Friday, December 23, 2011

ဟစ်ဟော့ ဂီတအကြောင်း

ဟစ်ဟော့ ဂီတ (Hip hop music) သည် ၁၉၇၀ ခုနှစ်လောက်က နယူးယောက်မြို့ရှိ
 အာဖရိကန်-အမေရိကန် များအစပြုခဲ့သော ယဉ်ကျေးမှု လှုပ်ရှားမူ့တစ်ရပ် ဖြစ်သည်။ ဟစ်ဟော့ ယဉ်ကျေးမူ့တွင် အဓိကအစိတ်အပိုင်း လေးမျိုး ပါဝင်ပြီး၊ ၎င်းတို့မှာ
  • rapping (သီချင်းစာသားများအား ကာရံနှင့်အညီရွတ်ဆိုခြင်း)
  • DJing ( ဓါတ်ပြားများအား ပွတ်ခြင်း၊ခေတ္တရပ်အောင်လုပ်ခြင်းဖြင့် ဆန်းပြားသောအသံများထွက်လာစေခြင်း)
  • graffiti (နံရံဆေးရေးပန်းချီတစ်မျိုး) နှင့်
  • b-boying (ဘရိတ်ဒန့်(စ်)အက)
တို့ပါဝင်သည်။ အခြား အစိတ်အပိုင်းများအဖြစ် Beatboxing (ပါးစပ်ဖြင့် စည်းချက်များပြုလုပ်ခြင်း) Fashion (၀တ်စားဆင်ယင်မူ့ ပုံစံ) နှင့် Slang (ဗန်းစကားများ အသုံးပြုခြင်း) တို့လည်းပါဝင်သည်။ ပထမဆုံးအကြိမ် Bronx နယ်မြေ တွင် ကျင်းပအစပြုရာမှ ဟစ်ဟော့ ယဉ်ကျေးမူ့သည် ကမ္ဘာအနှံ့ ကျယ်ပြန့်သွားခဲ့သည်။
ဟစ်ဟော့ဂီတသည် DJs(Disc Jockey) များက Turntables ဟုခေါ်သော ဓါတ်ပြားဖွင့်စက်နှစ်လုံးနှင့် စည်းချက်ညီသော ရိုက်ချက်သံများ ထွက်လာအောင် ဖန်တီးခြင်းဖြင့်စတင်ခဲ့သည်။ နောက်ပိုင်း ထိုရိုက်ချက်များပေါ်တွင် Rap ဟုခေါ်သော ကာရံညီအောင် ရွတ်ဆိုသွားသည့် တေးစာသားများကို ထည့်သွင်း ပေါင်းစပ်ခဲ့သည်။ ထိုကဲ့သို့ရွတ်ဆိုခြင်းကို rapping ဟုခေါ်ကာ သီဆိုသူများကို rapper ဟုသုံးနှုန်းသည်။ နောက်ပိုင်းတွင် သီဆိုသူRapper များကို MC ဟုလည်းခေါ်ကြသည်။ ဆန်းကြယ်သော အကပုံစံများနှင့် သီးခြားဝတ်စားဆင်ယင် ပုံစံမျိုးသည် ထိုဂီတသစ်ကို ကြိုက်နှစ်သက်သော လူများကြားတွင် ခေတ်စားလာသည်။ ထိုဝတ်စားဆင်ယင်ပုံစံ များသည် ယဉ်ကျေးမူ့သမိုင်းတွင် ဟစ်ဟော့ ယဉ်ကျေးမူ့ကို အသိမှတ်ပြု လာရအောင် လွှမ်းမိုးလာခဲ့သည်။

ဟစ်ဟော့ပ်ဂီတသည် မြန်မာနိုင်ငံ၏ ဂီတသမိုင်းတွင် ရော့ခ်အင်ရိုး ခေါ် ရော့ခ်ဂီတပြီးလျှင် မြန်မာလူငယ်များကို စွဲဆောင်မှုအရှိဆုံး ဂီတဖြစ်ခဲ့သည်။ ထိုဂီတကိုသာ လူငယ်များက နှစ်ခြိုက်ရုံသာမက ထိုဂီတနယ်ပယ်မှ အဆိုတော်များဖြစ်သည့် ရက်ပါများ ဝတ်ဆင်ကြပုံကိုမှာလည်း ခေတ်လူငယ်များအတွက် အကြိုက်တွေ့စရာ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံတွင် rap ဂီတကို မျိုးကျော့မြိုင် မှအစပြုသီဆိုခဲ့သော်လည်း ဟစ်ဟော့ဂီတအဖြစ်ပီပီပြင်ပြင် ပေါ်ပေါက်လာခြင်း မရှိခဲ့ပေ။ မြန်မာနိုင်ငံ၏ပထမဆုံးဟစ်ဟော့ အယ်လဘမ်အဖြစ် အက်စစ်အဖွဲ့ ၏စတင်ခြင်း အခွေ ၂၀၀၀ ခုနှစ်တွင် ထွက်လာခဲ့သည်။ ထိုနောက်ပိုင်းတွင် ဟစ်ဟော့ဂီတသည် မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ပေါ်ပြူလာ ဖြစ်နေသော ဂီတအမျိုးအစားဖြစ်လာသည်။ မြန်မာနိုင်ငံတွင် တခြားသော ဟစ်ဟော့ယဉ်ကျေးမူ့များထက် fashion နှင့် rapping တို့ကို လူငယ်များပိုကြိုက်နှစ်သက်ကြသည်

စကားလုံးရင်းမြစ်

၁၉၀၄ အစောပိုင်းကာလတွင် hip ဆိုသောစကားလုံးကို အာဖရိကန်-အမေရိကန်တို့က တိုင်းရင်းအင်္ဂလိပ်စကားအဖြစ်အသုံးပြုခဲ့ကြသည်။ ထိုလူထုသုံးစကား hip ၏ အဓိပ္ပါယ်မှာ တိကျစွာပြောခြင်း(informed) နှင့် လက်ရှိ(Current) ဆိုသောသဘောဖြစ်၍ မူရင်းhep ဆိုသော စကားမှ ဆင်းသက်လာသည်။
rapper တစ်ယောက်ဖြစ်သော Keith Wiggins မှ အမေရိကန်ရေတပ်မတော်တွင် စစ်မူ့ထမ်းနေသော သူ၏ သူငယ်ချင်းဖြစ်သူကို နောက်ပြောင် ရာမှ hip-hop ဆိုသော စကားလုံးပေါ်ပေါက်လာသည်။ စစ်သားများ လေ့ကျင့်ချီတက်ရာတွင် ညာသံပေးသော တက်သံကျသံကို စည်းချက်ကျကျ hip-hop hip-hop ဟုလိုက်အော်ရာမှ ထိုစကားလုံးဖြစ်လာသည်။ ထိုတက်သံ၊ကျသံ hip-hop ကိုနောက်ပိုင်းတွင် keith Wiggins ကသူ၏ စင်မြင့်ဖျော်ဖြေပွဲတစ်ခုတွင် အသုံးပြုခဲ့သည်။ သူတို့အဖွဲ့အားလည်း ဂီတသစ်တစ်မျိုးကို စတင်ဖန်တီးနေသော DJs များက those hip-hoppers များဟုရည်ညွှန်းပြောဆိုခဲ့ကြသည်။ ထိုစကားလုံး hip-hop ၏ အဓိပ္ပါယ်မှာ မလေးစားခြင်း၊သရော်လှောင်ပြောင်ခြင်း ဟု မူလကအဓိပ္ပါယ်ရသော်လည်း နောက်ပိုင်းတွင် ထိုဂီတအသစ်နှင့်ယဉ်ကျေးမူ့ကို ကိုယ်စားပြုသည့် အဓိက စကားလုံးဖြစ်လာသည်။ အဖွဲ့အမျိုးမျိုးက ထိုစကားလုံးကို သုံးခဲ့ကြပြီး ဟစ်ဟော့ရှေ့ဆောင်လမ်းပြ တစ်ယောက်ဖြစ်သော အာဖရိကဘန်ဘာတာ Afrika Bambaataa မှ ၁၉၈၁ ခုနှစ်တွင် ထွက်ရှိသော single album "positive life" တွင်ထည့်သွင်းအသုံးပြုခဲ့သည်။ ထိုအချိန်မှစ၍ ဟစ်ဟော့ဆိုသော စကားလုံးသည် ယဉ်ကျေးမူ့စာမျက်နှာတစ်ခုအဖြစ် တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့သွားခဲ့သည်။

နောက်ခံ သမိုင်းကြောင်း

ဂျမေကာ နိုင်ငံဖွား ဒီဂျေ Clive Kool Herc Campbell သည် ဆယ့်သုံးနှစ်သားအရွယ်တွင် နယူးယောက်မြို့ သို့ပြောင်းရွေ့ နေထိုင်ခဲ့ပြီး မူလဟစ်ဟော့ဂီတကို ဖန်တီးခဲ့သူဖြစ်သည်။ ဂျမေကာရိုးရာ ဂီတသံများကို အခြေခံကာ ဟစ်ဟော့ဂီတ သစ်တရပ်အဖြစ် ရှေးဦးဖန်တီးခဲ့သည်။ ဂျမေကာမှ ကလေးငယ်များက ဂီတသံအပေါ်တွင် လက်တန်းရွတ်ဆိုသော ကဗျာပုံစံများကို ခေတ်ပေါ်ဂီတတစ်ရပ်နှင့် တွဲဖက်ရန် သူငယ်စဉ်ကတည်းက စိတ်ကူးရှိခဲ့သည်။
Herc နှင့် တစ်ခြားသော DJs သမားများသည် သူတို့၏ တူရိယာစက်များနှင့် ဖျော်ဖြေမူ့များအတွက် လျှပ်စစ်မီးလည်းရနိုင်သော ဘတ်(စ)ကတ်ဘောကွင်းများနှင့်ရှေးဟောင်းအိမ်များတွင် ဂီတပွဲများကျင်းပခဲ့သည်။ ထိုနေရာများသည် ဟစ်ဟော့ဂီတ ပေါက်ဖွား ခဲ့ရာနေရာများလည်းဖြစ်သည်။ သူတို့အသုံးပြုသော တူရိယာများနှင့်စက်ကိရိယာများသည် အများအားဖြင့် အားကောင်းသောစပီကာများ၊ Turntabels ဟုခေါ်သော ဓါတ်ပြားဖွင့်စက်များနှင့် တစ်လုံး(သို့မဟုတ်) ထို့ထက်ပိုသော မိုက်ကရိုဖုန်းများသာ ပါဝင်လေသည်။ funk တေးသွားများမှ က၍အကောင်းဆုံးအပိုင်းကို အကြိမ်ကြိမ်ပြန်လည်ဖွင့်စေခြင်းဖြင့် break-deejaying ဆိုသောနည်းကိုလည်း Herc သည်တိုးတက်စေခဲ့သူဖြစ်သည်။ ဗုံရိုက်သံကို အဓိကထားပြီး ထို breakbeat Djing ပြုလုပ်ရာတွင် funk, rock နှင့် လက်တင်ဗုံသံ မှစည်းဝါးရိုက်သံများကို ယူ၍ ထိုအသံများသည် ဟစ်ဟော့ဂီတအတွက် အခြေခံ ဂီတသံများဖြစ်လာခဲ့သည်။ Herc ၏ အကသမားများအပေါ် ကြေငြာမူ့များနှင့် တိုင်ပင်ခေါ်သံများသည် ကာရံများနှင့်ညီအောင်ပြောဆိုရာမှ ယခုလူသိများသော rapping ဆိုသည့်အပိုင်းပါဝင်လာသည်။ သူ၏အကသမားများအား break-boys နှင့် break-girls ၊ အတိုကောက်အားဖြင့် b-boys နှင့် b-girls များဟုနာမည်ပေးခဲ့သည်။Herc ၏သတ်မှတ်ချက် အခေါ်အဝေါ်များ ဖြစ်သော breaking, b-boys နှင့် b-girls များသည် ဟစ်ဟော့ဆိုသော နာမည်မပေါ် ခင်ကပင် ဟစ်ဟော့ ယဉ်ကျေးမူ့၏ အရေးပါလာမည့် အစိတ်အပိုင်းများအဖြစ်တည်ရှိနေခဲ့သည်။
နောက်ပိုင်းပေါ်လာသော Grand Wizard Theodore တို့ကဲ့သို့သော DJs များက breaking နည်းစနစ်များကို ပိုမိုဆန်းသစ်တိုးတက် လာစေခဲ့သည်။ ဟစ်ဟော့အား ယဉ်ကျေးမူ့တစ်ရပ်အဖြစ် လက်ခံလာအောင် ဖွံ့ဖြိုးလာစေသောသူမှာ အာဖရိကဘန်ဘာတာ Afrika Bambaataa ဦးဆောင်သော အဖွဲ့ဖြစ်သည်။ ဘန်ဘာတာသည် ရိုးရှင်းသော ဒစ္စကိုbeat များပေါ်တွင် rapping လိုက်ရွတ်ရသည့်အစား drum machine အား synthesizer နည်းပညာဖြင့်ဖန်တီးထားသော beating ပေါ်တွင်ရွတ်ဆိုသော နည်းစနစ်ကို ၁၉၈၃ ခုနှစ်တွင်ဖန်တီးခဲ့သည်။ နောက်ပိုင်းတွင် ဂီတဗီဒီယို များခေတ်စားလာသောအခါ ဟစ်ဟော့ဂီတသည် ပိုမိုအောင်မြင်လာခဲ့သည်။ Planet rock အတွက်ဂီတဗီဒီယိုတွင် ဟစ်ဟော့ယဉ်ကျေးမူ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဟစ်ဟော့ဂီတ၊ graffiti နှင့် ဘရိတ်ဒန့်စ် များကိုတင်ဆက်ပြသခဲ့သည်။ ၁၉၈၃ နှင့် ၁၉၈၅ ကြားတွင်ဟစ်ဟော့ဂီတကို အသုံးပြုလာသော ရုပ်ရှင်ကားများထွက်လာခဲ့သည်။ ထို့နောက်တွင်ဟစ်ဟော့ဂီတသည် အမေရိကန်နိုင်ငံမှ အစပြုကာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုရသော ဂီတသစ်တစ်ရပ်အဖြစ်ပေါ်ထွန်းခဲ့လေသည်။

ဟစ်ဟော့ဂီတ၏ လူမူ့ရေးဆိုင်ရာရိုက်ခတ်မူ့များ

ဟစ်ဟော့ဂီတသည် ပေါ်ပေါက်လာစက လူများယခုထင်နေသကဲ့သို့ အကြမ်းဖက်မူ့ကို အသားပေးသော ဂီတအမျိုးအစားမဟုတ်ခဲ့ပေ။ ထိုဂီတသည် လူငယ်များလမ်းပေါ်တွင် ဂိုဏ်းအသင်းများအဖြစ် တစ်ဖွဲ့နှင့် တစ်ဖွဲ့တိုက်ခိုက်နေမည့်အစား အကယဉ်ပြိုင်ခြင်း စသော ခန္ဓာကိုယ်ကျန်းမာရေးနှင့် အနုပညာ ယှဉ်ပြိုင်ခြင်းများကို လူငယ်များပိုမိုစိတ်ဝင်စားလာစေရန် အားပေးခဲ့သည်။ Hip Hopနဲ့ဆက်နွယ် ပတ်သက်နေသောGraffiti Art ဆိုသော အနုပညာ တစ်ရပ်လည်း ရှိပါသည်။

ဟစ်ဟော့ဂီတ၏ ကမ္ဘာလုံးဆိုင်ရာရိုက်ခတ်မူ့များ

ဟစ်ဟော့ဂီတသည် ဥရောပ အာရှ ထိုမှတဆင့် ကမ္ဘာ့အရှေ့ဖျား ဂျပန်နိုင်ငံထိ ၊တောင်အမေရိက မှဘရာဇီး အစရှိသောနိုင်ငံများအထိ လျင်မြန်စွာ ကူးစက်သွားသည်။ တစ်နေရာမှ တစ်နေရာသို့ ပြန့်နှံ့သွားရာတွင် ထိုနိုင်ငံမှ ဂီတအလိုက် အသံများနှင့် သီဆိုဟန်များလည်း ပြောင်းလဲသွားတတ်သည်။ ပုံစံအမျိုးမျိုးပြောင်းနေသော်လည်း မူရင်းပုံစံ old school အား ဒေသအလိုက်ပြန်လည်စမ်းသစ်ရာမှ ကွဲပြားသော ဟန်များပေါ်လာခြင်းလည်းဖြစ်သည်။ ဟစ်ဟော့ဂီတသည် လူငယ်များ သူတို့၏ အမြင်များကို လွတ်လပ်ပွင့်လင်းစွာ ဖေါ်ပြသည့် ဂီတအမျိုးအစားလည်းဖြစ်သည်။ အမေရိကန် နိုင်ငံမှ စတင်ခဲ့သောကြောင့် အမေရိကန်စရိုက်များဖုံးလွှမ်းနေသော်လည်း လက်ခံရာနိုင်ငံအသီးသီးမှ ဟစ်ဟော့ ဂီတပညာရှင်များက သူတို့ နိုင်ငံ၏ဓလေ့စရိုက်နှင့် ညီအောင် ဖန်တီးနိုင်ခဲ့ကြသည်။ ဟစ်ဟော့ဂီတကို အဓိက ကြိုက်သော သူများမှာလည်း လူငယ်များအများဆုံးဖြစ်သောကြောင့် ထိုဂီတနှင့် ယဉ်ကျေးမူ့များသည် ကမ္ဘာလုံးဆိုင်ရာလူငယ် ယဉ်ကျေးမူ့တစ်ရပ် ဖြစ်လာသည်။

အဲလက်ထရို-ဟစ်ဟော့ပ် (Electro Hip-Hop)

ဟစ်ဟော့ပ်ဂီတ မြန်မာနိုင်ငံတွင် ပေါ်ပြူလာဖြစ်ပြီး ဆယ်စုနှစ် တခုလောက်ကြာသည့် အခါတွင် ထိုဂီတ၏ ဘူမိနက်သန်နိုင်ငံဖြစ်သော အမေရိကန်တွင်ပင် ဟစ်ဟော့ပ်နှင့် ပတ်သက်၍ အချိုးအကွေ့၊ အပြောင်းအလဲ တခု ဖြစ်ပေါ်ခဲ့သည်။
အမေရိကန်တွင် လူကြိုက်များသော Gangsta Rap, Down South နှင့် Rap Core စသည့် ဟစ်ဟော့ပ်ဂီတ မျိုးကွဲများမှာ မြန်မာနိုင်ငံတွင်လည်း လူကြိုက်များသည်။ ၂ဝဝ၅ ခုနှစ် နောက်ပိုင်းတွင်မူ မူရင်း ဟစ်ဟော့ပ် ဂီတပုံသဏ္ဍာန်များသည့် နရီ၊ စည်းချက်၊ သီဆို၊ တီးခတ်မှုများနှင့် ကွဲပြားခြားနားလာသည့် ဟစ်ဟော့ပ် ပုံသဏ္ဍာန်သစ်တမျိုးကို ပရိသတ် နှစ်ခြိုက်လာကြသည်။
နောက်ပိုင်း ဟစ်ဟော့ပ် မျိုးဆက်များ လက်ခံအားပေးလာသည့် ထိုဂီတကို အဲလက်ထရို - ဟစ်ဟော့ပ် (Electro Hip-Hop) သို့မဟုတ် အဲလက်ထရိုဟော့ပ် ElectroHop ဟုလည်း ခေါ်သည်။
ဆူညံပေါက်ကွဲသည့် ရော့ခ်သီချင်းတပုဒ်လို သီဆိုမှုမျိုးဖြင့် အီလက်ထရောနစ် နောက်ခံဂီတ ဖြည့်စွက်မှုများဖြင့် ဖန်တီးထားသည့် ထိုဂီတမှာ အမေရိကန်တွင် လွန်ခဲ့သည် ဆယ်စုနှစ်တခုကျော် လောက်ကတည်းက စတင် သန္ဓေတည်နေပြီဖြစ်သော်လည်း ယခုလောက် ပေါ်ပြူလာ မဖြစ်သေးချေ။
အနောက်ဘက်ကမ်းခြေ၏ ဟစ်ဟော့ပ် ဆရာတဆူဖြစ်သော ဒီဂျေလွန်ဇို ဝီလျံ၏ Eve Ever After Dark ညကလပ် စတင်တည်ထောင်သည့် ၁၉၇၉ ခုနှစ်မှ စတင်ကာ Electro Hop ဂီတ ပေါ်ပေါက်ခဲ့သည်ဟု အမေရိကန် ဟစ်ဟော့ပ် သမိုင်းပညာရှင်များက တညီတညွတ်ထဲ မှတ်ချက်ပြုထားသည်။
ဒီဂျေ လွန်ဇို ဝီလျံမှာ အနောက်ဘက်ကမ်းခြေ (west coast) ဟစ်ဟော့ပ် လောကနှင့် ပတ်သက်ပြီး သြဇာကြီးမားသကဲ့သို့ သူ၏ Eve Ever After Dark ညကလပ်မှာလည်း Gangsta Rap နှင့် Electro Hop ဂီတ စတင်ပေါက်ဖွားရာ ရေခံမြေခံများထဲမှ တခုဖြစ်သည်။
၁၉၇၉ ခုနှစ်လောက်က စတင်ခဲ့သည့် Electro Hop ဂီတမှာမူ Gansta Rap နှင့် Rap Core များထဲသို့ ပရိသတ်ထဲသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိမသွားဘဲ ၅ နှစ်နီးပါးအကြာတွင် (၁၉၈၄ ခုနှစ်လောက်တွင် ကွယ်ပျောက်သွားခဲ့ရပြီး) ၉ဝ ပြည့်လွန်နှစ်များထိ ထိုဂီတ အမျိုးအစားမှာ အမေရိကန် ဖျော်ဖြေရေးလောကတွင်ပင် ငုပ်ကောင်ဖြစ်နေခဲ့ရသည်။ Electro Hop နှင့်အပြိုင် ပေါ်လာသည့် West Coast: Gangsta Rap ဂီတ အမျိုးအစားမှာမူ Tupac Shakur, Dr Dre, Snoop Dogg စသည့် ရက်ပ်အကျော်အမော်များ၏ သီဆိုဖျော်ဖြေမှုများကြောင့် စင်တင်တေးဂီတအဖြစ် ပရိသတ်၏ အားပေးမှုကို ရရှိကာ စင်တင်တေးဂီတ ဖြစ်ခဲ့သည်။
၁၉၉၆ ခုနှစ် နောက်ပိုင်းတွင်မူ Electro Hip Hop ဂီတမှာ အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းနှင့် အရှေ့ဘက်ကမ်းရိုးတန်း ဖလော်ရီဒါနှင့် နယူးယောက် အချို့နေရာများတွင် တစွန်းတစ ပြန်ကြားလာခဲ့ရသည်။ နာမည်ကျော် ဓာတ်ပြားတိုက်ကြီးများမှ ဖြန့်ချိပြီး အပျံစား စတူဒီယိုကြီးများမှ ထုတ်လုပ်သည့် အယ်(လ်)ဘမ်များဖြင့်တော့ မဟုတ်သေးချေ။ တကျော့ပြန် ထိုးဖောက်ဖို့ အားယူနေရစဉ်အတွင်း အပေါစားညကလပ်အချို့က ဖွင့်လှစ်သည့် မြေအောက် တေးအယ်(လ်)ဘမ် (Underground Album) များ အဖြစ်သာ နားဆင်နိုင်ပေသည်။
ဆူဆူညံညံရှိလှသော အသံ၊ အားပါလှသော အပြင်းစား ဘိ (beat)၊ ရောနှောပေါင်းစပ်ထားသော တီးကွက် (Melody) များက Rap နှင့် Meatal ကို ပေါင်းစပ်ထားသည့် Nu Metal ဂီတနှင့် ဆင်ဆင်တူသော်လည်း Electro Dance ဂီတ စတိုင်လ်ကို ပေါင်းစပ်ထားနိုင်မှုက Electro Hop ၏ ထူးခြားသော ကြန်အင်လက္ခဏာ ဖြစ်ခဲ့သည်။
မွေးစားဂီတ (Adopted Music) ဟု တချို့က ခေါ်ကြသလိုပင် တစတစ လူကြိုက်များလာသည့် ထိုဂီတမှာ Hip Hop, Rock, Jazz, R&B စသည့် ဂီတများကဲ့သို့ တန်းဝင်ပေါ်ပြုလာ မဖြစ်သေးသော်လည်း ၂ဝဝဝ ခုနှစ် နောက်ပိုင်းမှစ၍ နာမည်ကျော် ရက်ပ်ဆရာများ၏ မျက်စေ့ကျစရာ ဖြစ်ခဲ့သည်။ (ဤနေရာတွင် တခုပြောလိုသည်မှာ အမေရိကန်တွင်လည်း ဂီတသစ်တမျိုး လူကြိုက်များလာသည်နှင့် အချို့ အဆိုတော်များက မိမိ၏ ပင်ကိုယ်လိုင်းမှ အနည်းငယ်ပြောင်းလဲ သီဆိုမှုများ ရှိသည်)။
Electro Hop ဂီတမှာ အနောက်ဘက်ကမ်းခြေမှ စတင်သန္ဓေတည်ခဲ့သော်လည်း အရှေ့ဘက်ကမ်းခြေမှတဖန် ပြန်လည်စတင်ခဲ့ရသည်။ အများစုကမူ Electro Hop မှာ ရှေးရိုးဟစ်ဟော့ပ် (Old School) မှ ခေတ်သစ် ဟစ်ဟော့ပ် (New School) သို့ အီဗော်လူးရှင်း ဖြစ်လာပုံကို ထင်ဟပ်ပြသနိုင်မှုဟု ယူဆသည်။
အချို့ ကရက်ပ် အဆိုတော်များကမူ Electro Hop မှာ Hip Hop မှ ခွဲဖြာလာသော အကိုင်းအခက် တခုသာဖြစ်ပြီး ထိုသူတို့မှာ ထိုဂီတကို သီခြားဂီတ သို့မဟုတ် ဟစ်ဟော့ပ်၏ ဆင့်ကဲပြောင်းလဲလာသော ဖြစ်စဉ်တခုဟု မှတ်ယူခြင်း မပြုကြပေ။
၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းတွင်မူ N.W.A အဖွဲ့ Egyptian Lover နှင့် Pit Bull တို့က Electro Hop ဂီတကို ၎င်းတို့၏ အယ်(လ်)ဘမ်များတွင် ပါဝင်ခဲ့ပြီးနောက်တွင် လူကြိုက်များလာခဲ့သည်။
ဟစ်ဟော့ပ်ဂီတ၏ တိုးတက်ဖြစ်ထွန်းလာသော ဂီတသစ်တခုဖြစ်သည့် Electro Hop နှင့် ပတ်သက်၍ အမေရိကန်တွင် ထင်ရှားသည့် အဖွဲ့များနှင့် အဆိုတော်မှာ Black Eyed Peas, Kanye West , World Class Wreckin Cru, Flo Rida, LMFAO နှင့် DJ Laz တို့ ဖြစ်သည်။
ထင်ရှားသည့် Electro Hop သီချင်းများမှာ နာမည်ကျော် ရက်ပ် အဆိုတော် ဖလို ရိုက်ဒါ (Flo Rida) ၏ ပွဲဦးထွက် အယ်(လ်)ဘမ်ထဲမှ Port of Miami ထဲမှ နာမည်ကျော် Low အမည်ရှိ သီချင်းမှာ Electro Hop သီချင်းဖြစ်သည်။
ယခုနှစ် အကောင်းဆုံးတေးဂီတ ဖန်တီးမှုဆုအပါအဝင် အော်စကာရုပ်ရှင်ထူးချွန်ဆုများ ရရှိခဲ့သည့် Slumdog Millionaire ဇာတ်ကား၏ ဇာတ်ဝင်တေး သီချင်းဖြစ်သည့် M.I.A သီဆိုထားသော Paper Plane သီချင်းမှာ Electro Hop သီချင်းအမျိုးအစားပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူကြိုက်များသော အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ နောက်ဆုံးထွက် အယ်(လ်)ဘမ်ထဲမှ အဲဗားဂေါ်လီအမည်ရှိ သီချင်းမှာ အမေရိကန် ဟစ်ဟော့ပ်အဖွဲ့တခုဖြစ်သည့် Three 6 Mafia အဖွဲ့ မှ Pop That Body အမည်ရှိ Electro Hop သီချင်းတပုဒ် ဖြစ်သည်။
ယနေ့အချိန်တွင်မူ Electro Hop သည် အမေရိကန်တွင်သာမက ကမ္ဘာတလွှားတွင်ပါ လူကြိုက်များသော ဂီတဖြစ်နေသည်။ နာမည်ကျော် ဟစ်ဟော့ပ် အဆိုတော် အချို့မှာလည်း Electro Hop သီချင်းများကို ၎င်းတို့ အယ်(လ်)ဘမ်များတွင် ထည့်သွင်းသီဆိုကြသည်။
ယခုနှစ်အတွင်း ထွက်ရှိသည့် Black Eyed Peas အဖွဲ့၏ လူကြိုက်များသော Boom Boom Pow အမည်ရှိ သီချင်းမှာလည်း Electro Hop သီချင်းတပုဒ် ဖြစ်သည်။

Wednesday, December 21, 2011

ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ အများသုံးသန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ၀န်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိ

bomb1
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီး ရန်ကုန် တက္ကသိုလ်ဝန်းအတွင်းရှိ အများသုံးအိမ်သာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ်
ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ တက္ကသိုလ်ရိပ်သာဝန်းနှင့် တစ်ဆက်တည်းရှိသော ပန်းခြံငယ်အတွင်း ဖွင့်လှစ်ထားသည့် အများသုံးသန့်စင်ခန်း၌ ဗုံးပေါက်ကွဲမှုကြောင့် အဆိုပါသန့်စင်ခန်း၏ ၀န်ထမ်းတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၀န်ထမ်းတစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သန့်စင်ခန်း ၀န်ထမ်းဖြစ်သည့် လှိုင်သာယာမြို့နယ်နေ ဒေါ်မြတ်သန်းရီ အသက် ၄၂ နှစ်မှာ မျက်နှာစုတ်ပြဲ၊ ဦးနှောက်ပွင့်၊ ၀ဲလက်ကောက်ဝတ်မှပြတ်ထွက်၊ ယာ ဘက်လက်တစ်ထောင်ဆစ်မှ ပြတ်ထွက်စသည့်ဒဏ်ရာများရကာ သေဆုံးခဲ့ကြောင်း၊ ၀န်ထမ်းတစ်ဦးဖြစ်သည့် မခင်မြတ်နွယ် အသက် ၂၄ နှစ၊် တိုက် (၂) ၊အခန်း (၁၂) ဟံသာဝတီ စည်ပင်ရိပ်သာနေသူမှာ ယာလက်ကောက်ဝတ်၊ ယာမျက်ခုံး စုတ်ပြဲဒဏ်ရာနှင့် ပါးစပ်သွေးထွက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
bomb2
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီး ရန်ကုန် တက္ကသိုလ်ဝန်းအတွင်းရှိ အများသုံးအိမ်သာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ်
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့ စစ်ဆေးချက်အရ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီလောက်မှာ အသက် ၂၂ အရွယ်လို့ ခန့်မှန်းရတဲ့ ကုလားဆင်လူငယ်တစ်ဦးက အဲဒီ သန့်စင်ခန်းထဲကို ၀င်လာပြီးတော့ အပေါ့သွားတယ်။ ပြီးတော့ သူကပါလာတဲ့အိတ်ကို ဒီမှာခဏအပ်ထားမယ်။ တည်းခိုခန်းစုံစမ်းဖို့ သွားအုံးမယ်ဆိုပြီး ထားသွားခဲ့တာပါ။ အခု တရားခံလို့ ယူဆရတဲ့ အဲဒီသူကို အမြန်ဆုံးဖမ်းမိဖို့ အတွက် ဆောင်ရွက်နေပါပြီ "ဟု ဗုံးကွဲခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

အဆိုပါ သန့်စင်ခန်း၏ အလယ်လျှောက်လမ်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုမရှိသေးသည့် ဗုံးတစ်လုံးကိုလည်း ရဲတပ်ဖွဲ့ နှင့် BE တပ်မှ တာဝန်ရှိသူများက မိုင်းအတက်ကို ဖြတ်တောက်ခဲ့ကြောင်း သိရသည်။
ပေါက်ကွဲခဲ့သည့် ဗုံးအမျိုးအစားမှာ C4 အမျိုးအစားဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
bomb3
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီး ရန်ကုန် တက္ကသိုလ်ဝန်းအတွင်းရှိ အများသုံးအိမ်သာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ်
ဗုံးပေါက်ကွဲသည့်ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် အနီးနားရှိ အနော်ရထာကွန်ဒိုအိမ်ယာတွင် နေထိုင်သူတစ်ဦးကလည်း "ကျွန်တော်က အဲဒီအချိန်က ရေသောက်နေတုန်း ၀ုန်းဆိုပြီးတော့ အသံအကျယ်ကြီး ကြားလိုက်ရတော့ ၀ရံတာကနေ ကြည့်လိုက်တဲ့ အခါမှာ အဲဒီပန်းခြံထဲမှာရှိတဲ့ သန့် စင်ခန်းက အလူမီနီယမ်တွေနဲ့ အပိုင်း အစတွေက အုန်းပင်ကို ကျော်ပြီးလွှင့်စင်သွားတာကို တွေ့ရပါတယ်။ ဒါ နဲ့ သွားကြည့်တော့ အမျိုးသမီးတစ် ဦးကို ဆေးရုံကို ပို့ဖို့ဆောင်ရွက်နေ တာတွေ့ရတယ်။ သန့်စင်ခန်းအရှေ့ က လမ်းမပေါ်မှာ ပြတ်သွားတဲ့ လက်ချောင်းလေးတွေကိုလည်း တွေ့ရပါတယ် " ဟု ၄င်း၏မြင်တွေ့ ရမှုအပေါ် ပြန်ပြောပြခဲ့သည်။
အဆိုပါဖြစ်စဉ်ကို ကမာရွတ် မြို့နယ်ရဲစခန်း (ပ) ၄၀၀ /၂၀၁၁၊ ပေါက်ကွဲ အက်ဥပဒေပုဒ်မ ၃၊ ကမာ  ရွတ်မြို့နယ်ရဲစခန်း (ပ)၄၀၁/၂၀၁၁ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၀၇/ ၃၂၆ တို့ဖြင့် အမှုဖွင့်ထားပြီး တရားခံ အား ဖမ်းဆီးရမိရန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သမီးမေမေကို လူဆိုးတွေ သတ်သွားတယ်

လှည်းတန်းတွင် ဗုံးကွဲသည်ဟု ကြားရချင်း၌ ကျနော့်ရင်ထဲ ဗြောင်းဆန်သွားမိပါသည်။
ပြီးတော့ ချက်ချင်း သွေးတွေဆူပွက်၊ ဘာကိုမှ မမြင်နိုင်အောင် ဖြစ်သွားမိသည်။

ယုတ်မာလိုက်ကြတာ၊ ယုတ်မာကြပြန်ပြီ။ စိတ်ထဲတွင် အခါခါ ရေရွတ်မိ၏။
ဒေါသလည်း ထွက်သည်။ ထိုဒေါသအား ပေါက်ကွဲခွင့်လည်း မရပါသောကြောင့် ယောက်ျားတန်မဲ့ ငိုချင်သလိုလိုပင်ဖြစ်သွားမိ၏။

သေတာက တစ်ယောက်၊ ဒါဏ်ရာပြင်းတာက တစ်ယောက်တဲ့။ မိန်းလေးတွေ ... တဲ့။ သတင်းတွေက ဆက်တိုက်ဆိုသလို လာ၏။
မီဒီယာများ တာဝန်ကျေကြပါပေသည်။ အခကြေးငွေ တစ်ပြားတစ်ချပ်မှ မရပါဘဲလျက် ဗုံးကွဲမှုသတင်းတွေကို တဖျပ်ဖျပ် ဆက်ကာဆက်ကာ တင်ပေးနေ၏။
ဖတ်ရင်း ဖတ်ရင်း သတင်းက ပိုစုံလာသလိုရှိသည်။ ထိုစဉ်မှာပင် ကျနော့်ရင်ထဲ ထိတ်လန့်မှုတစ်ခု ကြီးစိုးလာခဲ့လေ၏။
ဒီသတင်းရဲ့ အရေးကြီးဆုံးအပိုင်းကို သိမှ သိရပါမည်လော။
သတင်းတစ်ခုမှာ ဘယ်ဟာ အရေးကြီးသလဲဟု ကျနော်က ခွဲခြားနေခြင်းမဟုတ်ပါ။
သို့သော် ကျနော်သိလိုလှသည့် အရေးကြီးဆုံး အပိုင်းမှာ ဒီကိစ္စလုပ်သူ (တကယ့်) လက်သည်တရားခံ ဘယ်သူနည်းဟူသော မေးခွန်းပင်ဖြစ်ပါသည်။
ထို တကယ့်လက်သည်အား အများရှေ့မှောက်ဆွဲထုတ်ခြင်းကို မြင်ရလိုပါသည်။
အများရှေ့မှောက်တွင် တိကျခိုင်မာစွာ စစ်ဆေး၍၊ အများရှေ့မှောက်တွင် ထိရောက်သော ပြစ်ဒါဏ်ကို တိကျခိုင်မာစွာ ပေးစေ့ချင်ပါသည်။

အငြှိုးထားတတ်သူဟု မထင်စေ့လိုပါ။ သို့သော် အပြစ်ပြုသူအား ခွင့်မလွှတ်တတ်သည်မှာ ကျနော်စိတ်ရင်း ဖြစ်ပါသည်။
ယခုကိစ္စ ဗုံးခွဲသူကိုလည်း ဘာလုပ်ချင်ပါသနည်း။
အများရှေ့မှောက် တရားခွင်တွင် တည့်တည့်ကြီး စိုက်ကြည့်ခွင့်ရချင်ပါသည်။

မင်း ဘာကြောင့် ဒီလိုလုပ်ရသလဲ?
မင်း ဘာကြောင့် ဒါလောက် အောက်တန်းကျရသလဲ?
မင်းကို စေခိုင်းတာ ဘယ်သူတွေလဲ?
မင်းကကော ခိုင်းတိုင်းလုပ်ရအောင် လူ့အသိဥာဏ် မရှိတော့ဘူးလား?
ဘာကိုကြောက်လို့ လုပ်တာလဲ? ဘာကို မျှော်လင့်ပြီးလုပ်တာလဲ?
ဒီလို လုပ်ရပ်နဲ့ မင်းပြန်ရမယ့်ဟာ တန်ရဲ့လား?
မင်းတစ်ဘ၀လုံး ဒီလုပ်ရပ်အမည်းစက်ကို စိတ်စနိုးစနှောင့်လုံးဝမဖြစ်ဘဲ ဆက်အသက်ရှင်နေနိုင်မလား?
စသဖြင့် ထိုတရားခံအား (အခွင့်ရလျှင်) မေးချင်သော စကားလုံးများစွာရှိပါသည်။
သို့သော် ကျနော် မမေးတော့ပါ။ ထိုမေးခွန်းတွေ အားလုံးပါဝင်နေမည့် မျက်လုံးအကြည့်တစ်ခုသည်ပင် လုံလောက်လိမ့်မည် ထင်၏။

အကယ်၍ တရားခံကိုသာ ပြည်သူ့ရှေ့မှောက် တရားခွင် တင်ခွင့်ရခဲ့ပါလျှင် အားလုံးဝိုင်းကြည့်ကြမည့် မျက်လုံးအကြည့်များနှင့်ပင်
ထိုသူ ... ရှက်တတ်လျှင် လဲသေသွားလောက်ပါလိမ့်မည်။
မရှက်တတ်လျှင်လည်း သူ့တစ်ဘ၀လုံး ခြောက်လှန့်နေပေတော့မည် ... ဟု ကျနော်ယုံကြည်ပါသည်။

ဗုံးကွဲမှုသတင်းများက နောက်ပိုင်းတွင် ဆက်တိုက်လာနေ၏။
အစက ၁၈နှစ်အရွယ် မိန်းမငယ်ာကလေးတစ်ဦးသေ။ တစ်ဦးဒါဏ်ရာရသည် ... တဲ့။
`ဟာ အရွယ်ငယ်ငယ်ကလေးတွေ´ ဟု စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိသည်။

နောက်တော့ သတင်းထပ်လာ၏။
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ သန့်စင်ခန်း ၀န်ထမ်း မမြစမ်းရည် အသက် ၃၀ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ သန့်ရှင်းရေးဝန်ထမ်း မခင်မြတ်နွယ် အသက် ၂၄ နှစ်ဖြစ်သည်ဟု သိရပါသည်။
... တဲ့။

သန့်စင်ခန်း ၀န်ထမ်းလေးတွေ ဆိုပဲ။
သူတို့ခမျာ လခမှ ဘယ်လောက်ရကြရှာလေမလဲ?
အောက်ခြေ၀န်ထမ်းကလေးတွေဖြစ်၍ ဘယ်လိုမှ ကြွယ်ပိုးကြွယ်ဝရှိကြလိမ့်မည် မဟုတ်မှန်း အတိအကျ ခန့်မှန်းလို့ရပါသည်။
အလုပ်က မမြင့်မားသောငြား ရိုးသားသန့်စင်သော အလုပ်ကို မွန်မြတ်ဖြူစင်စွာ လုပ်ကိုင်ကြသူကလေးများ။
သူတို့မှာ မှီခိုနေသော မိသားစုတွေများရှိလိမ့်မလား?
တကယ်လို့ရှိနေမယ်ဆိုရင် အဲဒီမိသားစုတွေအနေနဲ့ နောင်ဘယ်လိုများ ဆက်ပြီးရပ်တည်သွားကြမှာပါလိမ့်မလဲ?

ယခုပင်လျှင် အခွန်အခ၊ လမ်းပန်းဆက်သွယ်ရေး (ရထားခ)၊ မီတာခတွေ ဈေးတက်တော့မည့်အကြောင်း သတင်းတွေကြားရ၏။
ဒီလိုအချိန်မှာ အိမ်၏၀င်ငွေကို အဓိကရှာဖွေပေးနေသူ သေဆုံးသွားလို့ကတော့ ကျန်ရစ်သူတွေအဖို့ ပဋာမြေလူးရမယ့် ကိန်းပေပဲ။

နိုင်ငံခြားတွေမှာတော့ အလုပ်တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားရှာသူဆိုလျှင် ထောက်ပံ့ကြေးတွေ တနင့်တပိုးရသည်ဟု ကြားဘူးပါ၏။
ဒီလိုကိစ္စမျိုးတွေကိုကော ပေးလေ့ရှိသလား ကျနော်သေချာ မသိ။
ဘာပဲဖြစ်ဖြစ် ယခု သေဆုံးသွားရှာသော ၀န်းထမ်းမလေးနှင့် ဒါဏ်ရာရသူမှာလည်း သူ့အလုပ်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေခြင်းပါပဲ။
အကယ်၍ တာဝန်မသိပဲ အပြင်သာ လျှောက်သွားနေမည်ဆိုလျှင် ဒီလို ကံဆိုးမှုမျိုးနှင့် သူတို့ရင်ဆိုင်တိုးကောင်းမှ တိုးရပေလိမ့်မည်။
သည် အများသုံးသန့်စင်ခန်းဆိုတာ အစိုးရပိုင်ဆိုလျှင် ပင်စင်တော့ ရလိမ့်မည် ထင်၏။ ပုဂ္ဂလိကပိုင်ဆိုလျှင်ရော ...။
ဘာပဲဖြစ်ဖြစ် ကံဆိုးရှာသော အောက်ခြေ၀န်ထမ်းလေးများအတွက် ထောက်ပံ့မှုတစ်ခုခုတော့ ပြုသင့်သည်ဟု ထင်မိပါသည်။

ခံစားချက်တွေကတော့ တကယ့်ကို ဗြောင်းဆန်နေခြင်းပါ။
သေဆုံးသွားသူအတွက် စိတ်မကောင်းတာရော။
ကျန်ရစ်မည့် မိသားစုအတွက် စာနာပူပန်မိတာရော။
လုပ်သွားသည့် လူမဆန်သော လက်သည်အတွက် ဒေါသဖြစ်မိတာရော။
အားလုံးရောပြွန်းကာ လူက ဘာအတွေးကိုမှ ဖမ်းယူဆုပ်လို့ မရချင်တော့။

စိတ်လှုပ်ရှားစွာ တောင်စဉ်ရေမရ လျှောက်တွေးမိသည်။
တစ်ချို့လူများ အပေါ့စွန့်သွားလေ့ရှိသော နံရံများတွင် ရေးလေ့ရှိသည့် စာတမ်းတစ်ခုရှိ၏။
`ဤနေရာတွင် ခွေးများသာ သေးပေါက်ကြသည်´ ဟု ရေးတတ်သည်။
ထိုစာတမ်းမျိုးမှီးကာ ဗုံးဖောက်တတ်တဲ့နေရာတွေမှာ ..
`ဤနေရာတွင် ခွေးတောင်မှ အပြစ်မဲ့ပြည်သူကို ဗုံးမခွဲ။
ဗုံးခွဲသူမှာ ခွေးထက်အောက်တန်းကျသူများ ဖြစ်လိမ့်မည်။´
ဟု ရေးထားရင် ကောင်းမလား။
ဒါပေမဲ့ ဘယ်သူက ဘယ်နေရာ လာခွဲမလဲဆိုတာ ကြိုမသိနိုင်တော့ခက်တာပဲ။
သေချာသည်ကတော့ ဤသို့ ဗုံးခွဲသူ ဆိုသည်မှာ သရဲဘောကြောင်သူများသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်လည်း ... ဗုံးခွဲကြောင်းသတင်းကြားပြီးချင်းတွင်

ဘယ်အဖွဲ့က ခွဲခွဲ၊ ဘယ်သူ ခွဲခွဲ၊ ဘာကြောင့် ခွဲခွဲ
လူမဆန်သောလုပ်ရပ်၊ သူရဲဘောကြောင်သော ဖျက်လိုဖျက်ဆီးလုပ်ရပ်ဟု
ပြင်းထန် အထင်သေးစွာ ရှုံ့ချ ကန့်ကွက်ပါသည်။
ဘာရည်ရွယ်ချက်ရှိနေသနည်း? ဘာကို ဦးတည်နေသနည်း?
ဘယ်လိုတွက်တွက် ဘာမှအကျိုးမရှိသော လုပ်ရပ်သာဖြစ်သည်။
အင်မတန် အောက်တန်းကျသော စိတ်ဓာတ်နှင့် ပြုမူခြင်းသာဖြစ်သည်။
... ဟု ကျနော်ရေးမိခြင်းပင်။

ထိုစဉ်မှာပင် ... တိုက်တိုက်ဆိုင်ဆိုင် ကျနော့်နားထဲ အသံလေးတစ်သံကို ကြားယောင်လာမိ၏။
သမီးမေမေကို လူဆိုးတွေ သတ်သွားတယ် .... ဟု ၀မ်းပမ်းတနည်း ရေရွတ်လိုက်သော အသံ။
လွန်ခဲ့သော တစ်ပတ်ကျော်ကျော်လေးကမှ ကျနော်ကြားမိခဲ့ခြင်းပါ။

ကျနော့်အသိတစ်ယောက်၏ အလှူတစ်ခုသို့ သွားရင်း ကြားခဲ့ရခြင်းဖြစ်၏။
လူရင်းတွေချည်းမို့ အဲဒီအလှူမှာ ကျနော်တို့ သက်တောင့်သက်သာ ရှိလှပါသည်။
ထိုလှူတွင် ချစ်စရာအင်မတန်ကောင်းသော ကလေးမလေးတစ်ယောက်ကို တွေ့၏။
ပါးဖောင်းဖောင်းလေးတွေက နီမြန်းလျက်။ ကျစ်ဆံမြီးတိုနှံ့နှံ့လေးနှစ်ဘက်ကို ဘယ်ညာခွဲဖြာချထား၏။
တစ်ယောက်တည်း။ ကျနော်ထိုင်ရာ စားပွဲမှာ လာစားနေသည်။ ရှိလှမှ လေး ငါးနှစ်လောက်ပါ။
အလှူပေးသူ ကျနော့်သူငယ်ချင်းအိမ်တွင် ကလေးငယ် မရှိကြောင်း ကျနော်သိသည်။
မုန့်ဟင်းခါးကို ကိုယ့်ဖာသာ ခပ်စားရင်း ပါးစပ်များပေပွနေသော ကလေးငယ်ကို ရယ်ချင်စိတ်နှင့် ချစ်စနိုးကြည့်ရင်း စပ်စုမိ၏။

`သမီး မိဘတွေရော၊ သမီး´ ဆိုသော်
`ဖေဖေကြီးက နောက်ဘက်မှာ ပန်းကန်တွေ ဆေးနေတယ်´
တဲ့။ ကြည့်ရတာ ဒီအလှူမှာ ကူညီလုပ်ကိုင်ပေးဖို့ ခေါ်ထားသော သူတစ်ဦးဦး၏ သမီးငယ်ဖြစ်ပေမည်။
`သမီးမေမေကရော နောက်ဘက်မှာပဲလား´
ကလေးငယ်က ခေါင်းခါ၏။ ကျနော် ထပ်မေးမိပြန်သည်။
`သြော် ပါမလာဘူးလား သမီး´
`မေမေ မရှိဘူး ဦးဦး´ ကလေးမလေးက တိုးတိုးလေး ပြောသည်။
ကျနော် ခေါင်းကို ငဲ့ကာနားထောင်မိစဉ် နောက်တစ်ခွန်းထပ်ပြောပြန်၏။
... `သမီးမေမေကို လူဆိုးတွေသတ်သွားတယ်´
ထိုစကားက ပို၍တိုးပါသည်။ သို့သော် နားစိုက်ထောင်မိတာဆိုတော့ တိတိပပ ကျနော်ကြားလိုက်မိ၏။
ကြားကြားချင်းပင် ရင်ထဲ လှိုက်ကနဲဖြစ်သွားသည်။
ပြောပြီးချင်းပင် ကလေးမကလေးက ခေါင်းငုံ့သွားသည်။

ခုနက တောက်ပသော မျက်ဝန်းလေးများတွင် မျက်ရည်များ စွတ်စိုနေလေမလား။
ကလေး၏ စကားသံနောက်ဆုံးတွင် အဖျားခပ် တုန်ယင်သွားခြင်းကိုတော့ ကျနော်သတိပြုမိလိုက်ပါသည်။
သူ ဘာမှ ဆက်မပြောတော့။ ဆက်မပြောနိုင်တော့တာလည်း ဖြစ်ပေလိမ့်မည်။
အေးစက်တင်းမာသော လောကကြီးကို အမိမဲ့ဘ၀နှင့် ဘယ်လိုများ ဒီကလေးဖြတ်သန်းနေရပါသနည်း။ နောက် ဆက်ပြီး ဘယ်လိုများဖြတ်သန်းရဦးပါမည်နည်း။
ကျနော်လည်း ထပ်မမေးနိုင်တော့ပါ။ ငေါင်၍ ငေးကြည့်နေမိပါသည်။
လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်ရှိနေသော စားပွဲဝိုင်းတွင် တိတ်ဆိတ်ခြင်းက လွှမ်းမိုး၍ သွား၏။

ထိုစဉ်မှာပင် တိုက်ဆိုင်သည်ဟု ပြောရမလား? ရက်စက်လွန်းသော တိုက်ဆိုင်မှုပင်ဖြစ်ပါလိမ့်မည်။
မိသားစု တစ်စု ၀င်လာ၏။
အဖေရယ် အမေရယ် သမီးလေးတစ်ယောက်ရယ်။
အဖေနဲ့ အမေက ဘေးတစ်ဘက်တစ်ချက်ဆီက။ သမီးလေးက အလည်ခေါင်က။
သမီးလေးကို လက်ချင်းတွဲလို့ ခြံရံလို။
ကလေးက ဖအေနှင့် မအေ၏မျက်နှာ တစ်လှည့်စီကြည့်ကာ ရယ်ပြုံး၍ လာသည်။
ကျနော်တို့နား ဖြတ်ကျော်သွားသော် ခိုးခိုးခစ်ခစ်ရယ်သံလွင်လွင်ကို ကြားရ၏

ကျနော်နှင့် တစ်ဝိုင်းတည်းအတူထိုင်နေသော မိတဆိုး ကလေးမလေးက တစ်ချက်လှမ်းကြည့်ကာ ဖျပ်ကနဲမျက်လွှာပြန်ချသွားသည်။
ဒီတစ်ခါတော့ ကျနော် သေချာသိလိုက်ပါသည်။ သူ့မျက်ဝန်းများတွင် မျက်ရည်များ ဆို့၍နေကြလေ၏။
ပြီးတော့ သူ့မျက်နှာကလေး ဘယ်တော့မှ ပြန်မော့မလာတော့ပါ။
ကျနော်သည်လည်း သူ့ကို ဆက်မကြည့်နေနိုင်တော့။ အဘယ့်ကြောင့်ဆိုသော် ကျနော်လည်း မျက်ရည်ဝဲလာသောကြာင့်ဖြစ်ပါသည်။

နောက်မှ သိရပါသည်။ ထိုကလေးမလေး၏ မိခင်သည်လည်း တစ်ချိန်က ဗုံးကွဲမှုတစ်ခုမှာ သေဆုံးခဲ့ရတာတဲ့။
ကလေးက လည်ဝယ်တော့ သူ့ကို ဘယ်လိုညာညာ အမှန်တိုင်းသိမြင်နေ၏။
`သမီးအမေကို လူဆိုးတွေ သတ်သွားတယ်´
ထိုစကားကို မေးသူရှိတိုင်း ပြောပြတတ်သည်။
သို့သော် ထိုစကားပြောပြီးတိုင်း သူမခမျာ ရပ်တန့်လိုက်ရမြဲ။
လူဆိုးတွေက ဘယ်သူလဲ? ကလေးမလေး မသိ။
ဘာကြောင့် သတ်တာလဲ? ကလေးမလေး မသိ။
ဒီလိုရက်ရက်စက်စက်လုပ်ရအောင် သူမအမေမှာ ဘာအပြစ်များရှိရှာလို့လဲ? ကလေးမလေး မသိ။

သူမ သေချာသိသည်ကတော့ ...
မိဘနှစ်ပါး လက်ကို တစ်ဘက်တစ်ချက်ကိုင်စွဲကာ လုံခြုံနွေးထွေးစွာ သွားလာခွင့်၊
မိဘနှစ်ပါး၏ မျက်နှာကို ကြည်နူးစွာ မော့ကြည့်ရင်း ပျော်ရွှင်ချမ်းမြေ့စွာ ရယ်မောခွင့်ကို
ဒီတစ်သက် သူမ မရနိုင်တော့ခြင်းသာပဲ ဖြစ်လေသည်။

(ယခု သေဆုံးသွားရရှာသော အပြစ်မဲ့ သန့်ရှင်းရေးဝန်ထမ်းမလေးတွင်ရော အိမ်ထောင်ရှိနေသလား? သမီးကလေးရှိနေမလား? ကျနော်မသိပါ။
သမီးအမေကို လူဆိုးတွေ သတ်သွားတယ်ဟူသော စကားသံမျိုးတော့ နောက်ထပ် မကြားလိုတော့တာ အသေအချာပဲဖြစ်ပါသည်။
မကြားချင်တာ မဟုတ်ပါ။ မကြားဝံ့ခြင်းဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ယခုသေဆုံးသွားရှာသူမှာ မိသားစုတော့ ရှိနေမှာပေါ့။
သမီး မမကို လူဆိုးတွေသတ်သွားတယ်။ သမီး ဒေါ်ဒေါ်ကို လူဆိုးတွေသတ်သွားတယ် ... လို့များ မြည်တမ်းနေကြမလား?
အမေ့ သမီးကို လူဆိုးတွေသတ်သွားတယ်ကွယ်လို့များ တုန်တုန်ရီရီ မျက်ရည်တစမ်းစမ်းဖြင့် ရေရွတ်သံကြားရလေမလား?

လှည်းတန်းလမ်းဆုံမှ ဗုံးပေါက်ကွဲသံတစ်ခုသည် ကျနော်တို့ နှလုံးသားအားလုံးကို ထုနှက်ဖိဆီးနေတော့မည် ဖြစ်ပါလေတော့သည်။)

သွန်းနေစိုး Thorn Nay Soe (Facebook)

Tuesday, December 20, 2011

ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀မှတ်တမ်း




မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့် အား အထူးဂုဏ်ပြုသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးရာဇ၀င် အတ္ထုပ္ပတ္တိအား အခြေခံ၍ အမည်မသိ စာရေးသူတစ်ဦးကနေ ပြန်လည်ခံစား ဖေါ်ကျူးရေးသားထားမှုကို ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဖြတ်သန်းမှု ဓါတ်ပုံများဖြင့် တွဲဘက်ကာ ဖေါ်ပြအပ်ပါသည်။

ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀မှတ်တမ်း။

ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ။
ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်၊
ဩော် .... ဒီနေ့ ငါ့မွေးနေ့ပဲလေ (ဇွန်လ ၁၉ ၇က်) ....

ငါ ဘာလုပ်ရင် ကောင်းမလဲ၊
ငါ့ ဘေးနားမှာ ငါ့ကို ချစ်တဲ့ ငါ့ ဖေဖေ မရှိတော့တာလည်း ကြာပါပြီ၊
ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့ မေမေ မျက်ကွယ်ပြုသွားခဲ့တာလည်း (၁၉) နှစ်တောင် ရှိရော့ပေါ့။
ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး၊
ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး၊
ငါ့မွေးနေ့မှာ ငါ့ရဲ့  အရင်းနှီးဆုံး သွေးသားရင်းချာတွေကို ငါ့နားမှာ ရှိစေချင်လိုက်တာ။

ငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ၊
ငါ့စိတ်ဓာတ်ကို မာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း
အခွင့်သာရင်တော့ ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ၊
အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်၊ ဘယ်တော့များမှ အခွင့်သာမှာလည်းဟင် ...

တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ၊
လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထား အမှတ်ရနေပြီး အထူးတလည် ကျင်းပတတ်ကြတာပဲ၊
ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့။

အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့ အတူတူ၊ အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ၊
အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအေးတို့နဲ့ အတူတူ၊
ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ၊
အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ။

အို ...
ငါသိပ်လွမ်းတယ် သိလား ...
ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ ...
ငါ့ရဲ့ ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ၊
ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။
အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့၊ မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့၊ မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့၊ ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့
အိမ်မှာ လူတွေများလာလို့။

အို … ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး၊ ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့ရဲ့  အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေ ၀ဲနေလို့ပါလား။

ငါဘာမှနားမလည်ခဲ့ဘူး၊ အဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်၊
ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့ ငါချစ်တဲ့ ငါ့ဖေဖေ
အဲဒီ့နေ့က ပြန်မလာခဲ့ဘူး၊ မျှော်ခဲ့လိုက်ရတာ ဖေဖေရယ် ..

နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်၊
ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်၊
လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်၊
အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်၊
ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်
ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး။ ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်။

ဖေဖေရယ် .. ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင် ..
ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ၊
သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင် ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့  ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို လွှမ်းမိုးနေခဲ့တယ်။ ဖေဖေ တကယ် ပြန်မလာခဲ့တော့ဘူးနော် ..
၁၉၆၀ ခုနှစ်။

မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်၊
အိမ်ကလူတွေကို ပစ္စည်းတွေ လိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်၊
ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့၊
မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့ ပြောတယ်၊
ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့၊
မေမေတို့ပြောင်းရတော့မယ် သမီးလေး ..

ဘယ်ကိုလဲဟင်..
နယူးဒေလီကို
ဘယ်မှာလဲဟင်
နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့ ၊
မေမေက ဘာသွားလုပ်မှာလဲဟင်
ဩော် … မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်၊ မေမေအဲဒီ့မှာ သွားနေရမှာ၊ သမီးတို့လည်း
လိုက်ခဲ့ရမှာလေ။
သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ၊
သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့ … ခုဆို မေမေက အဲဒီ့နိုင်ငံကြီးနဲ့ ခု သမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ သွားပြောပေးရမှာလေ။
ဘာစကားတွေ ပြောရမှာလဲဟင် မေမေ၊
သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်၊ ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်လိုက်ဦးနော်၊ မနက်ဖြန်ညကျရင် မေမေ့ သားသမီးလေးတွေနဲ့ သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်၊ သမီးလေးကြိုက်တဲ့ မုန့်တွေ ၀ယ်ထားပေးမယ်။

ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို ပြေးဝင်ခဲ့တယ်။
မေမေက သိပ်တော်တာပဲနော်၊ ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်၊ မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်။
မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို စံနမူနာထားလို့ သမီးရဲ့ ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ။

၁၉၆၄ ခုနှစ်။

ငါ ပျော်လိုက်တာ၊ အောက်စဖို့ဒ်တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်၊ ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်။ မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်။ I’m proud of you, honey! လို့ ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့ မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ။

မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး။ ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်။

အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ကြတယ်။ အမှတ်တရဓာတ်ပုံတွေ ရိုက်လို့ သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့ ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့ ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ။
အောက်စဖို့တက္ကသိုလ်ကိုတက်ဖို့ ငါထွက်ခဲ့ရပြီ။ လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်။ Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး စကားတစ်ခွန်းပြောတယ်။ I believe in you! တဲ့။ ငါကြက်သီးတွေတောင်ထသွားခဲ့တယ်။ မေမေ၀မ်းနည်းနေတာ ငါသိတယ်။ ဒါပေမယ့် မေမေ မငိုခဲ့ဘူး။

လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်။ ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး။ ငါ့ကို ယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်၊ ၀င်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်၊ ဖတဆိုး သမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့ ငါ့ဘ၀ရဲ့  အောင်မြင်မှု ပထမခြေလှမ်းသစ်အတွက် ငါ ဂုဏ်ယူနေလို့ပါ၊ ငါ ပျော်နေလို့ပါ၊ ငါ ပီတိဖြစ်နေလို့ပါ။
တက္ကသိုလ်မှာ ငါ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ ငါ့ရဲ့  Host Parents awGu Lord Gore-Booth တို့မိသားစုပဲ။ သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်။ သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ်အဲရစ်စ်ကို စတွေ့ပြီး ရင်းနှီးခဲ့ရတယ်။ သူက တိဗက်လူမျိုးတွေအကြောင်း လေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပဲလေ။ တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့ ယောင်္ကျားကောင်းတစ်ယောက်ပါပဲ။

၁၉၆၉ ခုနှစ်။

နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်။ ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့။ မသန်းအေးတို့အိမ်မှာ ငါနေခဲ့တယ်။ သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ။ အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်။ ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာ။
မသန်းအေးက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့ လျှောက်လွှာတင်ခဲ့တယ်။ ငါအလုပ်ရခဲ့တယ်။
Administrative and Budgetary Questions rSm Assistant Secretary အဖြစ်နဲ့ပေါ့။
ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်။ မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ။ ညနေရုံးဆင်းချိန်တွေနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer၀င်လုပ်ခဲ့တယ်။ ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့။ ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီ့လူနာတွေအတွက် ရအောင် အချိန်ပေးခဲ့တယ်။ ငါ့ရဲ့ တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်။ နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က (၂) နှစ်ထဲရယ်ပါ။ ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်။

၁၉၇၂ ခုနှစ်။

မိုက်ကယ်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ သူနဲ့အတူတူ ဘူတန်ကို ထွက်ခွာခဲ့တယ်။ မိုက်ကယ်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ Research Officer အဖြစ် ၀င်လုပ်ခဲ့တယ်။
ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့တယ်။ အဲဒီ့ အချိန်တွေကို ငါ အမြဲတမ်း သတိရနေမှာပါ။

မိုက်ကယ်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreemrnt တစ်ခုတောင်းခဲ့တယ်။ ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့။ သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ။ ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား။ မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါတယ်။ မေမေကတော့ ထုံးစံအတိုင်းပဲပေါ့။ I trust you … တဲ့။ တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့ ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်တာဟာ ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့ သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ။ ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး။

၁၉၇၃ ခုနှစ်။

အင်္ဂလန်ကို ငါပြန်လာခဲ့တယ်။ ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ် သိလား။ သားကြီး အဲလက်စ်ကို မွေးခဲ့တယ်။ ငါမိခင်တစ်ယောက် ဖြစ်ခဲ့ပြီပဲ။ အဲဒီ့နေ့က မေမေနဲ့ ငါ စကားအကြာကြီး ပြောဖြစ်တယ်။ မေမေရယ်လေ … ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး။ မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်။ ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်။ မိုက်ကယ်လည်း ငါ့ဘေးနားမှာ ရှိနေခဲ့တယ်။

၁၉၇၄ ခုနှစ်။

မိုက်ကယ်အလုပ်ရတယ်။ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့  တိဗက်ဘာသာစကားဌာနမှာပေါ့။

၁၉၇၇ ခုနှစ်။

သားငယ် ကင်မ်ကို မွေးတယ်။ ငါ့ရဲ့ ဒုတိယသားလေးပေါ့။ ခုဆို ငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ။ ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး။ ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါ စာတွေရေးဖြစ်ခဲ့တယ်။ ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့။ မိုက်ကယ်ကိုလည်း သူလေ့လာနေတဲ့ JY Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်။

၁၉၈၅ ခုနှစ်။

ကျိုတိုတက္ကသိုလ်မှာ Visitng Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ လုပ်ဆောင်ချက်တွေကို
စာတမ်းပြုစုခဲ့တယ်။ ငါ ကျေနပ်အားရ ဂုဏ်ယူမိပါတယ်။ ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ။

၁၉၈၆ ခုနှစ်။

ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်။ အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့။ ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်။ ကြည်နူးလိုက်တာ။ ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်။ မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်။ ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ။

၁၉၈၇ ခုနှစ်။

ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်။ မိုက်ကယ်က စာတမ်းတွေ ပြုစုနေခဲ့တယ်။ အင်္ဂလန်ကိုလည်း ငါ ခဏပြန်ခဲ့သေးတယ်။ မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့။ စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်။

ငါ့ရဲ့ Advanced Degree အတွက် Lodon School of Oriental and African studies မှာ စာရင်းပေးခဲ့တယ်။

၁၉၈၈ ခုနှစ်၊ မတ် (၃၁) ရက်နေ့ ။

တယ်လီဖုန်းသံမြည်လာခဲ့တယ်။ ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်။ ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး၊ မေမေလေဖြတ်သွားတယ်တဲ့။

နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်။ ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်။ မေမေရယ် … မှတ်တောင် မမှတ်မိတော့ဘူး။ မေမေ ခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ။ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ၊ ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ၊ တော်တော့ကို ပြောင်းလဲသွားခဲ့တာပဲနော်။
ရန်ကုန်မြို့ကြီးမှာလည်း နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်။ အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ ပြည့်နှက်နေတယ်။ (၈) ရက်၊ (၈) လ၊ (၁၉၈၈) ခုနှစ်မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်။

စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်။ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့။ တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်။ ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ် …

စက်တင်ဘာ (၁၈) ရက် - စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့။ ငါ ဘာလုပ်ရမလဲ။ ဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား၊ ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက် ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်။ ဒါပေမယ့် သေချာတယ်၊ ငါ လိပ်ပြာမလုံဘူး။ ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်။ သူတို့ကို ငါရှက်တယ်၊ ငါ မပြန်ဘူး။ ငါ ဒီမှာနေမယ်။ ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ။

သူတို့ ငါ့ကို လိုအပ်နေပြီလို့ ငါ ခံစားရတယ်။ ဟုတ်တယ်၊ ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါ မျက်ကွယ်မပြုနိုင်ဘူး။ ငါဒီမှာနေမယ်၊ ငါ မပြန်တော့ဘူး။ ငါချစ်တဲ့ ငါ့ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့ ငါ့ဖေဖေအတွက် ငါ မြန်မာပြည်မှာနေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်။ လူတိုင်း ကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာ ဖန်တီးယူနိုင်အောင် ငါ ကြိုးစားမယ်။ ဟုတ်တယ်။

NLD ကို စက်တင်ဘာ (၂၄) ရက်နေ့မှာ စတည်ထောင်တယ်။ အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါ ပါဝင်လှုပ်ရှားတယ်။ ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ။ ဒါကို ငါအသုံးချခဲ့တယ်။ စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက် အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်။

ငါ့ကို အသေတောင် ပစ်သတ်တော့မလို့တဲ့။ သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ။ တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီး လှမ်းလျှောက်သွားခဲ့တယ်။ င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ။

သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို လူထုကြီးက ဟေး …. ဆိုပြီး တခဲနက်အားပေးလိုက်ကြတာ၊ ငါ့မှာ ကြက်သီးတွေတောင် ထလို့။
၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ (၂၇) ရက်။

မေမေ ဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ။ ကောင်းရာသုဂတိလားပါစေ မေမေရယ်။ မေမေ့အသက် (၇၆) နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက် ကောင်းကင်ဘုံက လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်။

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ (၂) ရက်။

မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်။ မေမေ့ကို မြင်စေချင်လိုက်တာ။ မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီး တိုင်တည်သစ္စာပြုခဲ့တယ်။ ဖေဖေနဲ့ မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး ဆောင်ရွက်ခဲ့ကြတယ်။ ဒီတာဝန်ကို ကျေပြွန်အောင် သမီး ဆက်လက်ထမ်းဆောင်ပါ့မယ်။ သမီးသေသည်ထိပေါ့။

ငါ့ကို လိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်။ အရှက်မရှိလိုက်ကြတာလေ။ ငါတို့ လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ်။ ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်။ ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်။

အဲဒီ့ကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ် ပြန်ချလိုက်နဲ့။ နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်။ ငါ့အပေါ် ရက်စက်လိုက်ကြတာ။ ကိုယ်ချင်းမစာလိုက်ကြတာ။ ပြောရက်လိုက်ကြတာ။ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ။ နိုင်ငံအပေါ် သစ္စာဖောက်သူတဲ့၊ လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့။ ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး။ ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်။ ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ။

ငါ့ကို နိုဘယ်လ်ဆုပေးတဲ့အကြောင်းကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့ ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်။ ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ။ မေမေဂုဏ်ယူပါတယ် သားကြီးရယ်။ မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ ခုချိန်ထိပဲလေ။

မေမေက ကိုယ်ကျိုးရှာသူ ဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ။ သားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာ မဟုတ်ပါဘူး။ သားတို့ကို သိပ်ချစ်တာပေါ့။ သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့။ ဒါပေမယ့်သားတို့ရယ်၊ သားတို့ကို ချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို မေမေ ပိုချစ်မိတယ်။ ဒါကို သားတို့ ခွင့်လွှတ်နားလည်ပေးကြပါနော်။ သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်။

၂၀၀၃ ခုနှစ် မေလ (၃၀) ရက်။

ရက်စက်လိုက်ကြတာကွယ်။ ရက်စက်လိုက်ကြတာ၊ မြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူး။ သတ်ဟေ့သတ်ဟ ချဟေ့ချဟ ဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာ တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လွင့်ကြွေခဲ့ရရှာပြီ။ အဲဒီ့ညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေ လွှမ်းနေခဲ့တယ်။

ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်။ သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေ။ ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့ မေမေစု ဆုတောင်းပေးပါတယ်ကွယ်။ ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့။

အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ။
ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဒာ စွန့်လွှတ်ခဲ့ရရှာပြီ။ ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်း နွမ်းလျလှပါပြီ။ မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ။

နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီ။ ငါ့ ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီ။ ငါ့အသက်လည်း ၆၄ နှစ်ထဲ ရောက်ခဲ့ပြီ။ ငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ။

ငါ့မှာတော့ ... ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့ .... ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့ …. သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲလေ။

ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်။ အပြင်မှာ နေခြည်တွေ ဖြာနေပြီနော်။
ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်။
ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ...
ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ...
ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ... တဲ့။

ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး အခန်းပြတင်းကိုဖွင့်လိုက်တယ်။ ငါ့ကို စောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်။ မကြောက်ပါနဲ့ သားရယ်။ ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့ ငါ့ကို ဦးညွှတ်တယ်။ သား စာဆက်ကျက်ပါကွယ် .. စိတ်ကိုအေးအေးသာထားပါ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစား မဟုတ်ပါဘူး။ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက် အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ။

ဒီသစ္စာစကားမှန်ရင် ငါချစ်တဲ့ မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကို
ကြိုဆိုနိုင်ပါစေသား။ ငါရှင်သန်နေဦးမှာပါ။ မသေမချင်းပေါ့။

နေရောင်ခြည်ရဲ့ နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီး ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်။ အရှင်ဘုရားရဲ့  မေတ္တာကရုဏာတော်အောက်မှာ ဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား၊ မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား၊ ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား၊ မတရားမှုများ ဖယ်ခွာနိုင်ပါစေသား။
ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည် … ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ ... အမျှ အမျှ အမျှ … သာဓု ... သာဓု ... သာဓု။


(ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိ ကိုယ်ရေးရာဇ၀င် http://nobelprize.org/nobel_prizes/peace/laureates/1991/kyi-bio.html အား အခြေခံ၍ မြန်မာဘာသာဖြင့် ပြန်လည် ခံစားဖေါ်ကျူးရေးသားခဲ့သော မူလစာရေးသားသူအား အထူးကျေးဇူးတင်ရှိပါကြောင်း ဖေါ်ပြအပ်ပါသည်)။


Aung San Suu Kyi - Biography
nobelprize.org
Nobelprize.org, The Official Web Site of the Nobel Prize

ချစ်ခင်လေးစားသော
ပြည်သူပြည်သား...အာလုံးဧ။်ကိုယ်စား




by Shwe Aeim Si

Thursday, December 15, 2011

ကမ္ဘာ့ ဈေးအကြီးဆုံး လက်ကိုင်ဖုန်း

ယခင်နှစ်များက ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းဖြစ်သည့် ဒေါ်လာ ၂.၅ သန်းတန် iPhone ကို ဝယ်ယူခဲ့သူသည် ယခုအခါ နောက်ဆုံးပေါ် နည်းပညာတို့နှင့် အဆင့် မြှင့်တင်သင့်ပြီ ဖြစ်သည်။ အသစ်ထွက် ပေါ်လာသော iPhone 4S Elite Gold သည် ဒေါ်လာ ၉.၄ သန်း တန်ကြေးရှိပြီး လက်ရှိအချိန်တွင် ကမ္ဘာ့ ဈေးအကြီးဆုံး ဖုန်း ဖြစ်လာခဲ့သည်။
iphone4SEliteGold
iphone4SEliteGold1
တန်းဖိုးကြီး ပစ္စည်းများ ပြုလုပ်လေ့ရှိသော ယူကေအခြေစိုက် ဒီဇိုင်းပညာရှင် Stuart Hughes က အဆိုပါ ဖုန်းကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုဖုန်းတွင် အရည်အသွေးပြည့် စိန်ပွင့်ပေါင်း ၅၀၀ပါဝင်ပြီး
နောက်ကျော်ဘက် Apple အမှတ်တံဆိပ်တွင် စိန် ၅၃ ပွင့်
၂၄ ကာရက် ရှိသော ရွှေသားအတိ နောက်ဘက် အဖုံး
၈.၆ ကာရက်ရှိသော စိန်ပွင့်ကို အသုံးပြုထားသည့် ရွှေခလုတ်
အပါအဝင် လဲလှယ် တပ်ဆင်နိုင်ရန်အတွက်  ၇.၄ ကာရက်ရှိသော ပန်းရောင်စိန်ခလုတ် တစ်ခုကိုပါ အပိုထည့်ပေးထားသည်။
iphone4Selitegold4
iphone4SElitegold2
ထိုမျှတန်ဖိုးကြီးသော ပစ္စည်းများပါဝင်သည့် iPhone 4S Elite Gold အားထည့်ရန်အတွက် ပလက်တီနမ် အတိပြီးသော ဘူးပေါ်တွင် အခြား အဖိုးတန် ကျောက်မျက်များ စီချယ်ထားသော သေတ္တာကိုလည်း Stuart Hughes မှပြုလုပ်ပေးထားသည်။ Stuart Hughes မှ အဆိုပါ တန်ကြေး ဒေါ်လာ ၉.၄ သန်းရှိသော iPhone 4S Elite Gold အား အလုံးရေ (၂)လုံးသာ ပြုလုပ်မည်ဟု သိရသည်။

Saturday, December 10, 2011

ဘာသတင်းတွေမို.ဒီလောက်စိတ်ဝင်စားနေကျတာပါလိမ်


Funny CNN advertisements
Funny CNN advertisements
Funny CNN advertisements
Funny CNN advertisements

ဂျပန်မလေးတို.ရဲ.စိတ်ကူးဆန်းလေးမျာ

Funny Japanese inventions 
လက်မငြိမ်သူများအတွက်မျက်စဉ်းခတ်ဖို.မျက်မှန်


Funny Japanese inventions


                                        ထီးဆိုတာဒီလို လုံနေရမယ် Funny Japanese inventions
                           နှာအရမ်းစီးနေလို.ပါရှင်

Funny Japanese inventions
                                    ပူချင်အုန်းဟဲ ခေါက်ဆွဲ




Funny Japanese inventionsိ့
                                ဖိနပ်မိုးမိမှာစိုးလို.
Funny Japanese inventionsိ
                            အပျိုကြီးမမများအတွက်

Funny Japanese inventions
                                  စတိုင်ကျကျငိုက်လို.ရပြီ

အံသြဖွယ်ကျောက်တောင်တတ်ကျသူများ



Mountain goats are amazing rock climbers
Mountain goats are amazing rock climbers
Mountain goats are amazing rock climbers
Mountain goats are amazing rock climbers
Mountain goats are amazing rock climbers
Mountain goats are amazing rock climbers
Mountain goats are amazing rock climbers
Mountain goats are amazing rock climbers
Mountain goats are amazing rock climbers
Mountain goats are amazing rock climbers

ဆံပင်ညှပ်နည်းအသစ်(Don’t try this at home.)




Dangerous hair cut
Dangerous hair cut
Dangerous hair cut
Dangerous hair cut
Dangerous hair cut
Dangerous hair cut
Dangerous hair cut
Dangerous hair cut