
၅။သူသေကိုယ်သေဓားချင်းယှဉ်ခုတ်တဲ့လင်ကွန်းသူသေကိုယ်သေဓားချင်းယှဉ်ခုတ် တယ်ဆိုတာ တကယ်တော့မိုက်ရူးရဲဆန်တဲ့ ကိစ္စတခုပါ။ ဒါမျိုးကို လင်ကွန်းဟာ လူငယ်ဘဝမှာ ကျူးလွန်ခဲ့ဖူးပါတယ်။ ၁၈၄၂ ဝန်းကျင်မှာလင်ကွန်းဟာ စာနယ်ဇင်းသမားအဖြစ်ထမ်းဆောင်ချိန်မှာ သူဟာ ဂျိမ်းရှီးလ်ဆိုသူ ဒီမိုကရက် သမားတယောက်ရဲ့ စာတွေနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန် ရှုပ်ချထားတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ အဲဒီ ဆောင်းပါးက ဟိုးလေးတကျော်ကျော်ဖြစ်သွားပြီး ဂျိမ်းဟာ သူ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါစော်ကားခံရ သလိုဖြစ်တာကြောင့်မကျေမနပ်ဖြစ်ပြီး လင်ကွန်းကို ဓားချင်းယှဉ်ခုတ် ဖို့စိန်ခေါ်ပါတော့တယ်။ သူတို့ရာစုပိုင်းကလူတွေကဒီလိုပဲ မကျေနပ်ရင် လူလယ်ခေါင်မှာ ဓားချင်းယှဉ်ခုတ် လေ့ရှိတယ်။ လင်ကွန်းကလည်း ဒီလို ဓားချင်းယှဉ်ခုတ် တာဟာအဓိပ္ပါယ် မရှိတဲ့လုပ်ရပ်မှန်းသိပေမဲ့ စိန်ခေါ်ခံရမှ နောက်ဆုတ်ရင်သတ္တိ ကြောင်တယ်လို့ပြောခံရမှာစိုးတာကြောင့်လက်ခံလိုက်တယ်။ မစ်စ္စပီမြစ်ဘေးက Blood Island မှာပါ။ ကွင်းပြင်ရှေ့နှစ်ဦး ထိတ်တိုက်တွေ့ချိန်မှာတော့ လင်ကွန်းလည်းအတော်လေးကို ကြောက်နေခဲ့တယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ နှစ်ဦးဖက်ကလူတွေ ဝိုင်းဝန်းဖြောင်းဖြတာကြောင့် ရန်ပွဲကပြီးဆုံးပါတယ်။ လင်ကွန်းလည်း အဲဒီအချိန်ကစပြီးအတော်လေး နောင်တရသွားတယ်။ နောက်ပိုင်း လင်ကွန်းသမ္မတဖြစ်ပြီး ချိန်မှာလည်း ဂျိမ်းဟာ လင်ကွန်းရဲ့အမှုထမ်းဖြစ်လာ ခဲ့ပြီး သူဟာ အမေရိကန်ပြည်တွင်း စစ်ပွဲအတွင်းမှာလည်းအရာရှိအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ အချို့ချို့သော ရန်သူတွေဟာ တစ်ချိန်မှာ မိတ်ဆွေဖြစ်လာနိုင်ဆိုတာ ဒါပါပဲ။ ဒီနေရာမှာ လင်ကွန်းရဲ့ရန်သူကို မိတ်ဆွေလုပ်ရဲတဲ့ သတ္တိနဲ့ မိတ်ဆွေဖြစ်သွားတဲ့အထိ ပြုနိုင်တဲ့အစွမ်းကို တွေ့ရမှာပါ။
၆။နဗန်းသမား တဖြစ်လဲ လင်ကွန်းလင်ကွန်းဟာ လူငယ်ဘဝမှာ နဗန်းသမားလည်းဖြစ်ခဲ့ဖူးသလို အလေးလည်းမခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။ အဲဒီအချိန်က လင်ကွန်းဟာတိုက်ခိုက်သတ်ပုတ်ရတာ ဝါသနာထုံတယ်။တချိန်မှာ သူနေတဲ့ ကိုးလ်စ် ကန်ထရီ မြို့လေးက နာမည်ကြီး လူမိုက် ဒန်နီရယ် နစ်မင်းဆိုသူကို အနိုင်ထိုးခဲ့နိုင်တာကြောင့် လူမိုက်အဖြစ်လည်း နာမည်ကြီး ခဲ့ပါသေးတယ်။ မကြာခင်မှာပဲ သူတို့မြို့က နာမည်ကြီးနဗန်းသမား ဂျက်အမ်စရောင်းကလည်းလင်ကွန်းကို စိန်ခေါ် ခဲ့ပြီး ဒီပွဲမှာလည်း လင်ကွန်းက မမျှော်လင့်ပဲ ဂျက်အမ်စရောင်းကို အလဲထိုးလိုက် နိုင်တာကြောင့် အနိုင်ရခဲ့ပါသေးတယ်။
၇။မုတ်ဆိတ်အရှည်ထားတဲ့ အမေရိကန်သမ္မတလင်ကွန်းဟာ အမေရိကန်သမ္မတတွေထဲမှာ ပထမဆုံးမုတ်စိတ်အရှည်ထားခဲ့တဲ့ သမ္မတဖြစ်ပါတယ်။ သူဟာ၁၈၆၀ သူ့ရဲ့ရွေးကောက် ပွဲမှာအနိုင်ရပြီးကတည်းက စလို့မုတ်ဆိတ်အရှည်ထားတဲ့အကျင့်ကိုစခဲ့တာပါ။ဒီလိုမုတ်ဆိတ် အရှည်ထားတာကြောင့် သူ့ရဲ့ ကြမ်းတမ်းပုံပေါက် တဲ့မျက်နှာဟာပိုပြီး ကြည့်ကောင်းလာတယ် လိုလည်းဆိုကြ ပါသေးတယ်။
၈။တီထွင်တာဝါသနာပါတဲ့ လင်ကွန်း
လင်ကွန်းဟာ စက်ပစ္စည်းကိရိယာတွေ ကိုဖြုတ်ကြည့်တပ်ကြည့်ရတာ စိတ်ဝင်စားသလို သူကိုယ်တိုင်လည်း တီထွင်ရတာဝါသနာပါပါတယ်။ သူဟာ၁၈၄၉မှာ Vessel ရေကြောင်းအချက်ပြကိရိယာ “A Device for Buoying Vessels Over Shoals” ကိုတီထွင်ခဲ့ ပြီးမူပိုင်ခွင့်လည်းရရှိခဲ့ပါတယ်။ အမေရိကန်သမ္မတတွေထဲ မှာတဦးတည်းသော မူပိုင်ခွင့်ရရှိသူဖြစ်ပါတယ်။
၉။ယုံကြည်ချက်ပြင်းထန်ပေမဲ့ ဘုရားကျောင်းတတ်လေ့မရှိတဲ့ လင်ကွန်းလင်ကွန်းဟာ ခရစ်ယာန်ဘာသာဝင်ဖြစ်တယ်။ သူဟာဘာသာတရားမှာ သက်ဝင်ယုံကြည်ပေမဲ့ အစွန်းရောက် တာလည်း မဖြစ်သလို ဘယ်ဂိုဏ်းခွဲတွေမှာမလည်းပါဝင်ခြင်းမရှိပါဘူး။ ပြီးတော့ဘုရားကျောင်းလည်းမည်သည့် အခါမှတက်လေ့မရှိပါဘူးတဲ့။ အမေရိကန်နိုင်ငံတောင်နဲ့မြောက်ကြားမှာ ဖြစ်ပွါးခဲ့တဲ့ ပြည်တွင်းစစ်ပွဲ အတွင်းမှာ လင်ကွန်းဟာ "ဘုရားသခင်ထံမှ တရားမျှတခြင်း ပေးဖို့နဲ့ သူကိုယ်တိုင်လည်း ဘုရားသခင်နဲ့ အတူတရားမျှတ ခြင်းဖက်မှာ ရပ်တည်ခွင့်ရဖို့" ဆုတောင်းခဲ့ပါတယ်။
၁၀။သမ္မတလင်ကွန်းနဲ့ ငယ်ချစ်လင်ကွန်းဟာ သူ့ရဲ့ဇနီး မေရီတော့ဒ်နဲ့ လက်မထက်ခင်မှာ အန်ရူဒ်လစ် ဆိုတဲ့မိန်းခလေးနဲ့ချစ်ကျွမ်းဝင်ခဲ့ပါသေးတယ်။ သူတို့ဟာ ၁၈၃၃ ခုနှစ်ကတည်းကသိကျွမ်းခဲ့တယ်။ အဲဒီမတိုင်ခင်မှာ အန်ရူဒ်ဟာ ကုန်သည် တစ်ဦးနဲ့လက်ထက်ခဲ့ပြီး မကြာခင်မှာပဲလမ်းခွဲကာ လင်ကွန်းနဲ့ချစ်ကြိုက်ခဲ့တယ်။ သူတို့နှစ်ဦးဟာလက်ထက်ဖို့ အထိရည်စူးခဲ့ကြပေမဲ့ ကံမကောင်းစွာနဲ့ အန်ရူဒ်ဟာ ဖျားနာပြီးသေဆုံးခဲ့တာကြောင့် လင်ကွန်းလည်းအကြီးအကျယ်စိတ်ထိ ခိုက်ခဲ့ရတယ်။ လင်ကွန်းဟာအဲဒီအချိန် တွေမှာဘယ်လောက်တောင်စိတ်ထိခိုက်ခဲ့သလဲ ဆိုရင် စိတ်နဲ့ကိုတောင်မကပ်နိုင်တော့ဘဲ နေ့စဉ် မစ်စ္စပီမြစ်ဘေးမှာ သစ်တောတွေထဲမှာ တစ်ကိုယ်တည်းလမ်းတွေလျှောက်တာမျိုးတွေလုပ်ခဲ့တယ်။ တချိုကတော့ လင်ကွန်းရဲ့စိတ်ဓာတ်ကျတတ်မှုတွေက အန်ရူဒ်သေဆုံးပြီးမှ ပိုဆိုးရွားလာတယ် လို့ဆိုကြတယ်။
ဒီလိုနဲ့ ၁၈၄၂မှာ လင်ကွန်းဟာ မေရီတော့ဒ်နဲ့ လက်ထက်တယ်။ လင်ကွန်းနဲ့ သူထက်အသက် ၁၀နှစ်ငယ်တဲ့ မေရီတော့ဒ်တို့ရဲ့ အိမ်ထောင်ရေးဟာ သာယာလှတယ်တော့လည်း မဟုတ်ပါဘူး။ လူသိများခဲ့ရတဲ့ သမ္မတနဲ့ သူ့ဇနီး တို့ရဲ့ အိမ်တွင်းအချင်းများတဲ့ ပြသနာ တခုလည်းရှိပါတယ်။အဲဒါကတော့ သမ္မတလင်ကွန်းဟာ ဧည့်သည်များနဲ့ရှိစဉ် သမ္မတကတော်မေရီတော့ဒ်က သမ္မတမျက်နှာကို ကော်ဖီပူနဲ့ လှမ်းပက်ခဲ့တယ်ဆိုတာပါပဲ။ဒါတင်မကသေး မေရီတော့ဒ်ဟာ လင်ကွန်းကို အာလူးတွေနဲ့ ပစ်ပေါက်တာမျိုးရှိခဲ့သလို မျက်နှာကိုရိုက်နှက်တာမျိုး တွေလည်းလုပ်တတ်ပါတယ်။မည်သို့ပင်ဖြစ်ပစေ သမ္မတလင်ကွန်းလုပ်ကြံခံ ရပြီးနောက် မေရီတော့ဒ်ဟာ သမ္မတရဲ့ စာပျန အခမ်းအနားကိုလိုက်ပါပို့ဆောင်ခြင်းတော့မ ရှိခဲ့ပါဘူး။
ကဲ ဒါကြောင့်သူငယ်ချင်းတို့ရေ လောကကြီးမှာ ဆုံးရှုံးမှုတွေဘယ်လောက်ပဲ ကြီးမားပါစေ အခက်အခဲတွေဘယ်လောက်ပဲ များပြားပါစေ ကိုယ်သွားရမဲ့ခရီးကို သည်းခံခြင်းတွေနဲ့အတူ ဆုံးအောင်သွားနိုင်ဖို့ကြိုးစားနိုင်ရမယ်။ မိမိကိုယ်တိုင်အတွက်လည်း ကာကွယ်နိုင်ရမှာဖြစ်သလိုအများအကျိုးကိုလည်း သယ်ပိုးနိုင်ရမယ်။ လောကကြီးထဲမှာ ဒီလိုလူမျိုးတွေပဲ ကြံ့ကြံ့ခံနိုင်မှာဖြစ်သလို ဒီလိုလူမျိုးတွေပဲ အောင်မြင်မှုရမှာဖြစ်ပါတယ်။ (fw mail)

Wednesday, September 25, 2013

တိရိစ္ဆာန်ကမ္ဘာထဲက ဆုရဓါတ်ပုံများ

 

သက်ကြီးတန်းမှာ အရွေးခံခဲရတဲ့ vaclav krpelik ရဲ့ ပင်လယ်နီထဲက အဏ္ဏ၀ါပျော် လိပ်ကလေး
 
Bemce Mate  ရဲ့လက်ရာ
 
Michael Gallagher  ရဲ့ ရောင်စုံကြတ်တူရွေးငါး
 
Emma Collins  ရဲ့ နေပူစာလှုံနေတဲ့ ငဟှစ်ငှက်
 
Jeremy Cusackရ  ရဲ့ လောဘကြီးတဲ့တောက်တဲ့စိမ်း  
 Tom Mayor ရဲ့ ပန်ဒါလေး ၀ါးခက်စားနေပုံ

Wednesday, September 11, 2013

ဘေဂျင်း ၂၀၀၈




တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။

ပုံထဲမှာ ကျောကိုဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုးသမီးလေးဟာ တရုတ်ပြည်ကို ကိုယ်စားပြုပြီး ဘယ်ဘက်က ကစားဝိုင်းကို အာရုံစူးစိုက်နေသူလေးကတော့ ဂျပန်ပါတဲ့။ ည၀တ်အကျီင်္နဲ့ ခေါင်းကို နောက်လှန်ထားသူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ်မှာလဲလျောင်းနေတာကတော့ ရုရှားမိန်းကလေးဖြစ်ပါတယ်။ ဘေးနားမှာရပ်ကြည့်နေတဲ့ကလေးမလေးကတော့ ထိုင်ဝမ်သူလေးပါ။

ဘေဂျင်း ၂၀၀၈ ပန်းချီကားဟာ အနောက်တိုင်းနဲ့ အင်တာနက်ပေါ်မှာ အကြိတ်အနယ်ဆွေးနွေးရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ မိန်းမ ၄ ယောက် မာဂျောင်ကစားနေတဲ့ပုံဟာ လျို့ဝှက်အဓိပ္ပါယ်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့အပြင် နာမည်ကိုက ဘေဂျင်း ၂၀၀၈ ပါတဲ့။

တရုတ်ရဲ့ ခေါင်းစဉ်ကိုက အရှေ့လေ လို့ နှစ်ခွအဓိပ္ပါယ်ရနေပါတယ်။ တစ်ခုက တရုတ်ပြည်ရဲ့ ကမ္ဘာ့အင်အားပြိုင်ဘက်အဆင့်ကို ဖော်ပြပြီး နောက်တစ်ခုကတော့ တရုတ်ရဲ့ စစ်အင်အားနဲ့ လက်နက်အင်အားတို့ဟာ စားပွဲပေါ်မှာ အဆင်သင့်ရောက်နေပြီလို့ ပြသထားပါတယ်။ တစ်ဖက်မှာတော့ တရုတ်ဟာ နေရာကောင်းရထားသလိုလိုရှိနေပေမဲ့လည်း မိန်းကလေးရဲ့ တစ်ခြားလက်တစ်ဖက်ကို မြင်ခွင့်မရပါဘူး။ ဒါ့အပြင် မိန်းကလေးဟာ နောက်လက်တစ်ဖက်ကလည်း စားပွဲအောက်မှာ ၀ှက်ကစားနေပါသေးတယ်။

အမေရိကန်သူလေးကတော့ သိပ်ကိုယုံကြည်မှုရှိတဲ့ပုံစံလေးနဲ့ပါ။ ထိုင်ဝမ်သူလေးကို လှမ်းကြည့်အကဲခတ်နေပြီး မျက်နှာရိပ် မျက်နှာကဲ ပြနေပုံပေါ်ပါတယ်။
ရုရှားမယ်ကတော့ ကစားပွဲကို စိတ်မ၀င်စားချင်ယောင်ဆောင်နေပေမယ့် တကယ်တမ်းမှာ ခြေတစ်ဖက်က အမေရိကန်ကို ချိတ်လို့ လက်တစ်ဖက်ကတော့ တရုတ်ကို ကမ်းလျှက်ရှိနေပါတယ်။ နိုင်ငံနှစ်ခုလုံးနဲ့ တိတ်တဆိတ် အကျိုးစီးပွားဖလှယ်လေ့ရှိတဲ့သဘောပါ။

ဂျပန်ကတော့ အင်တိုက်အားတိုက်ကို သူ့အကျိုးစီးပွားတွေကို အာရုံပြုနေပြီး တခြားသူတွေကို ဂရုမပြုပါဘူး။

ထိုင်ဝမ်သူလေးက ရိုးရာအင်္ကျီနီလေးကို ၀တ်ဆင်ထားပြီး သူဟာ တရုတ်ရဲ့ ယဉ်ကျေးမှု အမွေဆက်ခံသူဖြစ်ကြောင်း ပြသနေပါတယ်။ သူ့လက်ထဲမှာ သစ်သီးပန်းကန်ကိုကိုင်လို့ လက်တဖက်မှာတော့ ဓါးတစ်ချောင်းနဲ့ပါ။ သူဟာ တရုတ်ကို ကြေကွဲနာကျင်တဲ့ အမုန်းတွေနဲ့ စိုက်ကြည့်နေပြီး ကစားပွဲမှာ ဘယ်သူပဲနိုင်နိုင် သစ်သီးတွေကို ကျွေးဖို့စောင့်နေရပါတယ်။

အပြင်ဘက်မှာတော့ မြစ်ရေပြင်ဟာ လေထန်နေပြီး မုန်တိုင်းကျတော့မဲ့ အခြေအနေမျိုးမို့ ဒါဟာ တိုင်းပြည်နှစ်ခုကြားက တင်းမာပေါက်ကွဲလုလုအနေအထားကို ပြဆိုပါတယ်။ နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားကလဲ သိပ်ကို အဓိပ္ပါယ်ရှိတာပါ။ မာအိုရဲ့ မျက်နှာ၊ ချန်ကေရှိတ်ရဲ့ နဖူးပြောင်နဲ့ ဆွန်ယက်ဆင်ရဲ့ မုတ်ဆိတ်တို့ကို ပေါင်းစပ်ရေးဆွဲထားပါတယ်။

မိန်းကလေး ၄ ယောက်ရဲ့ အ၀တ်အစားအနေအထားဟာ တိုင်းပြည်တစ်ခုစီရဲ့ စီးပွားရေးကို ပြဆိုပါတယ်။ တရုတ်ဟာ အပေါ်ပိုင်းဗလာပေမယ့် အောက်ပိုင်းမှာတော့ စကတ်နဲ့ အတွင်းခံကို ၀တ်ဆင်ထားပါတယ်။ အမေရိကန်ကတော့ ဘရာစီယာနဲ့ အပေါ်ရုံအကျီင်္ကိုဝတ်ထားပေမဲ့လည်း အောက်ပိုင်းဗလာဖြစ်နေပြန်ပါတယ်။ ရုရှားကတော့ အတွင်းခံဘောင်းဘီလေးသာကျန်ပြီး ဂျပန်ကတော့ လုံးတီးနဲ့ပါ။

ရုတ်တရက်ကြည့်လိုက်ရင် အမေရိကန်က အခြေအနေအကောင်းဆုံးလို့ထင်ရပြီး တောက်ပြောင်နေပေမယ့် အထိအရှမခံနိုင်ဆုံး အပိုင်းဟာ ရှင်းရှင်းကြီးပေါ်နေပါပြီ။ တရုတ်နဲ့ ရုရှားဟာ အ၀တ်မပါဘူးဆိုပေမဲ့လည်း လုံရမယ့်အပိုင်းတွေကို လုံအောင်ဖုံးထားနိုင်စွမ်းရှိနေပါသေးတယ်။

တကယ်လို့များ ဒီကစားပွဲအပြီးမှာ ကျန်သမျှကိုသာ ချွတ်ကြရကြေးဆိုရင် တရုတ်ရှူံးခဲ့ရင် ရုရှားနဲ့တူပါတော့မယ်။ ( ဒါဟာ ရုရှားပြိုကွဲခြင်းကို ညွှန်းပါတယ်။ ) အမေရိကန် ရှူံးခဲ့ရင်လဲ ရုရှားနဲ့ပဲ တူပြန်မှာပါပဲ။ တကယ်လို့ ရုရှားရှူံးရင်တော့ အားလုံးရှူံးပြီး ဂျပန်ကတော့ နဂိုကထဲက ဘာမှမကျန်တော့တာပါ။

ရုရှားဟာ အိမ်ဖြည့်ရုံဝင်ကစားနေတယ်ထင်ရပေမယ့် တကယ်တော့ တရုတ်နဲ့ပေါင်းပြီး လိမ်ကစားနေပါတယ်။ တကယ်အိမ်ဖြည့်နေရသူကတော့ ဂျပန်ပါ။ ဒီတစ်ခါရှူံးရင်တော့ ဂျပန်ဟာ ကစားဝိုင်းကထွက်ရပါတော့မယ်။

အမေရိကန်ဟာ အကောင်းဆုံးဖြစ်နေတယ်ဆိုပေမယ့် အန္တရာယ်တွေဝိုင်းလို့ပါ။ ဒီတစ်ချီရှူံးရင် ကမ္ဘာ့အင်အားကြီးအနေအထားကို စွန့်လွှတ်ရပါမယ်။ ရုရှားကတော့ နှစ်ဖက်ကစားနေပြီး တရုတ်လွတ်လပ်ခါစ အနေအထားမျိုးဖြစ်နေပါတယ်။ အဲဒီတုန်းက တရုတ်ဟာ ရှင်သန်ရပ်တည်ရေးအတွက် ရုရှားကိုမှီခိုပြီးနောက် အမေရိကန်ကို မှီခိုခဲ့ရပါတယ်။

တရုတ်ရဲ့ မာဂျောင်အတုံးကလေးတော်တော်များများကို မြင်ခွင့်မရတာဟာ တရုတ်မှာ လျို့ဝှက်ဖုံးကွယ်ထားတဲ့ ရည်မှန်းချက်အတော်များများရှိလိမ့်မယ်လို့ ပြဆိုပါတယ်။ ဒါ့အပြင် တရုတ်ဟာ ရုရှားနဲ့ တိတ်တိတ်ဖလှယ်နေပြီး အမေရိကန်ကတော့ ထိုင်ဝမ်သူလေးရဲ့ ပုံစံကနေသာ မှန်းဆနေရပါတယ်။ ဂျပန်ကတော့ သူ့ကိုယ်သူကလွဲလို့ ဘယ်အရာမှ စိတ်မ၀င်စားပါ။

ထိုင်ဝမ်ကလေးမကတော့ ကစားပွဲကို အေးစက်စက်နဲ့ကြည့်နေပါတယ်။ ကစားသမား ၄ ယောက်လုံး ဘာလုပ်နေသလဲလို့ ကောင်းကောင်းမြင်နိုင်ပြီး ဘာတွေဆက်ဖြစ်မလဲလို့ နားလည်ထားပါတယ်။ ဒါပေမဲ့လည်း ကစားပွဲကို ၀င်ခွင့်လုံးဝမရှိတဲ့အပြင် စကားတောင်ပြောခွင့်မရပါဘူး။ သူ့မှာ ပြောစရာ၊ အပြစ်တင်စရာအတော်များများရှိတာတောင်မှ ဘယ်သူ့ကိုမှ ပြောခွင့်မရပါဘူး။ သူလုပ်နိုင်သမျှကတော့ လိမ္မာတဲ့မိန်းကလေးလို နေပြပြီး အောင်နိုင်သူကို သစ်သီးဆက်ဖို့ပါပဲ။

နောက်ဆုံးဘယ်သူနိုင်မလဲဆိုတာ တရုတ်နဲ့ အမေရိကန်ကြားမှာပဲ ရှိနေတာထင်ရှားလှပါတယ်။ အနီးကပ်ထပ်ကြည့်ရင်တော့ အမေရိကန်က ကစားအားရှိနေသေးပေမဲ့ ကစားနေတာက တရုတ်မာဂျောင်ပါ။ အနောက်တိုင်းပိုကာ ကစားနည်းမဟုတ်ပါဘူး။ တရုတ်ရဲ့ ကစားပွဲစည်းမျဉ်းတွေနဲ့ ကစားနေပြီးတဲ့နောက် အမေရိကန်နိုင်ဖို့ အခွင့်အလမ်း ဘယ်လောက်များရှိနိုင်ပါ့မလဲ။

ရွှေသတင်းသစ်

Tuesday, September 3, 2013

"ကြက်သွန်နီက ဘာကြောင့်ငိုခိုင်းသနည်း"




ကြက်သွန်နီသည် ဘယ်လိုလူမျိုးကိုမဆို မျက်ရည်ကျစေတတ်သည်။ ဘာကြောင့်လဲ။ အလွန်ကိုနည်းလမ်းကျသော ဖြေရှင်းချက်တစ်ခုပါ။ အခြေခံကျကျပြောရလျှင် ကျွန်ုပ်တို့မျက်လုံးနှင့် ကြက်သွန်နီအကြား တွင် သေးငယ်သောဓာတုဗေဒဆိုင်ရာသက်ရောက်ခြင်းကိုဖြစ်ပေါ်စေရန် ကြက်သွန်မှ အငွေ့ပျံ့မှုဖြစ်သောကြောင့်ဖြစ်သည်။
...
စားပွဲပေါ်တွင် ကြက်သွန်ကို ဒီအတိုင်းထားလျှင် ဘာမှမဖြစ်ပေမယ့် ကြက်သွန်ကိုလှီးလိုက်သောအခါမှာ ပြောင်းလဲမှုတစ်ခုကို စတင်ကြုံတွေ့လာပါတော့သည်။ ကြက်သွန်ကိုလှီးနေသောအချိန်တွင် ၄င်း၏ ဆဲလ်တွေကွဲပျက်သွားခြင်းကြောင့် အမိုင်နိုအက်စစ်ဖြစ်သော(Amino acid) ဆာလ်ဖောအ်ဆိုဒ်တွေက (sulfoxides) ဆာလ်ဖိဒ်နစ်အက်စစ်တွေ (sulfenic acids)အဖြစ်သို့ပြောင်းလဲသွားသည်။ ထိုသို့ပြောင်းလဲမှုမှ ပရိုပန်နက်ထိရို အက်စ် အောက်ဆိုဒ်(propanethiol S-oxide)အငွေ့တွေကို ထုတ်လွှတ်သည်။ ထိုအငွေ့များသည်ပျံ့လွှင့်လာပြီး မျက်လုံးထဲကိုဝင်ရောက် လာသည်။

တစ်ချိန်တည်းမှာ ဆာလ်ဖျူရစ်အက်စစ်ဒြပ်ပေါင်း(sulfuric acid compound)က မျက်လုံးကိုထိတွေ့သည်။ နောက်ဆုံးရလဒ် ဆာလ်ဖျူရစ်အက်စစ်(sulfuric acid)ကြောင့် မျက်လုံးသည် ဆိုးဝါးစွာခံစားရမည်။ ထိုအခါ မျက်လုံးသည် ဆိုးရွာသောအက်စစ်ငွေ့ များကို ပြန်လည်တိုက်ထုတ်ရန်နှင့် ဆေးကြောရန် တက်နိုင်သလောက် များစွာမျက်ရည်ကိုထုတ်သည်။

ထိုကဲ့သို့ ဓာတုဗေဒဆိုင်ရာသက်ရောက်ခြင်းသည် မျက်ရည်ကျခြင်းမှာ သဘာဝကျလှသည်။ ကြက်သွန်နီကြောင့် မျက်ရည်ကျရသည်မှာနှစ်ပေါင်း များစွာ ကျော်ဖြတ်လာခဲ့ပြီ။ ထိုကြောင့် ကြက်သွန်နီကမလှီးခင် မျက်ရည်မကျချင်လျှင် စီးကျနေသောသောရေအောက်မှာလှီးလျှင်လှီး သို့တည်းမဟုတ်ပါက အန္တာရယ်ကင်း မျက်မှန်ဝတ်ပြီးလှီး လျှင် ကောင်းမွန်လိမ့်မည်။

Ref: www.hforcare.com
မိုးလုံမှိုင်းဘာသာပြန်ဆိုသည်။

Monday, August 5, 2013

ချစ်ညီညီ (ခ) ရွှေဘုန်းလူ (ခ) စာရေးဆရာတာရာမင်းဝေ (၆) နှစ်ပြည့်


""" သားအငယ်ကောင်...အရွယ်ကောင်းချိန်မှာ မေမေတို့ကိုခွဲခွာသွားတယ်။ သားအတွက်ကုသိုလ်ကောင်းမှုကို မေမေပြုလုပ်ပေးနေပါတယ်။ သားလေးကောင်းရာဘုံဘ၀ကသာဓုခေါ်ပါ။ ကောင်းသောလမ်းကို သားလေးလျှောက်ပါ။"""
===========================မေမေဒေါ်လှကြည် =========
5.8.2013၊နံနက် (၈) နာ၇ီမှ (၁၁) နာရီ၊
... အမှတ်(၃၆၄)၊ ပီမိုးနင်း (၁) လမ်း၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်။

ဥဒါန်း
=====

ပြာဝင်းဝိုးဝါးတဲ့
ဆောင်းနှင်းများကသာ
သမိုင်းရဲ့ ဘာသာစကားဖြစ်မယ်ဆိုရင်
တလိမ့်လိမ့် ခယွင်းတဲ့
သွေးနှင်းစက်တွေ
တို့ မြေမှာ မှိုင်းမှိုင်းဝေရော့မယ်။

သေသူရဲ့ အရိုးတွေက
ရှင်သူကို ဘာလုပ်ရ မယ်လို့ 
အံ့ချီးဖွဖွ ရည်ညွှန်းကြတာ
သမိုင်းလို့ ဆိုရမယ်။

ရာဇ၀င်ဆိုးရဲ့
အရိုးတွန်သံ
ဘယ်သူ့ ထံပါး
သယ်ဆောင်သွားမလဲ နှင်းတို့ ရယ်။

ဒီဘက် ကမ္ဘာခေတ်ရဲ့ 
ရဲရင့်တဲ့ သမိုင်းကြောင်းဟာ
တို့ ပြည်က ကျောင်းသားအလောင်းတွေဆီမှာ ရှိတယ်။

သားပျောက်ရှာနေတဲ့ အမေကို
သူ့ အောက်က မြေက
"မေမေ"လို့  တိုးတိုးလေးခေါ်နေတယ်
မေမေရယ် မေမေရယ် မေမေရယ် ။

ဇာဘုရင်ရဲ့ စနစ်ဆိုးကြောင့်
ပြည့်တန်ဆာဖြစ်ရတဲ့
ရုရှားမလေးဟာ
အိပ်ရာထဲမှာ ငိုနေတယ်၊

နေ၀င်းရဲ့ စနစ်ကြောင့်
သူပုန်ဖြစ်ရတဲ့ ကျောင်းသားတွေ
လမ်းမပေါ်မှာ တိုက်ပွဲဝင်နေတယ်။

ဒီနေ့ ပွဲဟာ
ရှုံးရှုံး နိုင်နိုင်
ယှဉ်ပြိုင်ခြင်းသာ အဓိက ဆိုတဲ့ ပွဲမဟုတ်ဘူး
သူသေကိုယ်သေ အပြိုင်နွှဲ
ဝိညာဉ်ချင်း ရိုက်ခွဲတဲ့ ပွဲ ဖြစ်တယ်။

"ဟေ့ ကြိုးစင်"
ငါ ရင်ကော့ပြီး လာခဲ့မယ်။

ရွှေဘုန်းလူ

Friday, August 2, 2013

၈၈၈၈သမိုင်းဝင်မှတ်တမ်းများ(၂)

 ဗိုလ်ချုပ်ကြီးဟောင်း၊ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ဟောင်း ခင်ညွှန့်၏ တန်ပြန်အဖျက်အမှောက်လုပ်ငန်းများဆောင်ရွက်ရေးညွှန်ကြားစာ

 ၈၈ တုန်းက ပြေငြိမ်း စိုးသူ
 ၈၈မန္တလေး

 ရုပ်ရှင်သမဂ္ဂ




 ၈၈ တုန်းက ဇင်ဝိုင်း


မ၀င်းမော်ဦးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ ဒေါက်တာစောလွင်၊ ခေါင်းကိုမထား တဲ့ ဒေါက်တာမင်းသိန်း

Thursday, July 18, 2013

နိုင်ငံတော်လုပ်ကြံမှုတရားခံ ရန်ကြီးအောင်၏ ကြိုးတိုက်မှာတမ်း



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို ဂဠုန်ဦးစော၏ စေခိုင်းချက်အရ လုပ်ကြံသတ်ဖြတ်ခဲ့ သော လူသတ်တရားခံများအား စစ်ဆေးရန် အထူးခုံရုံးကို ဘုရင်ခံဆာဟူဘတ်ရန့်က ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် အမိန့်ထုတ်ပြန်၍ ဖွဲ့စည်းပေးခဲ့သည်။ အထူးခုံရုံးသည် စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ရုံးထိုင်၍ တရားခံများကို (၃)လ တိုင်တိုင် စစ်ဆေး၍ ရှေ့နေချုပ်ဦးထွန်းဖြူက အထူးခုံရုံးသို့ အပြီးသတ်လျှောက်လဲတင်ပြခဲ့သည်။
အမှုစစ်ဆေးခြင်းပြီးဆုံးပြီးနော
က် ရန်ကုန်မြို့ အင်းစိန်ဗဟိုစံပြအကျဉ်းထောင်ကြီး၌ ဖွင့်လှစ်ထားသော အထူးရာဇဝတ်ခုံရုံး၌ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ခုံရုံးနာယကဦးကျော်မြင့်က စီရင်ချက်ဖတ်ပြ၍ လူသတ်တရားခံ (၉) ဦး (ဂဠုန်ဦးစော၊ မောင်စိုး၊ သက်နှင်း၊ မောင်နီ(ခ) ဂနီ၊စိန်ကြီး(ခ)မောင်စိန်၊ မှုံကြီး (ခ) မောင်မှုံ တို့ကို ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။
လုပ်ကြံမှုတွင်ပါဝင်ခဲ့သော ဘညွန့်သည် အစိုးရသက်သေ (ဖော်ကောင်) ဖြစ်သွားသောကြောင့် ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ရရှိသွား သည်။ (ဖော်ကောင် ဘညွန့် (ခ) ဦးလှမင်းသည် ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ညောင်ကုန်းလမ်း၊ အိမ်အမှတ် (၁၅) တွင် ကွယ်လွန်သွားခဲ့သည်။)

ကြိုးဒဏ်ချမှတ်တော့မည့်အချိန်တွင် နိုင်ငံတော်လုပ်ကြံမှုတရားခံ ရန်ကြီးအောင်မှာ အသက် (၁၆) နှစ်သာ ရှိသေးသည်ဟုဖခင်ဖြစ်သူက ဇာတာအသစ်ဖွဲံ့ကာ သက်သေအဖြစ်ရုံးတော်သို့  တင်ပြခဲ့သည်။ ထို့ကြောင့် စီရင်ချက်မချမီ အသင့်ခေါ်ထားသော အကျဉ်းထောင်ဆရာဝန် ဒေါက်တာထွန်းဝင်းအား ခုံရုံးအဖွဲ့ဝင်တရားသူကြီးများက ရန်ကြီးအောင်ကို စစ်ဆေးစေရာ ဒေါက်တာထွန်းဝင်းက စစ်ဆေးပြီးနောက် ရန်ကြီးအောင်တွင် အထက်အံသွားပေါက်နေပါပြီ။ အမွှေးအမျှင်များလည်း စုံနေပါပြီ။ အင်္ဂါများလည်း ဖွံ့ဖြိုးနေပြီဖြစ်၍ အသက် (၁၇) နှစ် မှ (၁၈) နှစ် အကြား၌ ရှိပါလိမ့်မည်ဟု မှတ်ချက်ချပေးသည်။ ဤသို့ အရွယ်ရောက်နေပြီ ဆိုလျှင် သူ့အား တရားဝင်သေဒဏ်ပေးနိုင်ပြီဟု ဆို၏။

ထို့ကြောင့် အထူးခုံရုံးက မောင်စိုး၊ သက်နှင်း၊ မောင်စိန်(ခ)စိန်ကြီး(ခ)လှအောင် တို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) အရ ပြစ်ဒဏ်ထိုက်သင့်သောအကြံတူ၊ ဥာဏ်တူ ပူးပေါင်းကျူးလွန်သည့် လူသတ်မှုအတွက် အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်ပြီးလျှင် အောက်ပါ တရားခံများပေါ် ကြိုးဒဏ်ချမှတ်လိုက်လေသည်။



ဦးစော၊ သုခ၊ ခင်မောင်ရင်၊ မောင်နီ (ခ) ကိုနီ (ခ) ဂနီ၊ မှုံကြီး (ခ) မောင်မှုန် တို့အပေါ် ရာဇသတ်ကြီး ပုဒ်မ ၁ဝ၉ ယှဉ်တွဲသော ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ (၁) (ခ) အရ ရာဇ၀တ်ပြစ်မှုများ ကျူးလွန်ရန် အားပေးကူညီမှုအတွက် အပြစ်ရှိကြောင်း အခိုင်အမာတွေ့ရှိရသဖြင့် တရားခံအားလုံးကို ကြိုးဒဏ်ချမှတ်လိုက်သည်။ ထို့နောက် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်မှစ၍ (၇) ရက်အတွင်း အယူခံဝင်နိုင်ကြောင်း အထူးခုံရုံးက ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် တရားခံများ၏ အယူခံလျှောက်ထားမှုများကို တရားလွှတ်တော်က ၁၉၄၈ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စာမျက်နှာ (၅၇) မျက်နှာရှိသော စီရင်ချက်ဖြင့် ပယ်ချလိုက်လေသည်။ သေဒဏ်ပေးခြင်းနှင့် ပတ်သက်၍ ပြစ်မှု၏ ပမာဏနှင့် နှိုင်းယှဉ်လျှင်သော်လည်းကောင်း၊ အယူခံတင်တရားခံများအပါအ၀င် ကျူးလွန်မှုနှင့် နှိုင်းယှဉ်လျှင်သော်လည်းကောင်း၊ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးရန်မဖြစ်ပေ။ နိုင်ငံတော်သမ္မတကသာလျှင် ကရုဏာရှေးရှု၍ လျှော့ပေါ့ပေးလိုလျှင် ပေးပိုင်ခွင့်ရှိသည်ဟု မှတ်ချက်ပြုထားသည်။

ယင်းနောက် ဦးစော၊ မောင်စိုး၊ သက်နှင်း၊ ရန်ကြီးအောင် နှင့် မှုံကြီးတို့က အခွင့်ထူးအယူခံဝင်ရန် လျှောက်ထားကြလေသည်။ ၁၉၄၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် တရားလွှတ်တော်ချုပ်က ဦးစောနှင့် အပေါင်းပါတို့၏ လျှောက်လွှာများကို ပယ်ချလိုက်လေသည်။

ထို့နောက် လုပ်ထုံးလုပ်နည်းအရ ဦးစောနှင့်လေးဦးတို့၏ အမှုများကိုလည်းကောင်း၊ အသနားခံစာတင်ကြသော တရားခံများ၏ အမှုများကိုလည်းကောင်း တရားရေးဌာနက စိစစ်၍ သမ္မတ စ၀်ရွှေသိုက်ထံ နောက်ဆုံးတင်ပြခဲ့လေသည်။

အယူခံများကို သမ္မတက စိစစ်၍ ၁၉၄၈ ခုနှစ် မေလ ၅ ရက်နေ့ ရက်စွဲပါ တရားရေးဌာနအတွင်းဝန် ဦးစံညွန့်၏ အမိန့်ဖြင့် ခင်မောင်ရင်အပေါ် ချမှတ်ထားသော သေဒဏ်ကို တစ်သက်တစ်ကျွန်းသို့ နိုင်ငံတော်သမ္မတကြီးက ပြောင်းလဲလျှော့ပေါ့ပေးခဲ့သည်။ ထို့နည်းတူစွာ မေလ ၆ ရက်နေ့တွင်လည်း သုခနှင့် မောင်နီ တို့ကို သေဒဏ်အစား တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲကျခံစေရန် အမိန့်ချမှတ်လိုက်လေသည်။ ကျန်တရားခံများအား မူလအထူးရာဇ၀တ်ခုံရုံးမှ ချမှတ်ခဲ့သော စီရင်ချက်အတိုင်းသေဒဏ်ကို အတည်ပြုပေးခဲ့သည်။ တရားခံများအား ကြိုးပေးမည့်နေ့ကိုလည်း ၁၉၄၈ ခုနှစ် မေလ ၈ ရက် စနေနေ့ကို အတည်ပြုပေးခဲ့သည်။

ဤသို့ဖြင့် ကြိုးပေးရန် နီးကပ်လာပြီဖြစ်၍ ရန်ကုန်ဗဟိုအကျဉ်းထောင်၌ ကြိုးတိုက်တွင် ထည့်သွင်းထားသော မောင်နီ၊ သုခ၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အတွက် သံဃာတော်များပင့်ဖိတ်၍ တရားနာစေခဲ့သည်။ ပြီးလျှင် သရဏဂုံတင် ပေးသည်။

စိန်ကြီးက အခုမှ မထူးတော့ပြီဆို၍ သရဏဂုံအတင်မခံခဲ့ဟု နောင်တွင် သုခက ပြန်လည်ပြောခဲ့သည်။ သရဏဂုံတင်သောနေ့ ညနေစောင်းမှာပင် သုခ နှင့် မောင်နီ တို့ သေဒဏ်မှ လွတ်၍ တစ်သက်တစ်ကျွန်းပြောင်းကြောင်း အမိန့်စာရောက်လာ၍ သက်ဆိုင်ရာက အမိန့်ကို ဖတ်ပြပြီး ယင်းတို့အား ကြိုးတိုက်မှ နှစ်ကြီးပြစ်ဒဏ်အဆောင်သို့ ပြောင်းရွှေ့လိုက်လေသည်။

၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့ စနေနေ့ နံနက် ၅း၃၀ နာရီတွင် ရန်ကုန်ထောင်ကြီး (ယခုသူနာပြုတက္ကသိုလ်ဝင်း နေရာ) တွင် ၄င်းတို့ နှစ်ဦးအား ကြိုးပေးမည်ဖြစ်ရာ ကြိုးမပေးမီ အချိန်ကလေးတွင် စိန်ကြီး(ခ)မောင်စိန်က မိမိနှင့်အပေါင်းပါ တို့ ဦးစော၏ စကားကို နားထောင်မိရင် ယခုကဲ့သို့ မလုပ်သင့် မလုပ်ထိုက်သည်ကို လုပ်ခဲ့မိကြောင်း ၄င်းအနေနှင့် ဘဝဆက်တိုင်း ဦးစောလိုလူမျိုးနှင့် မတွေ့ရ မဆုံရပါစေနှင့်ဟု တိုင်တည်သွားပြီး ´လုပ်ရဲရင် ခံရဲရမည်´ ဟု ဆိုက ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီးများအား သတ်သည်မှာ မှန်ကြောင်း၊ ထိုသို့သတ်ရခြင်းမှာလည်း ဂဠုန်ဦးစော၏ စေခိုင်းချက်အရ သတ်ခဲ့ရကြောင်း သက်ဆိုင်ရာပုဂ္ဂိုလ်များကို ပြောဆိုပြီးနောက် `အသက်ရေ ငါပြောတဲ့အတိုင်း လုပ်ထားဟေ့၊ ငါလာခဲ့ပြီ´ ဟု အော်ဟစ်သွားလေသည်။

စိန်ကြီး၏ လုပ်ကြံမှုကြောင့် ပြောသွားသည့်ကိစ္စကို လူတိုင်းနားလည်နိုင်ကြသော်လည်း ` အသက်ရေ ငါပြောတဲ့အတိုင်း လုပ်ထားဟေ့ ငါလာခဲ့ပြီ´ ဆိုသည့် စကားအဓိပ္ပါယ်တို့ကို လူအများနားလည်ချင်မှ နားလည်ပေလိမ့်မည်။ လိမ့်ပတ်လည်အောင် ရှင်းပြမှသာ ဇာတ်ရည်လည်ပေလိမ့်မည် ဖြစ်သည်။

မောင်စိန် ခေါ် စိန်ကြီး၏ ဖခင်မှာ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် လူသိထင်ရှားသော ဦးမောင်ကြီး၏ တစ်ဦးတည်းသော သားဖြစ်ပြီး အင်္ဂလိပ်ခေတ်က ၁ဝ တန်း အထိ ကျောင်းနေခဲ့ဖူးသည်။ စိန်ကြီးနှင့် ဂဠုန်ဦးစောတို့သည် အလွန်ရင်းနှီးသည့် မိတ်ဆွေရင်းခြာများဖြစ်ကြသည်။ ဦးမောင်ကြီးမှာ လူသတ်ခံရပြီးနောက် မိခင်ဖြစ်သူက သားဖြစ်သူ စိန်ကြီးကို တချိန်က ဦးစော၏ ကျေးဇူးရှိခဲ့ဖူးသောကြောင့် သားဖြစ်သူအား အစစအရာရာလိမ္မာရေးခြားရှိစေရန်နှင့် လိုအပ်သလို ခိုင်းစေရန် ဦးစောထံအပ်နှံခဲ့သည်။ ဦးစောက ၄င်း၏ အိမ်ဝင်းသို့ ရောက်လျှင် ရောက်ချင်း စိန်ကြီးကို သစ္စာရေသောက်ခိုင်းပြီး လုပ်ကြံမှုထဲတွင် ပါဝင်ခိုင်းသည်။

လူငယ်ဘာသာဘာဝ စိန်ကြီးမှာ မိမိဇာတိ ကြို့ပင်ကောက်မြို့၌ ငယ်ရည်းစားရှိသည်။ စိန်ကြီးသည် အယူခံပယ်ချခံရပြီးနောက် ကြိုးပေးရန် ရက်နီးလာခါနီး၌ သက်ဆိုင်ရာ အကျဉ်းဦးစီးဝန်ထမ်းများကို ၄င်း၏ ငယ်ရည်းစားနှင့် တွေ့ဆုံလိုကြောင်း ပြောပြသည်။ သက်ဆိုင်ရာ နောက်ဆုံး အခွင့်အရေးပေးသည့်အနေဖြင့် အထက်အာဏာပိုင်များထံ ခွင့်ပန်၍ တွေ့ဆုံခွင့်ပေးခဲ့သည်။ ဤသို့ဖြင့် စိန်ကြီး၏ ရည်းစားသည် ရန်ကုန်ထောင်ကြီးသို့ ရောက်လာသောအခါ ထောင်ပိုင်ကြီးနှင့် အကျဉ်းဝန်ထမ်းများရှေ့တွင် ၄င်းတို့နှစ်ဦးအား လွတ်လပ်စွာ စကားပြောခွင့်ပြုခဲ့သည်။



ထိုစဉ်အတွင်း စိန်ကြီးသည် ထောင်ပိုင်ကြီးနှင့် ဝန်ထမ်းများရှေ့တွင် ၄င်း၏ ရည်းစားအား လင်မရှိလျှင် လူစော်ကားလိမ့်မည်ဖြစ်ရာ ၄င်းကြိုးပေးခံရပြီးနောက် သင့်တော်သည့် တစ်ယောက်ယောက်ကို အမြန်ဆုံးလက်ထပ်ယူရန် ပြောကြားသည်။ ၄င်း၏ရည်းစားဖြစ်သူက သူ့ဘဝတစ်သက်တွင် ယောက်ျားမယူလိုတော့ကြောင့် ပြောခဲ့ရာ စိန်ကြီးကလည်း ၄င်း၏ စကားကို နားထောင်ရန်တွင်တွင်မှာကြားနေသည်။ ထို့နောက် စိန်ကြီးက မိမိသည် သူနှင့်သမီးရည်းစားဖြစ်ခဲ့သည်မှာ (၄)နှစ်တိုင် ရှိခဲ့ပြီဖြစ်သော်လည်း မိမိရည်းစားကို တခါမျှမနမ်းခဲ့ဖူးကြောင်း နှင့် ကြိုးပေးခါနီး၌ တစ်ကြိမ်တစ်ခါ ပါးကို နမ်းသွားလိုကြောင်းပြောပြရာ သက်ဆိုင်ရာ အကျဉ်းဝန်ထမ်းတို့က မိန်းကလေးသဘောတူလျှင် နမ်းနိုင်ကြောင်း ပြောပြသည်။ မိန်းကလေးက ခွင့်ပြုသဖြင့် စိန်ကြီးပါးနှစ်ဖက်စလုံးကို မနမ်းဘဲ သစ္စာရှိစွာဖြင့် ၁၅ဝဝ မေတ္တာဖြင့် တဖက်သာ နမ်းပြီး၊ ကျန်ပါးတဖက်ကို ၄င်းယူမည့် ခင်ပွန်းလောင်းအတွက် သန့်သန့်ရှင်းရှင်းထားခဲ့ကြောင်း ထောင်ပိုင်ကြီးနှင့် အကျဉ်းဝန်ထမ်းများရှေ့တွင် ချစ်သက်သေ ထူသွားခဲ့လေသည်။

ထို့နောက် ကြိုးစင်တက်သွားသည့်နေ့၌ ကြိုးပေးမည့်အချိန်လောက်တွင် ၄င်း၏ ရည်းစားဖြစ်သူသည် ရန်ကုန်ထောင်တွင်းရှိ ၀န်ထမ်းအိမ်တစ်နေရာ၌ အရက်တစ်ခွက်နှင့် မီးညှိထားသော စီးကရက်တလိပ်ကို ပန်းကန်ပြား၌ စိန်ကြီးမှာထားသည့်အတိုင်း ပြုလုပ်ထားခဲ့သည်။ စိန်ကြီးသည် ကြိုးစင်ပေါ်၌ ဒေါက်မဖြုတ်ခင်အတွင်းမှာပင် `အသက်ရေ… ငါပြောထားတဲ့အတိုင်း လုပ်ထားဟေ့…. ငါလာခဲ့ပြီ´ ဟူသော အော်ဟစ်သံနှင့်အတူ အရက်ခွက်ထဲမှ အရက်များလှိုင်းထသကဲ့သို့ သိသိသာသာ လှုပ်ခတ်လာပြီး စီးကရက်မှာလည်း လူတစ်ယောက် ဝင်ဖွာနေသည့်အလား မီးခိုးများ တထောင်းထောင်းထနေသည်ကို တွေ့ရလေသည်။ စိန်ကြီးကိုယ်တိုင် အရက်နှင့်စီးကရက်ကို သောက်နေသကဲ့သို့ အားလုံးက မြင်တွေ့ရလေသည်။

မောင်စိန် (ခ) စိန်ကြီးသည် အရက်ကိုလည်း ကြိုက်၊ စီးကရက်ကိုလည်း တလိပ်ပြီး တစ်လိပ် မီးခိုးမပြတ်အောင် သောက်တတ်သော Chain Smoker တစ်ဦးဖြစ်လေသည်။ စိန်ကြီး၏ အဆိုပါ ငယ်ရည်းစားဆိုသူမှာ နောင်တွင် နအဖ စစ်အစိုးရလက်ထက်မှ ယနေ့တိုင် ဘီလီယျံနှင့်ချီ၍ ချမ်းသာကြွယ်ဝနေသော စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) နှင့် အလွန်ရင်းနှီးသည့် ခေတ်ပျက်သူဌေးကြီး လက်နက်ပွဲစား ဦးတေဇ၏ ယောက္ခမ (Parents in law) ဒေါ်ထူးဖြစ်နေလေသည်။ ဦးတေဇသည် ဦးဇော်နှင့်ဒေါ်ထူးတို့ ၏သမီးသီတာဇော်နှင့်လက်ထပ်ခဲံ့သည်။ တေဇ၏ `ထူး´ ကုမ္ပဏီ သည် ယောက္ခမနာမည်ကို ဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

လုပ်ကြံမှုတွင် ကိုယ်တိုင်စတင်းကိုင်ပြီး ကျူးလွန်ခဲ့သော ရန်ကြီးအောင်၏ ဖခင်မှာ ဦးလှထွန်းဖြစ်ပြီး ဦးစော နှင့် ဆွေမျိုးတော်စပ်လေသည်။ ဦးစောသည် ရန်ကြီးအောင်အား တူသားကဲ့သို့ပင် ၄င်းအိမ်၌ ခေါ်ယူမွေးစားထားသည်။ အသက် ၁၆၊ ၁၇ အရွယ်သာရှိပြီး နှစ်လုံးပြူးသေနတ်ကို ပစ်ဖို့ ဝေးစွ၊ ကိုင်တွယ်၍ပင် မကြည့်ဘူးချေ။ သို့သော် ဦးစောကိုယ်တိုင် ရန်ကြီးအောင်ကို အင်းလျားကန်ထဲရှိ လူသူအရောက်အပေါက်နည်းလှသည့် ကျွန်းတစ်ကျွန်းတွင် သေနတ်မျိုးစုံပစ်နည်းကို လက်ထပ်သင်ပေးခဲ့သည်။ လုပ်ကြံမှုတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဝန်ကြီးများအား စက်တင်းသေနတ်ကိုလက်သံပြောင်စွာကျည်ကပ်လေးခုကုန်အောင်ပစ်ခဲ့သည့်အပြင်အတွင်းဝန်ရုံးအောက်ထပ်အဆင်း တွင် လှေကားထိပ်၌ ဆရာကြီး ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေးကို စတင်းသေနတ်ဖြင့် ပြစ်ခတ်သွားသည့်အထိ သေနတ်ပစ်ကျွမ်းကျင်သွားလေသည်။

ရန်ကြီးအောင်မှာ လုပ်ကြံမှုကြီးနှင့် ပတ်သက်၍ ပထမတွင် ဟုတ်တိုင်းမှန်ရာများကိုပင် ဖြောင့်ချက်ပေးပြီးမှ နောက်ပိုင်း၌ ဘူးကွယ်ပစ်ခဲ့သည်။

၎င်းတို့အား ကြိုးမပေးမီ ရန်ကုန်ထောင်ကြီး ကြိုးတိုက်၌ မောင်စိန် (ခ) စိန်ကြီးနှင့်အတူ အခန်းချင်းကပ်၍ ထားခဲ့သည်။ စိန်ကြီးမှာ ကြိုးပေးမခံမီ မဂ္ဂဇင်းစာအုပ်များ တောင်း၊ စီးကရက် တောင်း၊ နောက်ဆုံး ၄င်းရည်းစားကိုပင် တွေ့ခွင့်တောင်းကာ အခွင့်အရေးမျိုးစုံ တောင်းဆိုသွားသည်။

ရန်ကြီးအောင်မှာ ဘာမျှမတောင်းသည့်အပြင် အေးဆေးစွာ ဘုရားအာရုံပြုကာ ပုတီးစိပ်ဘာဝနာပွားများရင်း နေထိုင်သွားခဲ့လေသည်။ နောက်ဆုံး ကြိုးပေးမည့် နံနက် ဝေလီဝေလင်း ၅ နာရီအချိန်၌ ၄င်းအိပ်သော သံကုတင်ထိပ်ဘောင်ပေါ်တွင် ဘုရားဆီမီးများ ထွန်းညှိ၍ ကျုံ့ကျုံ့လေးဘုရားဝတ်ပြုနေသည်ကို ဝန်ထမ်းများ တွေ့ရှိရလေသည်။ ကြိုးပေးရန် နီးလာ၍ ၄င်းအား ခေါ်ထုတ်သည့်အခါ၌လည်း ငြိမ်ငြိမ်သက်သက်အေးချမ်းစွာ လိုက်ပါသွားသည်။

ထောင်ဝန်ထမ်းနှင့်ထောင်မှူးတို့အား ၄င်းစိပ်ခဲ့သော စိပ်ပုတီးနှင့် စာကလေးတစ်စောင်ကို ပေးအပ်ကာ ၄င်းနောက်ဆုံးဝတ်သွားသော ရှပ်အင်္ကျီနှင့်လုံချည်တပတ်နွမ်းကလေးကို ဖခင်ဖြစ်သူထံ ဆက်ဆက်ပို့ပေးရန် သက်ဆိုင်ရာသို့ မှာကြားသွားခဲ့လေသည်။

၎င်းသည် လုပ်ကြံမှုကြီးတွင် ပါဝင်ကျူးလွန်ကြောင်း ဝန်ခံသွားရှာသည်။ ကြိုးပေးပြီးနောက် ဝန်ထမ်းများက ၄င်း အခန်းဘေးမှ ဖြတ်လျှောက်သွားရာ ဘုရားဆီမီးများမှာ အချို့မှာ ငြိမ်း၍ အချို့မှာ ငြိမ်းလုငြိမ်းခင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကို တွေ့ရလေသည်။ ဆီမီးအားလုံး မငြိမ်းခင်မှာပင် ရန်ကြီးအောင်၏ ဇီဝိန်ကား ချုပ်ငြိမ်းသွားသည်မှာ သင်္ခါရတရားသဘောအရ `ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်´ ဟူသည်ကို လှစ်ဟနေပေသည်။

ရန်ကြီးအောင်က သူ့ဖခင်ထံပေးခဲ့သောမှာတမ်းစာလေးမှာ-

`အဖေရေ အဖေ့အနေနဲ့တော့ သားအတွက် မချိမဆန့်ပဋိဒေဝမီးတွေ တောက်လောင်နေပါလိမ့်မယ်။ ကျနော်ဟာ ကြိုးမိန့်ချခံရပြီး အယူခံပယ်လိုက်ပြီဆိုတဲ့သတင်း ကြားရကတည်းက နေ့စဉ်ပုတီးစိပ်၊ တရားထိုင်ခဲ့ရာ သားတရားရခဲ့ပါပြီအဖေ။ သေခြင်းတရားကို လူတိုင်းကြုံရမယ်ဆိုပေမယ့် ဒီလိုအဖြစ်ဆိုးမျိုးနဲ့တော့ သားမသေချင်တာတော့ အမှန်ပါပဲအဖေ။ ဒါပေမယ့် ကိုယ်ပြုခဲ့တဲ့အမှုအတွက် တစ်နေ့ ကိုယ်ပြန်ခံရမယ်ဆိုတာကို သားတရား ရခဲ့ပါပြီ။
သားကိုယ့်အပြစ်ကြောင့် သေရမှာကို တစ်စက်မှ မကြောက်ပါဘူး။ ကျနော်နေ့တိုင်း စိပ်ခဲ့တဲ့ ပုတီး၊ မသေခင် ဝတ်ထားတဲ့ အင်္ကျီနဲ့ လုံချည် လေးကို ယခုစာနဲ့အတူ အဖေ့ထံအပ်နှံခဲ့ပါတယ်။ ညီလေးတွေကြီးလာတဲ့တစ်နေ့ ကျနော်ပေးခဲ့တဲ့ ပုတီး၊ အဝတ်အစားနဲ့ စာကိုပြပြီး ကျနော့်လို မမိုက်ဖို့ ဆုံးမပေးရန် အဖေ့ကိုမှာရင်း သား ရိုသေလေးမြတ်စွာကန်တော့ခဲ့ပါတယ်
သားရန်ကြီးအောင်

ရန်ကြီးအောင်၏ မှာတမ်းစာလေးကို သေသေချာချာဖတ်ကြည့်ပါက စေ့စေ့တွေးလျှင် ရေးရေးပေါ်ဆိုသလို သံဝေဂတရားများရပြီးရင်း ရခဲ့ပါသည်။ လောက၌ လုပ်သင့်လုပ်ထိုက်သည့်ကိစ္စများကို မလုပ်ခဲ့သော် သို့မဟုတ် မလုပ်သင့်မလုပ်ထိုက်သည်ကို လုပ်မိခဲ့ပါက နောင် တချိန် တွင် ပူပန်နေရမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ယင်းသည်ပင်လျှင် နောင်တတရားများပင် မဟုတ်ပါလော။

(သန်းဝင်းလှိုင်)

Friday, May 24, 2013

ခရီးသည်လေးသို့



သူငယ်ချင်းရေ

မမြဲတည်ရာ မင်းခန္ဓာမှာ
...
အနာရောဂါ နှိပ်စက်နေလည်း

အနိစ္စတရား မသိငြား

အသက်ရှင်နေလည်း အလကားတည်း။

သူငယ်ချင်းရေ

မင်းရဲ့ ချစ်လှ ခင်မင်သမျှတို့

လိုက်ပါပို့လေ မင်းခရီးမှာလေ

မင်းကိုချစ်ခင် ငါအပါအ၀င်

လှည့်ကာပြန်ကျ သုသာန်က

မင်းနဲ့ပါလာ ကံနှစ်ဖြာသာ။

သူငယ်ချင်းရေ

မင်းစရောက်စ မင်းဘ၀က

သည်းထန်ငိုနေ မင်းကိုလေ

ကြည်ကာ ပျော်မူး သူတိုကြည်နူး

မင်းရဲ့ နောက်ဆုံး ခန္ဓာတုန်းတော့

သူတို့ငိုနေ မင်းပြုံးလေ………

လင်းဇော်ထက်

Monday, May 13, 2013

သမိုင်းတကွေ့မှ ကင်းဝန်မင်းကြီးဦးကောင်း


 

 

မြန်မာဘုရင်တို့၏ သက်ဦးဆံပိုင်အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲကာ အနောက်ဥရောပနိုင်ငံများကဲ့သို့ အစိုးရ၀န်ကြီးအဖွဲ့ဖြင့် အုပ်ချုပ်သော စည်းမျဉ်းခံဘုရင်စနစ်ကို လိုလားသူ တိုင်းပြည်ပြု သုခမိန်ကင်းဝန်မင်းကြီးဦးကောင်း သည် မြန်မာ့သမိုင်းတွင်သာမက မြန်မာ့ စာပေသမိုင်း တွင်လည်း အထူးထင်ရှားလှသော ပညာရှင် တစ်ဦးဖြစ်ပေသည်။

သို့သော အဖြစ်အပျက်မှန်ကို မသိသူအချို့က `ဦးကောင်းလိမ်ထုတ် သီပေါပြုတ်´ ဟူသော စာအရ၊ ကင်းဝန်မင်းကြီးသည် အထက်မြန်မာပြည်ကို ဗြိတိသျှတို့ လက်သို့ လက်သိပ်ထိုးအပ်ခဲ့သည်ဟု အယူမှားကာ သိနားလည်ခဲ့ကြသည်။


ကင်းဝန်မင်းကြီးသည် ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် ခေတ်မမှီဘဲ ကျန်ရစ်ခဲ့သည့် မြန်မာနိုင်ငံကို ခေတ်မီတိုးတက်နေသော အခြားနိုင်ငံတို့နှင့် ရင်ပေါင်တန်းလိုက်နိုင်အောင် စီမံအုပ်ချုပ်ရေး၊ တရားဥပဒေရေး၊ နိုင်ငံခြားဆက်သွယ်ရေး၊ ပြုပြင်ပြောင်းလဲရေးတို့ကို အားသွန်ဆောင်ခဲ့သည့် ပုဂ္ဂိုလ်များတွင် တစ်ဦးအပါအ၀င်ဖြစ်ခဲ့သည်။

● ငယ်စဉ်ဘဝ
မင်းသတိုးသုဓမ္မမဟာသက်တော်ရှည် ဟူသော ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူခြင်းကိုခံရသော ဝန်ရှင်တော်၊ ကင်းဝန်၊ သေနတ်ဝန် လက်ကိုင်မြို့စား မင်းကြီး ဦးကောင်းသည် စစ်ကိုင်းတိုင်း၊ ပုလဲနှင့် ဆားလင်းကြီးမြို့နယ်များဖြစ်သော ဗန့်ကျီတိုက်နယ်၊ မုန်တိုင်ပင် (မုန်တိုင်ပင်ရွာ) တွင် အဖ အတွင်းခြောက်စုနတ်သျှင် ရွေးတပ်၍ အမှုထမ်းနေသော သွေးသောက်ကြီးဦးမှို၊ အမိ ဒေါ်နှင်းဆီတို့မှ ၁၁၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (ခရစ် ၁၈၂၂ ခု၊ ဖေဖော်ဝါရီလ ၃ ရက်) တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ချင်းဖြစ်၍ ညီအစ်ကိုမောင်နှမ ခုနစ်ယောက်အနက် ဒုတိယသားဖြစ်သည်။ အသက်ခုနစ်နှစ်တွင် ငှက်ပျောတောရွာ ကျောင်းထိုင်ပုဂ္ဂိုလ် ခင်ကြီးဦးဆန်းထံတွင် ပညာသင်ကြား၍ အသက် ၁ဝ နှစ်တွင် ရှင်သာမဏေဖြစ်သည်။

ဗန့်ကျီဒိုင် နတ်သျှင်ရွေးသေနတ်စုထဲမှ ဖြစ်သည့်အတိုင်း မိမိဖခင်၏ တပ်ရင်းတွင် စစ်မှုထမ်းရန် တာဝန်ရှိသော်လည်း သာသနာ့ဘောင်သို့ တက်ရောက်သဖြင့် စစ်မှုမထမ်းရပေ။ ရဟန်းဘွဲ့မှာ ဦးအာသဘဖြစ်သည်။ ကိုရင်ဘဝနှင့် ရဟန်းဘဝတို့တွင် စာပေပရိယတ္တိ၌ လွန်စွာ စိတ်အားထက်သန်၍ များစွာ အလားအလာရှိ လေသည်။ ရဟန်းခံပြီးနောက် မကြာမြင့်မီအတွင်း ဗုဒ္ဓဘာသာပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ အစရှိသော သင်ရိုးကျမ်းဂန်များကို အမရပူရမြို့ သာသနာပိုင် ဗားကရာ ဆရာတော်ဘုရားကြီး အမှူးရှိသော ကျမ်းတတ်ကျမ်းပြု ဆရာတော်တို့ထံမှ သဘောအဓိပ္ပာယ်နှင့်တကွ ကျနစွာသင်ကြားပြီးလျှင် ပိဋကတ်ကျမ်းဂန်၊ လောကီကျမ်းဂန်များနှင့် စပ်သည့် ဂန္တန္တရ ဗဟုသုတများကို ရဟန်းပညာရှိ၊ လူပညာရှိတို့ထံ ဆွေးနွေးမေးမြန်း၊ နည်းနာခံယူ လေ့လာမှတ်သားနေထိုင်သည့်အတွင်း အမရပူရ စတုတ္ထနန်းစံ ပုဂံမင်းတရားကြီးလက်ထက် မင်းတုန်း တောင်စဉ်ခုနစ်ခရိုင် အသုံးကံကျွေးခံ ညီတော် လွှတ်တက်မင်းသားကြီးသည် မင်္ဂလာအိမ်တော် စံတော်မူသောအခါ ပညာဗဟုသုတအရာ လေ့လာရှာမှီးသူတို့ကို အလိုရှိတော်မူသည့်အလျောက် ရွှေရေးကျောင်းဆရာတော်ကြီး ဦးဝိသုဒ္ဓအား စုံစမ်းမေးမြန်းလျှောက်ထားရာ ဦးဝိသုဒ္ဓက မိမိ၏ တပည့်ရင်းဖြစ်သော ဦးအာသဘအား အကြောင်းကုန်ပြန်ကြား၍ လူဝတ်လဲစေပြီး မင်းတုန်းမင်းသားထံ ခစားစေသည်။ မင်းတုန်းမင်းသားကြီးက ခေါ်တော်မူပြီးလျှင် ကျန်းဂန်နှင့် စပ်သည့် စကား၊ ပျို့ကဗျာနှင့် စပ်သည့်စကား ခဲရာခဲဆစ်များကို မေးမြန်းတော်မူ၍ ဖြေဆိုတင်လျှောက်ပြီးနောက် ကဗျာဗန္ဓ ဖွဲ့ဆိုရေးသားဆက်သရန် အလိုတော်ရှိရာ သဘောအဓိပ္ပာယ်ကို အမိန့်တော်မြတ်ရှိပြီးလျှင် ပုရပိုက်ကန့်ကူ ပေးအပ်တော်မူသောကြောင့် ရှေ့တော်မှောက်တွင် ကန့်ကူလက်မှမတန့်ရဘဲ ခဏချင်းဖွဲ့ဆိုစီကုံး ရေးသားဆက်သနိုင်ခဲ့သည်။

ဤကဲ့သို့ စေခိုင်းတော်မူသည့်အတိုင်း အလိုတော်ကျ လျင်မြန်စွာ ဖွဲ့ဆိုစီကုံးရေးသားဆက်သနိုင်သဖြင့် အပါးတော်တွင် မြဲစွဲစွာ ထမ်းရွက်နေထိုင်ရမည့် အမိန့်တော်မြတ်အရ မြန်မာသက္ကရာဇ် ၁၂၁၂ ခုနှစ်ကစ၍ မင်္ဂလာအိမ်တော်တွင် မြဲစွဲစွာ ခစားထမ်းရွက်နေထိုင် ရလေသည်။ မင်းတုန်းမင်းသားကြီးက `ငချင်း´ ဟူသောအ မည်မှာ မဖွယ်မရာ မလျောက်မပတ် သေနတ်ဝန်မောင်ကောင်း အမည်ခံစေ´ဟု အမိန့်ချမှတ်ရာ မောင်ချင်းမှ မောင်ကောင်းအမည်သို့ ပြောင်းလဲခဲ့ရသည်။ ထို့နောက် နေမျိုးနရာစည်သူ ဟူသော နေမျိုးဘွဲ့ကို နောင်တော် ပုဂံမင်းတရားကြီးထံ တင်လျှောက်အသနားခံတော်မူပြီးလျှင် မင်္ဂလာအိမ်တော် ဘဏ္ဍာစာရေး ခန့်ထားတော်မူသည်။ ဤတွင်မက မင်းတုန်းမင်းသားကပင် ကြပ်မတ်၍ ဘကြီးတော်လက်ထက်၌ မှန်နန်းအပျိုတော်ဖြစ်ခဲ့သော ဆင်ကြန်သခင်နှင့် လက်ဆက်ပေးသည်အထိ ဂုဏ်ရည်တင်ခြင်းခံခဲ့ရသည်။ သို့ကလို ဘဏ္ဍာစာရေးရာထူးဖြင့် အမှုထမ်းနေစဉ် မောင်ချင်းအမည်မှ မောင်ကောင်းဟု ပြောင်းလဲခေါ်ခဲ့၏။

မင်းတုန်းမင်းတရားကြီး အထွတ်အမြတ်သို့ရောက်တော်မူသောအခါ မင်းလှသိင်္ခဟူသော မင်းတပ်ဘွဲ့နှင့် စစ်ကိုင်းနယ် ရွာသစ်ကြီးရွာကို စားရ၍ ရွှေတိုက်စိုးအဖြစ် အမှုထမ်းရသည်။ ရွှေတိုက်စိုးအရာနှင့် အမှုတော်ကို ထမ်းရွက်နေစဉ် သက္ကရာဇ် ၁၂၁၈ ခုနှစ်အတွင်း `တိံသနိပါတ် တိဏ္ဍုကဇာတ်ကို ပျို့လင်္ကာစီကုံးရေးသားဆက်သွင်းရမည်´ အမိန့်တော်မြတ်အရ ပျို့လင်္ကာပုဒ်ရေ ၁ဝဝ ကို ၁၅ ရက်ခန့်အပြီး ဆက်သွင်းရာ များစွာ နှစ်သက်အားရတော်မူသဖြင့် ရွှေတိုက်စိုးအရာဌာနမျှနှင့် မတန်ချေ။ တိုင်းပြည်နိုင်ငံမှုကို စီမံဆောင်ရွက်နိုင်သော မှူးကြီးမတ်ကြီး အရာဌာနသို့ ရောက်အောင် ထမ်းရွက်စေမည်။ ရည်ရွယ်မျှော်တော်မူပြီးလျှင် နိုင်ငံတွင်းမှု၊ နိုင်ငံခြားမှု၊ မြို့လုပ်ကျုံးတာ စသော လုပ်ကြီးဆောင်မှု၊ ကုန်းကြောင်း ရေကြောင်းနှင့်ဆိုင်သော စစ်သူရဲမက်မှု၊ တရားရာဇဝတ်မှု မှ စ၍ အရပ်ရပ် အမှုကြီးငယ်တို့နှင့် ဆက်ဆံရာ မင်း၏ အာဏာတော်ထားရာ အမှာတော်ရေးအရာ ပုခန်းကြီးမြို့စီရင်စု သပြေငါးရွာစား ခန့်ထားတော်မူသဖြင့် လွှတ်တော်တွင် ဝန်ရှင်တော်မင်းကြီးများ ဝန်ထောက်တော်မင်းများ၏ အမိန့်တော်နာခံ၍ ထမ်းရွက်နေထိုင်ရမည်။

ဤကဲ့သို့ အမှာတော်ရေးအရာနှင့် လွှတ်တော်တွင် ထမ်းရွက်သည့်အတွင်း မန္တလေးအရပ်၌ မြို့နန်းတည်ထောင် စံနေတော်မူရန် ရဟန်းပညာရှိ၊ မှူးမတ်ပညာရှိတို့ စာဆက်သွင်းချက်အတိုင်း မြို့နန်းတည်ထောင်ရန် အခမ်းအနားရှိသည်များကို ဝန်ရှင်တော် မြတောင်မြို့စား သေနတ်ဝန်ကြီး ဆင့်ဆိုရာ နာခံထမ်းရွက်ရမည် စေခိုင်းတော်မူသောကြောင့် မြို့ရာ နန်းရာများကို ချင်းနင်း ကြည့်ရှုတော်မူပြီးလျှင် `ဤကား စေတီတော်ကြီး တည်ရာဌာန၊ ဤကား ကျုံးတော်ကြီး တည်ရာဌာန၊ ဤကား စေတီတော်ကြီး တည်ရာဌာန၊ ဤကား မဟာသကျမာရဇိန်ကျောက်သလင်း ရုပ်ပွားတော်ကြီး တည်ရာဌာန၊ ဤကား ကျောင်းတော်ကြီး တည်ရာဌာန၊ ဤကား သိမ်တော်ကြီး တည်ရာဌာန၊ ဤကား သုဓမ္မာဇရပ်တော်ကြီး တည်ရာဌာန´ ဟူသော ခုနစ်ဌာနနှင့်တကွ အရပ်ရပ် လုပ်ဆောင်တည်ထားရန် အဆောက်အဦဌာန ရှိသည်များကို တိုင်းတာမှတ်သား စနစ်ပုံစံရေး၍ မပြတ်တင်လျှောက်ခြင်းများကို အားရနှစ်သက်တော်မူသည်နှင့် သက္ကရာဇ် ၁၂၁၉ ခုနှစ်အတွင်း လွှတ်တော်စာရေးကြီးအရာ ခန့်ထားတော်မူသည်။

လွှတ်တော်စာရေးကြီးအရာနှင့် ထမ်းရွက်နေစဉ်အတွင်း၌လည်း `ရတနာပုံ ရွှေမြို့တော်ကြီးတည် စာတမ်းကို ရေးသားဆက်သွင်း ရမည်။ အရပ်ရပ် စာဟောင်း စာတမ်းများတွင် ပျက်စီးချွတ်ယွင်းမှုရှိသည်များကိုလည်း ကြည့်ရှုပြင်ဆင်ရမည်´ အမိန့်တော်မြတ်အရ စာတမ်းအချီးနိဒါန်းစကား ရေးသားဆက်သွင်းရာ အားရတော်မူ၍ စာရေးတော်ကြီးတို့ အစဉ်သနားတော်မြတ်ခံမြဲထက်တိုး၍ မဟာမင်းကျော်စည်သူဟူသော မဟာဘွဲ့နှင့် ကတ္တီပါဗောင်း ရွှေစလွယ်ကိုးလွယ် စသော အစီးအနင်း အဆောင်အယောင်များကို သနားတော်မြတ်ခံရသည်။

ထိုမှတဖန် သက္ကရာဇ် ၁၂၂၃ ခုနှစ်အတွင်း နယ်သီးခြားဖြစ်သော တိုက်ကျန် ၁ဝ ရွာ၊ ရွှေယင်းမာရွာ၊ ချောင်းဦး ၁ဝ ရွာ များနှင့်တကွ ကုန်းကြောင်းသေနတ်အမှုထမ်း အစုဦးရေ ၂၂ အနက် မြောက်ထားဝယ်၊ တောင်ထားဝယ် စသော အတွင်းခြောက်စု၊ ကိုယ်ရံတော်အမှုထမ်း လူနှစ်သောင်းကျော်တို့၏ နေရပ်ဌာနဖြစ်သော သုံးတိုက်ခြောက်ဝေပုံတို့ဖြင့် တန်ဆာဆင်အပ်သော အလုံမြို့ကို မြို့ဝန်အရာခန့်ထား သူကောင်းပြုတော်မူသည်။ အလုံနယ်မှာ မဟာဗန္ဓုလ မွေးဖွားကြီးပြင်းရာ ဒေသလည်းဖြစ်သည်။

အလုံမြို့ဝန်အဖြစ် ထမ်းရွက်နေစဉ် စီမံအုပ်ချုပ်ခြင်း၊ တရားစီရင်ခြင်းတို့၌ အထူးအောင်မြင်သည့်အလျောက် အလုံနယ်မှာ ငြိမ်းချမ်း စည်ပင်သာယာဝပြောခဲ့လေသည်။ အလုံဝန်အဖြစ် ဦးကောင်း၏ အုပ်ချုပ်မှုနှင့် တရားစီရင်မှုအာဏာတို့ကို လွှတ်တော်ကသာ ပြင်ဆင်ပယ်ဖျက်နိုင်၏။ ဤသို့ ဆောင်ရွက်နေစဉ်အတွင်း စာပေ၀ါသနာပါသည့်အလျောက် ပြုစုရေးသားခဲ့သဖြင့် နေပြည်တော်၌ပင် ကျော်ကြားခဲ့သည်။ အလုံဝန်ဖြစ်နေစဉ် ဝန်ကတော် ဆင်ကြန်သခင်မှာ အလုံသို့ မလိုက်ခဲ့ချေ။ ထိုစဉ်အတွင်း အလုံမြို့သူကြိး ဦးအို၊ မမကြီး တို့၏ နှမ မရွှေမေနှင့် လက်ဆက်ခဲ့ပြန်သည်။

ယင်းနောက် သက္ကရာဇ် ၁၂၂၆ ခုနှစ်အတွင်း တောင်ငူ ရမည်းသင်း သစ်တောများတွင် သစ်အလုပ်အဆောင် နေရာမကျ၊ အခွန်ဘဏ္ဍာတော် ယုတ်လျော့မှုရှိသည်နှင့် တောင်င၊ူ ရမည်းသင်း မြို့ရွာများကို ဝေခန့်တော်မူရန် စီမံတော်မူပြီးလျှင် အလုံမြို့ဝန် အရာမှ ပြောင်း၍ လွှတ်တော်စာရေးကြီးအရာ တစ်ဖန်ခန့်တော်မူသည်။

● ကင်းဝန်ဖြစ်လာခြင်း
၁၂၂၈ ခုနှစ်တွင် မြင်ကွန်း၊ မြင်းခုံတိုင်အရေး ပေါ်ပေါက်ခဲ့၍၊ အိမ်ရှေ့မင်း ကနောင်မင်းသားကြီး ကျဆုံးရသဖြင့် မင်းတုန်းမင်းတရားကြီးသည် လွှတ်တော်စာရေးကြီး ဦးကောင်းအား နေပြည်တော်သို့ ပြန်လည် ခေါ်ယူတော်မူပြီးလျှင် မင်းကြီးမဟာစည်သူ့ဘွဲ့ နှင့် ဝန်ထောက်တော်ရာထူးဖြင့် အပါးတော်၌ ခစားစေသည်။ အရေးတော်အေးငြိမ်းသွားသောအခါ၌ ကြည်းကင်း ရေကင်း စသည်တို့ကို အုပ်ချုပ်ရန် ဝန်ထောက်ကင်းဝန်ရာထူးသို့ တိုးမြှင့်ခန့်ထားခဲ့လေသည်။ ထိုအချိန်မှစ၍ ကင်းဝန်မင်းကြီး ဦးကောင်းဟု ကျော်ကြားလာလေ သည်။

နေပြည်တော်မြို့ကြီး ရွာကြီးတို့တွင် ကင်းဝန်ဟူရာ၌ အကာအကွယ် အစောင့်အရှောက်ထားသော ကင်းစစ်သည်တို့ကို အုပ်ချုပ်ခန့်ခွဲရန်သာမဟုတ်သေး၊ နယ်စပ်ဒေသတို့တွင် ကူးလူးဆက်ဆံရောင်းဝယ်နေသော ကုန်သည်ခရီးလမ်းတို့ကိုပါ အုပ်ချုပ်၍ အကောက်အခွန်များ စီးကြပ်ရသည့် တာဝန်လည်း ပါဝင်သည်။

၁၂၃၂ ခုနှစ်တွင် အောက်မြစ်စဉ် မြို့ရွာများမှာ အင်္ဂလိပ်ပိုင်နယ်မြေနှင့် နီးစပ်ယှက်တင်နေ၍ ဆက်သွယ်မှု ပြေပြစ်လျက် ရာဇဝတ်ရေး ကင်းလွတ်လုံခြုံအောင် ကင်းဝန်မင်းကြီးကို ထိုမြစ်စဉ်ရှိ မြစ်စဉ်ဝန်၊ စစ်ကဲ၊ အကြီးအအုပ် စသူတို့ကို ကြီးကြပ်အုပ်ချုပ်ရန် ခန့်ထား၏။ ကင်းဝန်မင်းကြီးသည် မင်းလှမြို့နေ၍ ဤအရေးကြီးသော တာဝန်သစ်ကို အောင်မြင်စွာ ထမ်းရွက်ခဲ့လေသည်။

● နိုင်ငံခြားသို့ သံအဖြစ် သွားရောက်ခြင်း
ဗြိတိန်နိုင်ငံနှင့် ပိုမိုရင်းနှီးစွာ တိုက်ရိုက်ဆက်ဆံနိုင်ရန် လည်းကောင်း၊ ဥရောပတိုက်ရှိ အခြားနိုင်ငံကြီးများနှင့်လည်း နိုင်ငံခြားဆက်သွယ်မှု ရရှိရန် လည်းကောင်း၊ ၁၂၃၃ ခုနှစ် တပေါင်းလဆုတ် ၉ ရက်နေ့တွင် မင်းတုန်းမင်းတရားကြီး စေလွှတ်သောသံအဖွဲ့ကို ကင်းဝန်မင်းကြီး ဦးကောင်း ဦးဆောင်ခဲ့၏။ ထိုသံအဖွဲ့မှာ မြန်မာနိုင်ငံမှ ဥရောပနိုင်ငံများသို့ ပထမဦးဆုံး စေလွှတ်ခဲ့သော သံအဖွဲ့ဖြစ်သည်။ သံအဖွဲ့တွင် ၀န်ကြီး ကင်းဝန်မင်းကြီး မဟာစည်သူ (ဦးကောင်း) က သံကြီး၊ ၀န်ထောက်ပန်းတဉ်းဝန် - မဟာမင်းလှကျော်ထင် (ဦးရွှေဘင်)၊ ဝန်ထောက် ဖန်ချက်ဝန် - မဟာမင်းကျော်ရာဇာ (ဦးရွှေအိုး) တို့က သံလတ်နှင့် စာရေးကြီး မင်းလှဇေယျသူ (ဦးခြိမ့်) က သံငယ်အဖြစ် ပါဝင်ကြပြီး ဘုရင့် ရာဇသ၀ဏ်လွှာများ၊ လက်ဆောင်ပဏ္ဍာတော်များ၊ သယ်ဆောင်သွားရောက်ခဲ့ကြသည်။ ဗြိတိန်၊ အိုင်ယာလန်၊ ပြင်သစ်၊ အီတလီနိုင်ငံသို့ သွားရောက်ကာ နိုင်ငံအစိုးရချင်း ဆက်သွယ်ရေး၊ ကုန်သည်ကြီးများ၊ ကုမ္ပဏီကြီးများနှင့် စီးပွားရေး ဆက်သွယ်မှုများကို ဆောင်ရွက်ခဲ့သည့်ပြင် ထိုနိုင်ငံတို့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေးတပ်များဖွဲ့ပုံနှင့် ကာကွယ်ရေးစီမံမှုတို့ကို လေ့လာခဲ့၏။ ပညာသင်ကြားရေး၊ ၀န်ထမ်းလုပ်ငန်း၊ ငွေနှင့် ဘဏ်စနစ်၊ ကြေးနန်းနှင့် စာပို့တိုက်လုပ်ငန်း၊ ပြတိုက်၊ ဇာတ်သဘင် စသည်တို့ကိုလည်း ဆည်းပူးလေ့လာခဲ့သည်။ ထူးခြားသည်မှာ အင်္ဂလန်ပြည်မှ မပြန်မီ ပြင်သစ်သို့ဝင်၍ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံကာ ပြင်သစ်အစိုးရနှင့် မဟာမိတ်စာချုပ်တစ်ခုကို မြန်မာသက္ကရာဇ် ၁၂၃၄ ခုနှစ်၊ ပြာသိုလဆုတ် ၁၁ ရက်နေ့တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ယင်းစာချုပ်အမည်မှာ ၁၈၇၃ ခု၊ ပြင်သစ်နှင့် မြန်မာ နှစ်နိုင်ငံ အချင်းချင်း ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက် ဟူ၍ ဖြစ်သည်။ ကင်းဝန်မင်းကြီး ဦးဆောင်သော အဖွဲ့သည် ၁၂၃၄ ခု တပို့တွဲလပြည့်ကျော် ၁ ရက်၊ ကြာသပတေးနေ့တွင် အင်္ဂလန်ပြည်မှ ပြန်လည်ထွက်ခွာခဲ့ ကြသည်။ အပြန်ခရီးတွင်လည်း ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို ၀င်ရောက်ဖြတ်သန်းပြီး အီတလီနိုင်ငံ ရောမမြို့သို့ သွားရောက်ကာ ပုပ်ရဟန်းမင်းကြီး၊ အီတလီမင်းတို့နှင့် တွေ့ဆုံကြသည်။ သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာနိုင်ငံ) တွင် ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ပြီး စွယ်တော်ပွားတစ်ဆူကိုလည်း ပင့်ဆောင်ခဲ့သည်။ အိန္ဒိယဘုရင်ခံထံသို့လည်း ၀င်ရောက်ခဲ့ပေ၏။ ရန်ကုန်သို့ ရောက်သောအခါ အသွားခရီးကဲ့သို့ပင် အင်္ဂလိပ်အရာရှိများ၏ နှောင့်ယှက်ရှာဖွေ စစ်ဆေးမှုများ ခံခဲ့ရပေသည်။

သံအဖွဲ့သည် ချစ်ကြည်ရေး ဆောင်ရွက်မှုများ၊ ကုန်သွယ်ရေးညှိနှိုင်းမှုများနှင့်အတူ အင်္ဂလန်ပြည် ဥရောပနိုင်ငံများမှ မဟာမိတ်စာချုပ်များ၊ လက်ဆောင်ပဏ္ဏာတော်များ သယ်ဆောင်လျက် မိမိတို့၏ ရတနာပုံမြို့တော်သို့ ၁၂၃၅ ခု၊ ကဆုန်လဆန်း ၆ ရက် (၁၈၇၃ ခု၊ မေလ ၂ ရက်) သောကြာနေ့တွင် ပြန်လည်ရောက်ရှိခဲ့သည်။ ဤသံအဖွဲ့၏ ဆောင်ရွက်မှုကြောင့် ကုန်းဘောင်ရာဇဝင်ကြီးတွင် ကောင်ဒီရော်ရွှဟု ခေါ်သော Count de Rochechouart သူသည် မန္တလေးမြို့သို့ ပြင်သစ်သံအဖြစ် ရောက်လာခဲ့လေသည်။ ၁၂၃၅ ခုနှစ်၊ တပေါင်းလဆုတ် ၁၂ ရက်နေ့တွင် ကင်းဝန်မင်းကြီးပင် ဦးဆောင်၍ ပြင်သစ်နိုင်ငံသို့ မြန်မာသံအဖွဲ့တစ်ဖွဲ့ ထပ်မံသွားရောက်ခဲ့ရာ ပြင်သစ်သံ ကောင်ဒီရော်ရွှပါ လိုက်ပါသွားခဲ့သည်။ ပြင်သစ်သို့သွားရာတွင် စင်္ကာပူမှတဆင့် သွားခဲ့သည်။ ဤသံအဖွဲ့သည် ပြင်သစ်-မြန်မာ ဆက်ဆံရေးအတွက် အကျိုးထူးဖွယ်ရာ ရှိသော်လည်း ပြင်သစ်-မြန်မာ ဆက်ဆံရေးအတွက် အကျိုးထူးဖွယ်ရာရှိသော်လည်း ပြင်သစ်-မြန်မာ ဆက်ဆံရေး၊ အင်္ဂလိပ်-မြန်မာဆက်ဆံရေး တို့ကို များစွာ ဂယက်ရိုက်ခဲ့ပြီး မြန်မာပြည်၏ နိုင်ငံရေးကစားကွက်၏ တစ်စိတ်တစ်ဒေသလည်း ဖြစ်ခဲ့သည်။
၁၂၃၆ ခုနှစ်တွင် ကင်းဝန်မင်းကြီးမှာ သေနတ်ဝန်အဖြစ် ခန့်အပ်ခြင်းခံရ၍ မြောက်ထားဝယ်၊ တောင်ထားဝယ် စသော သေနတ်အစု ၂၂ တပ်၊ စစ်သည်ငါးသောင်း (၅၀,၀၀၀) ကျော်တို့ကို အုပ်ချုပ်ခန့်ခွဲရ၏။ ထိုအချိန်မှစ၍ ကင်းဝန်မင်းကြီးမှာ နိုင်ငံကာကွယ်ရေးနှင့် စစ်မှုရေးရာ တို့တွင် ပိုမိုတာဝန်ယူကာ ဆောင်ရွက်ခဲ့ရ၏။ သေနတ်ဝန်ရာထူးမှာ ကြည်းတပ်များကို ကြီးကြပ်အုပ်ချုပ်ရသဖြင့် သြဇာအာဏာရှိသည်။ ထို့နောက် ၁၂၃၇ ခုနှစ်တွင် လယ်ကိုင်းမြို့စားအဖြစ်ပါ သနားတော်မြတ်ခံရသည်။

● အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး
ဒီမိုကရေစီဝါဒ ထွန်းကားသော ဥရောပနိုင်ငံများသို့ သွားရောက်လေ့လာခဲ့သည့်အတိုင်း၊ မိမိနိုင်ငံ တိုးတက်ရေးအတွက် ဗြိတိန်နိုင်ငံ သို့ ဘုရင်၏ အာဏာကို ကန့်သတ်ကာ ဝန်ကြီးအဖွဲ့နှင့် တိုင်းပြည်ရေးရာများတွင် စီမံခန့်ခွဲသွားနိုင်သည့် စည်းမျဉ်းခံဘုရင်စနစ်တစ်ခုကို တီထွင်ရန် ကင်းဝန်မင်းကြီး ကြိုးစားခဲ့သည်။ သို့ဖြစ်၍လည်း မင်းတုန်းမင်းနတ်ရွာစံသောအခါတွင် မိမိ၏ သြဇာညောင်းမည့် သီပေါမင်းသားကို ထီးနန်းဆက်ခံစေရန် သဘောတူခဲ့ခြင်းဖြစ်သည်။ ၁၂၄ဝပြည့်ုနှစ်တွင် သီပေါမင်း နန်းတက်ပြီးနောက် အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ကို စတင်ခဲ့သည်။ နိုင်ငံတော်အုပ်ချုပ်ရေးတွင် ၁၄ ဌာနခွဲပြီးလျှင် မိမိကမူ ကာကွယ်ရေးဌာနဟု ခေါ်ရမည့် ကြည်းတပ်များကို တာဝန်ယူအုပ်ချုပ်ကာ နိုင်ငံတော်၏ ကာကွယ်ရေးကို စီစဉ်ခဲ့သည်။ တိုင်းပြည်အုပ်ချုပ်ရာ၌လည်း လွှတ်တော်တွင် အခွန်အာဏာများကို ပိုမိုရရှိအောင် ဆောင်ရွက်ခဲ့၏။ လွှတ်တော်အစည်းအဝေးတို့တွင် ဘုရင်ကိုယ်တိုင်သော်လည်းကောင်း၊ အိမ်ရှေ့မင်းသားသော်လည်းကောင်း၊ သဘာပတိအဖြစ် ဆောင်ရွက်မြဲဖြစ်သော်လည်း၊ မြင်ကွန်း၊ မြင်းခုံတိုင်အရေး ပေါ်ပေါက်ပြီးသည့် အချိန်မှစ၍ ဤအစဉ်အလာမှာ ပျက်ပြားသကဲ့သို့ရှိရာ လွှတ်တော်အစည်းအဝေးများတွင် ကင်းဝန်မင်းကြီးပင် ဦးဆောင်ခဲ့ရ၏။ အုပ်ချုပ်ရေးအသစ်မှာ ဘုရင်၏အာဏာကို ကန့်သတ်ရန်ဖြစ်သဖြင့် ကန့်သတ်ခြင်းမခံလိုသူတို့ဘက်မှ အတိုက်အခံများ ပေါ်ပေါက်ခဲ့၏။ သို့ဖြစ်၍လည်း သီပေါမင်းလက်ထက် နောက်ပိုင်းတွင် ကင်းဝန်မင်းကြီးမှာ တန်ခိုးမှိန်ကာ ဘုရင့်ယောက္ခမ ဆင်ဖြူမရှင်အမှူးရှိသော တိုင်းတားမင်းကြီးတို့က သြဇာထက်၍ လာလေသည်။ ဤသို့အားဖြင့် အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို ကင်းဝန်မင်းသည် စိတ်တိုင်းကျ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။

● နိုင်ငံခြားဆက်သွယ်ရေး
ဗြိတိသျှတို့၏ နယ်ချဲ့စစ်ခြေလှမ်းကို ကောင်းစွာရိပ်စားမိသည့်အလျောက် နိုင်ငံခြားဆက်သွယ်ရေး ကျားကစားမှုအောင်မြင်စေရန် ကင်းဝန်မင်းကြီးသည် ပြင်သစ်အစိုးရကို ကျားတစ်ကောင်အနေဖြင့် အသုံးပြုရန် ကြိုးစားခဲ့ပေသည်။ ပြင်သစ်အစိုးရကို ကျားတစ်ယောက် အနေဖြင့် အသုံးပြုရန် ကြိုးစားခဲ့ပေသည်။ ထိုသို့ကြိုးစားခဲ့သော်လည်း ဗြိတိသျှတို့နှင့် ပဋိပက္ခမဖြစ်အောင် လိမ္မာပါးနပ်စွာ ဆက်ဆံရေးသိမ်းမွေ့မှုများကို တစ်ဖက်မှ ဆောင်ရွက်ခဲ့သည်။ မင်းတုန်းမင်းလက်ထက် ဗြိတိသျှဝေလမင်းသား အိန္ဒိယနိုင်ငံသို့ ရောက်လာစဉ်က မြန်မာနိုင်ငံအစိုးရ၏ ကိုယ်စားလှယ်အဖြစ် သွားရောက်နှုတ်ဆက်ခဲ့သည်။ ဗြိတိသျှကုမ္ပဏီကြီးများနှင့် ဆက်သွယ်မှုတို့တွင်လည်း မိမိ၏ အစိုးရငွေရရေးတွင် ဗြိတိသျှကုမ္ပဏီသို့ ကျေနပ်မှုရအောင်လည်း ဆောင်ရွက်ခဲ့၏။ သို့ပင်ဖြစ်လင့်ကစား ပြင်သစ်တို့မှာ အနည်းငယ် တန်ခိုးမှိန်နေသည့်အချိန်၊ ဗြိတိသျှတို့၏ နယ်ချဲ့စီမံကိန်း အလွန်အရှိန်ကောင်းနေသော အချိန်ဖြစ်သည့်အပြင် မိမိနှင့် လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် လွှတ်တော်ဝန်ကြီးတို့ကို မိမိအမြင်သို့ပါအောင် ဆွဲဆောင်နိုင်စွမ်း မရှိခဲ့သောကြောင့် ကင်းဝန်မင်းကြီး၏ နိုင်ငံခြားဝါဒနှင့် လုပ်ငန်းများမှာ မအောင်မြင်ခဲ့ပေ။ ပြင်သစ်တို့နှစ် မဟာမိတ်အဖြစ် ဆက်သွယ်မှုများကို ဗြိတိသျှအစိုးရက ပြင်သစ်အစိုးအား ကန့်ကွက်ခြ့သည်။ ကန့်ကွက်ရုံသာမက ပြင်သစ်တို့ အချိန်မဆိုင်းမီ မြန်မာနိုင်ငံကို လက်ရသိမ်းယူရန် ၁၂၄၇ ခုနှစ်တွင် အကြောင်းပြ စစ်ကြေညာခဲ့လေသည်။

ကင်းဝန်မင်းကြီးသည် မိမိ၏ အရှင်ပေါ်၌ သစ္စာရှိသည်။ `ဦးကောင်းလိမ်ထုတ်၊ သီပေါပြုတ်´ ဆိုသော စကားတို့မှာ မမှန်ချေ။ အင်္ဂလိပ်တို့ ချီတက်လာစဉ် သီပေါမင်းတရား လွတ်ရာသို့ရှောင်ရှားကာ ပြန်လည်ခုခံနိုင်ဖို့ အကြံဥာဏ်ပေးခဲ့၏။ သို့ရာတွင် ယောက္ခမတော် ဆင်ဖြူမရှင်မိဘုရားနှင့် မိဘုရားခေါင်ကြီး စုဘုရားလတ်တို့ မမာမကျန်းဖြစ်ခြင်း၊ သမီးတော်များ ငယ်ရွယ်ခြင်းစသည့် အကြောင်းတို့ကြောင့် ဘုရင်ကိုယ်တိုင်က မထွက်ခွာလိုဟု ငြင်းဆိုးခဲ့၏။ ကင်းဝန်မင်းကြီးသည် လူသတ်ဝါဒကို လုံးဝမနှစ်မြို့။ မင်းတုန်းမင်း နတ်ပြည်စံ၍ မင်းပြောင်းမင်းလွှဲတွင် မင်းညီမင်းသားတို့အား စီစဉ်ရန် ကြံစည်ကြစဉ် မိမိစွမ်းအားရှိသမျှ ဟန့်တားကန့်ကွက်ခဲ့၏။

မိမိတန်ခိုးမှိန်စဉ်တွင် ဆောင်ရွက်နိုင်စွမ်း မရှိခဲ့သော်လည်း မိမိဆောင်ရွက်နိုင်သည့်အခါ၌ ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ထိုမှတစ်ပါး ကင်းဝန်မင်းကြီးသည် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့၏။ ၁၂၄၅ ခုနှစ်တွင် သူ၏အစီအမံဖြင့် သူတစ်ပါးအိမ်တွင် ကြေးယူ၍ ကျွန်အဖြစ် အသက်မွေးနေကြသော လူကြီး ၂၄၀၊ ကလေးသူငယ် ၁၁၅၄ ယောက် ကို ငွေအမ်းရွေးယူပြီးလျှင် သူတို့ဆန္ဒအလျောက် သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့၏။ ထိုအစီအမံတို့ကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးခဲ့၏။

● ဘ၀နိဂုံး
အင်္ဂလိပ်တပ်များချီတက်လာစဉ်တွင်သီိပေါမင်းကိုယ်တိုင်က လွတ်ရာလွတ်ကြောင်း မရှောင်လိုဟု ဆိုသည့်အပြင် ဗြိတိသျှတို့ တောင်းဆိုသည်ကို ကျေအေးစွာ အပြည့်အစုံပေးမည်ဖြစ်ကြောင်း၊ သတ္တ၀ါတို့ အသက်မသေစေရန် တိုက်ခိုက်မှုမရှိစေလိုကြောင်းဖြင့် အမိန့်ပေးသောကြောင့် အင်္ဂလိပ်တို့ချီတက်လာစဉ်တွင် ဟန့်တားတိုက်ခိုက်မှုမရှိရန်နှင့် အင်္ဂလိပ်တို့ကလည်း မတိုက်ခိုက်ရန် စီစဉ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

ဤသို့အားဖြင့် အားမတန်မာန်လျှော့ကာ အညံ့ခံခြင်းသာဖြစ်သည်။ ကင်းဝန်မင်းကြီးသည် သီပေါမင်း ပါတော်မူပြီးနောက် ဗြိတိသျှတို့ တောင်းပန်သည့်အတိုင်း လွှတ်တော်၊ မှူးတော်၊ မတ်တော်တို့နှင့်အတူ နိုင်ငံတော်အုပ်ချုပ်ရေးကို ကူညီခဲ့၏။ ၁၂၅၉ ခုနှစ်တွင် ဒုတိယဘုရင်ခံ၏ ဥပဒေပြု မင်းတိုင်ပင်အဖြစ် အမှုထမ်းခဲ့သည်။ အနိစ္စမရောက်မီ တွေ့မြင်ခဲ့သူတစ်ဦးက ကင်းဝန်မင်းကြီး၏ တည်ငြိမ်ပုံ၊ ထက်မြက်ပုံ၊ ယဉ်ကျေးသိမ်မွေ့ပုံ၊ ဗဟုသုတ များပုံတို့ကို ချီးကျူးရေးသားထားသည်။

ဤကဲ့သို့ မြန်မာအစိုးရမင်းတို့ လက်ထက်တော်နှင့် အင်္ဂလိပ်အစိုးရမင်းတို့ လက်ထက် မင်းလေးဆက်တိုင် ရာထူးဌာနန္တရဘွဲ့ အမည်တံဆိပ်များနှင့်တကွ ချီးမြှောက်သူကောင်းပြုတော်မူသည်ကို ပါရမီဒဗ္ဗသန္ဘာရ သီလ သမာဓိ ပညာ ဗဟုသုတ ဒီဃာယုက ဟူသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော ကင်းဝန်မင်းကြီး ဦးကောင်းသည် အသက် ၈၆ နှစ်၊ ၄ လ၊ ၂၂ ရက် အရွယ်တွင် သင်္ခါရသဘောကို မလွန်ဆန်နိုင်သည်ဖြစ်၍ မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်၊ ၀ါဆိုလဆန်း ၃ ရက် (ခရစ် ၁၉၀၈ ခု၊ ဇွန်လ ၃၀ ရက်) အင်္ဂါနေ့ နံနက်ငါးနာရီတွင် ခန္ဓာပဉ္စကသမုတ္တိမရဏသဘောကို ရွေ့လျောကာ ကွယ်လွန်အနိစ္စ ရောက်ရလေသည်။

ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို ရှေးမြန်မာမင်းတို့လက်ထက် အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်မင်းကြီး သက်တော်ရှည်အမတ်တို့ ကွယ်လွန်ရာ သင်္ဂြိုဟ်သည့် ဆောင်ရွက်မြဲဓလေ့ထုံးစံ အခမ်းအနားနှင့်အညီ တပ်မြို့တွင်း အိန္ဒိယ မဟာအတုလတာရာသဟာယ (C.S.I) စီအက်စ်အိုင်ဘွဲ့တံဆိပ်တို့ကို ချီးမြှင့်ခြင်း ခံခဲ့ရပေသည်။

● မင်းကြီး ပြုစုခဲ့သောစာပေများ
၁။ ၃ ၆စောင်တွဲ ဓမ္မသတ်ကြီး
၂။ သမီးတော်ဧချင်း နှင့် ပုခက်တင်ဧချင်း
၃။ စိတ္တုပက္ကိလေသစာတမ်း
၎။ တိန္ဒုကပျို့
၅။ ရတနာနဒီမော်ကွန်း
၆။ ကင်းဝန်မင်းကြီး လန်ဒန်သွား နေ့စဉ်မှတ်တမ်းနှင့် ပြင်သစ်သွား နေ့စဉ်မှတ်တမ်း
၇။ နာနာနယသင်္ခေပကဗျာဗန္ဓကျမ်း ခေါ် ကင်းဝန်မင်းကြီး ကဗျာစု
၈။ အမွေမှု ဓမ္မသတ်ကြီး
၉။ အဍ္ဍသင်္ခေပ၀ဏ္ဏနာဓမ္မသတ်
၁၀။ မေတ္တာစာများ
၁၁။ ဓမ္မောဇမော်ကွန်း
၁၂။ ပကိဏ္ဏကဓမ္မသတ်လင်္ကာ
၁၃။ နေမိရကန်
၁၄။ ကဗျာ နှင့် ဂီတသီချင်းများ ဖြစ်လေသည်။

● စာကိုး
၁။ ကင်းဝန်မင်းကြီး၊ နာနာနယသင်္ခေပကဗျာဗန္ဓ ခေါ် ကင်းဝန်မင်းကြီးကဗျာစု၊ ဟံသာဝတီ၊ ၁၉၆၈။
၂။ ဗိုလ်မှူးဘသောင်း၊ စာဆိုတော်များအတ္ထုပတ္တိ၊ ရာပြည့်စာအုပ်တိုက်၊ ပဉ္စမအကြိမ် ၂၀၀၂။
၃။သန်းဝင်းလှိုင်၊အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓါန်(ပထမတွဲ)ရန်ကုန်၊ပညာရွှေတောင်စာပေတိုက်၊၂၀၁၀ 
 သန်းဝင်းလှိုင်
မေ ၁၊ ၂၀၁၃
မိုးမခ
 

Saturday, May 11, 2013

M - O - T - H - E - R


"M" is for the million things she gave me,

"O" means only that she's growing old,

"T" is for the tears she shed to save me,

"H" is for her heart of purest gold;

...
... "E" is for her eyes, with love-light shining,

"R" means right, and right she'll always be,

Put them all together, they spell

"MOTHER,"

A word that means the world to me.

                                                                Howard Johnson (c. 1915
)

အမေနေ့

(ကမ္ဘာ အမေနေ့)ဖြစ်ပေါ်လာပုံ

အမေနေ့ (Mother Day)သည် ကမ္ဘာပေါ်ရှိ အမေအားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလဒုတိယပတ် တနင်္ဂနွေနေ့ကို အမေနေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြပါသည်။

မြန်မာနိုင်ငံတွင် အမေနေ့ကို နှစ်စဉ် ပြာသိုလပြည်နေ့၌ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ပြောဆို ကြသည်။ ယဉ်ကျေးမှု ဓလေထုံးတမ်း အလိုက် မတူညီသော ရက်များတွင် အမေနေ့ကို ကျင်းပကြပါသည်။


ရှေးဟောင်း ဂရိ ရောမခေတ်မှ စတင်၍ ဒီနေ့ခေတ်အထိ အမေနေကို ကျင်းပနေကြဆဲ ဖြစ်ပါသည်။ နောင်တွင်လဲ အမေကျေးဇူး ထုတ်ဖော်သည် နေ့ကို ဆက်လက်ကျင်းပ နေကြအုံးမှာ မလွဲပေ၊ Officially အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်း အားထုတ်ခဲသူမှာ အမေရိကန်နိုင်ငံသူ Juila Ward Home (1819-1910) ဖြစ်သည်။ သူမသည် ကျော်ကြားသော စာရေးဆရာမကြီးတစ်ဦးဖြစ်ပြီး အမေနေ့ဖြစ်မြောက်ရန် ကလောင်စွမ်းနှင် ကြိုးပမ်းခဲသူဖြစ်သည်။
အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းခဲသူ Juila Ward Home သမီး Anna Jarvis က အမေ အိပ်မက်ကို ဆက်လက်ပြီး ရှင်သန်စေခဲသူ ဖြစ်ပြီး သူမဟာလဲ မမေသင်သော ကျေးဇူးရှင် တစ်ဦးဖြစ်ပါသည်။ Juil Ward Home နှင် Anna Jarvis တို့၏ ကြိုးပမ်းမှုများကြောင် နောက်ပိုင်းတွင် ကမ္ဘာာနှင်အ၀ှမ်း အမေနေ့ ကျင်းပနေခဲကြတာ ဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံတွင် မယ်တော်မယ်ရီကို ဂုဏ်ပြုသည်အနေ့နှင် ကျင်းပလေရှိသည်။ ထိုနေ့မှာ အမေအားလုံးသည် တူညီဝတ်စုံများကို ၀တ်ဆင်ပြီး အခမ်းအနား ကျင်းပသောနေရာကို ရောက်လာသောအခါ သားသမီးများက အမေများ၏ ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြပါသည်။

မြန်မာ အမေနေ့ ဖြစ်ပေါ်လာပုံ


မြန်မာပြည်တွင် စာရေးဆရာ ဒါရိုက်တာ ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင် ပြာသိုလ်လပြည်နေ့ကို အမေနေ့အဖြစ် သတ်မှတ်နိုင်ခဲပြီး မြန်မာ ပြက္ခဒိန်တွင် ပြာသိုလ်လပြည် အမေနေ့ အဖြစ် ကမ္ဗည်းတင်နိုင်ခဲပေသည်။ မြန်မာယဉ်ကျေးမှု့အရ အမေကို ဘုရားနှင် တစ်ဂိုဏ်းတည်း ထားပြီး မာတာပိတုဂုဏောအနန္တော ဆိုပြီး ပူဇော်ခဲ အရိုအသေ ပေးခဲကြသည်။

ဆရာကြီး ဦးသုခက Officially ဖြစ်အောင် ကြိုးပမ်းပေးသူ ဖြစ်ပါသည်။ ၁၉၉၅-ခုနှစ်၊ ပြာသိုလ်လပြည်နေ့၌ စာရေးဆရာ ဦးသုခ၏ တိုက်တွန်းပြောပြချက်အရ မန္တလေးတွင် အမေနေ့ကို ပထမဦးဆုံး စတင်၍ ကျင်းပပြုလုပ်ခဲပါသည်။ မိဘကျေးဇူးဆပ်နည်း စသည် ဗဟုသုတပညာပေးများ ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာဗဟုသုတ တိုးပွားစေလိုသည် ဆန္ဒဖြင့် စတင်ခဲခြင်း ဖြစ်ပါသည်။
“အမေဆိုသည် စာကလေးနှစ်လုံးကို အသံထွက်အောင် ရွတ်ဆိုကြည်လိုက်စမ်းပါ။ အလွန်ချိုမြိန်သော၊ သာယာသော၊ စိတ်ချမ်းသာသော၊ မေတ္တာနှင်ထုန်မွှန်းသော အရသာကို ခံစားရပါလိမ်မည်” (ဆရာကြီး ဦးသုခ၏ ပထမဆုံးအကြိမ် မန္တလေး အမေနေ့ ဟောပြောပွဲမှ)