Tuesday, April 30, 2013

လမ်းမတော်ဖိုးတုတ် ဇတ်သိမ်းပိုင်း


နဂိုကတည်းက စာသင်ခန်းကျောခိုင်းကျင့်ရှိသူ မောင်မိုးမှာ မမြသစ်နှင့် ချစ်သူဘဝရောက်ပြီးနောက် စာသင်ခန်းကို လုံးဝနီးပါး ကျောခိုင်းနေလိုက်သည် ။ ဒါကိုသိသွားသည့် မြသဆစ်က ကျောင်းမှန်မှန်မတက်ရင် သူ့နှင့် နောက်ထပ် မတွေ.ဖို့ ရာဇသံပေးလာသည် ။
သူတို့ နှစ်ယောက်အကြားမှာ အရင်ကလို ပြေသွယ်ချောမွေ.နေသည်များ တန့်ရပ်သွားသည်။
မောင်မိုးဆိုင်လာလျှင် မြသစ်က... လက်ခံစကားမပြော ၊ ရှေ.ကဆိုင်ကို ကူးပြီး ရှေ.ကဆိုင်မှာ သွားထိုင်နေသည် ။
တခါလည်းမဟုတ် ၊ နှစ်ခါလည်း မဟုတ် ။ သွားတိုင်းပင် မြသစ်က လက်ခံစကားမပြော၊ သူလာသည်မြင်သည်နှင့် ရှေ.ဆိုင်ကို ကူးသွားသည် ။
မောင်မိုးက နဂိုကတည်းက စိတ်မြန်သူဖြစ်သည့် အလျှောက် သူ့ကို ဒီလို လုပ်ရပါ့မလားလို့ သူများဆိုင်ရှေ.မှာ ရှူးရှူးဒိုင်းဒိုင်း သွားလုပ်သည် ။
ပြဿနာအစက အဲ့ဒီလို။
အဲ့ဒီနေ့က မပြေမလည် ဖြစ်သည့် ပြဿနာမှာ မြသစ်အဒေါ်ကတဆင့် မြသစ်အဖေနားသို့ အထိ ပေါက်ရောက်သွာ့းသည်။
နားမခံသာအောင် အဆူအပူခံရပြီးနောက်မှာ ဖခင်ဖြစ်သူက မြသစ်ဆိုင် မထွက်ရဟု တချက်လွတ် အမိန့် ထုတ်လိုက်သည် ။
အိမ်မှုကိစ္စ တာဝန်ယူနေသူ ညီမဝမ်းကွဲ လှခင်ကို ဆိုင်ထွက်စေပြီး မြသစ်ကို လှခင်လုပ်ရသည့် ကိစ္စကို ပြောင်းပြီး တာဝန်ယူခိုင်းလိုက်သည် ။
မြသစ်မှာ ဆိုင်မထွက်ရရုံမက အပြင်သို့လည်း မထွက်ရတော့ .... ။
ဖခင်ဖြစ်သူကို အလွန်ရိုသေ ကြောက်ရွံ.ရသည့်အထိုင်း ၊ မောင်မိုးနှင့် အဆက်အသွယ် ပြန်လုပ်ဖို့ကို လုံးဝ စိတ်မကူးရဲ။
မောင်မိုးက နည်းအမျိုးမျိုးဖြင့် ကျိုးစားကြည့်ပေမဲ့ဘယ်လိုမှ အရာမထင်အကြောင်းမထူး ဖြစ်ခဲ့သည် ။
မြသစ်ကိုယ်တိုင်ကလည်း မောင်မိုးကို ယတိမပြတ်သေးသော်လည်း စိတ်ကုန်သလို ဖြစ်နေသမို့ မြသစ်ကိုယ်တိုင်ကလည်း ပြန်ဆက်သွယ်ဖို့ မကြိုးစားတော့ ။ အသည်းနှလုံး ကျွဲခတ်သည့်နှယ် ခံစားနေရသူမှာ မောင်မိုး ၊
မောင်မိုးက မြသစ်မှ မြသစ် ။ သူငယ်ချင်း အလိန်နှင့် တိုင်ပင်ပြီး ဖြစ်နိုင်သမျှသော နညးလမ်းအသွယ်သွယ်ဖြင့် ကျိုးစားကြည့်သည် ။
ဘယ်လိုမှ အကြောင်းထူးမလာ ။
စိတ်မထိန်းနိုင်သူ မောင်မိုးက ဆုံးဖြတ်ချက်တခု ချလိုက်သည်။
သူဆုံးဖြတ်လိုက်သည်က သူ့ဘဝကို ကပြောင်းကပြန် ဖြစ်သွားကြမည့် ဆုံးဖြတ်ချက်အမှား ။
သူငယ်ချင်းအလိန်က တားသေးသည် ။
မရ......။
တခုခုလုပ်ဖို့ ဆုံးဖြတ်ပြီးရင် ဟောဟောဒိုင်းဒိုင်း လုပ်တတ်သည့် စရိုက် အခြေခံရှိသူ မောင်မိုးက စဉ်းစားတွေးခေါ်မှုပိုင်းတွင် အားနည်းသည် ။
သူပြုလုပ်သည့် အကြောင်းကနေ တန်ပြန်လာမည့် အကျိုးသက်ရောက်မှုကို အလေးထား စဉ်းစားတတ်သူ မဟုတ်။
သူကတုံးဆိုတိုက် ၊ ကျားဆိုကိုက်သမား။
လမ်းမတော်ဖိုးတုတ်နှင့် ဗိုလ်တထောင်ငမိုးတို့ မတူညီသည့် ကွားခြားချက်မှာလည်း ဒါပဲဖြစ်သည် ။ လမ်းမတော်ဖိုးတုတ်က ခေါင်းသမား ။ မကောင်းမှုပြုပေမဲ့ အတွေးအခေါ်ရှိသည်။ စဉ်းစားချင့်ချိန် ပိုင်းခြား ဝေခွဲမှုရှိသည် ။ သူများဟာကို ကျူးကျော်တော့မည် ဆိုလျှင်

ကိုယ့်တာကိုလုံ အောင်ထိန်းသည့် ပြင်ဆင်မှု လုပ်တတ်သည် ။ ဗိုလ်တထောင် ငမိုးက ရှူးရှူးဒိုင်းဒိုင်းသမား လုပ်တော့မည်ဆိုလျှင် ဘာကိုမှ မစဉ်းစား ။
အုတ်တံတိုင်းမှန်းသိလျှက်နှင့် ခေါင်းနှင့်ပြေးဆောင့်လိုက်သည့် အဖြစ်။
ကျည်ဆံလာမည့်လမ်းကြောင်းကို ရင်ဘတ်နှင့် ထိုးခံလိုက်သည့် အဖြစ် ။
တနေ့ ....။
ရထားလုံးတစီး ဌားပြီး မြသစ်ကို အိမ်ပေါ်မှာ အတင်းတက်ဆွဲသည် ။
မြသစ် ဦးလေး ဦးတင်မောင်က ဝင်ရောက် တားဆီးခဲ့ရာ မောင်မိုးက အသင့်ဆောင်လာသည့် ဓားမြှောင်ဖြင့် ထိုးထည့်လိုက်သည် ။
ဦးတင်မောင် ပုံလျှက်သား လဲကျသွားသည် ။

မြသစ်လည်း ဓားသွားအဖြား ခတ်ခံလိုက်ရသည်။ အိမ်တွင်ရှိနေသူများ ကြောက်လန့်တကြား အော်ဟစ်သံများကြောင့် အိမ်နီးပါးချင်းများ ဝိုင်းလာကြသည် ။
မောင်မိုင်းက မဆိုင်သူမကပ်နှင့်ဟု ဓားတဝင့်ဝင့် ကြိမ်းမောင်းပြီး ထွက်ခဲ့သည် ။ မည်သူမျှ အနားမကပ်ရဲကြ ။ ပုလိပ်တွေက မောင်မိုးတို့ အိမ်လာဝိုင်းသော်လည်း မောင်မိုးကိုမမိ ။
မောင်မိုးကလည်း အဖမ်းမခံ ။ တိမ်းရှောင် ပုန်းအောင်းနေခဲ့သည် ။
သူငယ်ချင်းဖြစ်သူ အလိန်ကလည်း အစစ အရာရာ အကူအညီပေးခဲ့သည် ။ မောင်မိုး ကျူးလွန်လိုက်သည့် အဖြစ်မှာ သေးသေးကွေးကွေး အမှုမဟုတ် ။ အဲ့သည်ခေတ် အချိန်ကာလ ဖြစ်တောင့်ဖြစ်ခဲ အမှုကြီး စာရင်းဝင်သည် ။ ဓားထိုးမှု ၊ ပိုင်နက်ကျူးလွန်မှု ၊

အလိုမတူသော မိန်းခလေး တစ်ဦးကို အဓမ္မ လက်ရောက်ဆွဲမှု ။
၃၂၆ ၊ ၃၇၆ ၊ ၄၅၂ နောက်ထပ်တိုးလာသည်က ဝရမ်းပြေးမှု ။
ဗိုလ်တထောင် ပုလိပ်ဌာန တခုလုံး ယောက်ယက်ခတ်ကုန်သည် ။
အလုပ်ရှုပ်ကုန်သည် ။ မောင်မိုး တိမ်းရှောင်နေသသ်မှာ လေးလရှိပြီ ။ သူနှင့်ပတ်သက်သည့် ကောလဟလ သတင်းများကလည်း ဟုတ်တာတွေရော ၊ မဟုတ်တာတွေပါ ရောပြွန်းထွက်လာသည် ။
တုတ်ဓားပြီးသည် ။ ကျည်လွဲသည် ။ ကိုယ်ပျောက်သည် ။ စသည့် ကောလဟလ သတင်းများဖြင့် မောင်မိုး အမည်ကို ထင်ပေါ်လာစေခဲ့သ်ည် ။
နောင် ဗိုလ်တထောင် ငမိုးဟူ၍ နာမည်ကြီး လာသော်လည်း ဗိုလ်တထောင် ငမိုး၏ ရပ်ကွက်နေ လူထုအပေါ် စော်ကားမော်ကား မလုပ်ဘဲ ရပ်ကွက်ကို စောင့်ရှောက်ခဲ့သောကြောင့် လူချစ်လူခင်များခဲ့သည် ။
ဒါပေသိ မြန်မာ့အလင်း အယ်ဒီတာ ဆရာသင်အား သတ်သည် လူသတ်မှုကို ကျူးလွန်လိုက်သော အခါ လူထု၏ အော့နှလုံးနာ ရွ.ံမုန်းကြီးကို ခံလိုက်ရသည် ။ တကယ်တော့ ကိုမိုး ဆရာသင် ဘယ်လို ပုဂ္ဂိုလ်မျိုးဖြစ်သည်ကို သူမသိ။
သူက ကျေးဇူးရှင်အဖြစ် ယုံကြည်ကိုးစားထားသော ပုဂ္ဂိုလ်၏ ခိုင်းစေချက်ကြောင့် ထိုပြစ်မှုကြီးကို ကျူးလွန်ခဲ့ခြင်းဖြစ်၏။
သူ၏ တွေးခေါ်မြော်မြင်မှု အားနည်းချက်ကြောင့် ထိုပြစ်မှုကြီးကို တဇောက်ကန်း ကျူးလွန်ခဲ့ရာ တစ်သက်တကျွန်း ပြစ်ဒဏ်ဖြင့် တကျွန်းသို့ ရောက်သွားခဲ့သည် ။
တရားခံတယောက်ကို ပြစ်ဒဏ်ချမှတ်ပြီမှ တရားရုံးတွင် အမှုကို တဖန်ပြန်လည်စစ်ဆေးရသည့် မှုခင်းဟူ၍ အင်္ဂလိပ်လက်ထက်က ဗိုလ်တထောင် ငမိုး၏ အမှုတခုသာ ရှိခဲ့ကြောင်း မှုခင်းရာဇဝင်တွင် မှတ်တမ်း တင်ခဲ့သည် ။
ဆရာသင်သတ်မှုတွင် အသွားစေခိုင်းသူက ဘာမှ မဖြစ်ဘဲ အစွယ်ဖြတ်သွားသူက ပြစ်ဒဏ်ထိခံခဲ့ရသည်။
တရားသည် မတရားသို့နှယ် ဖြစ်ရှိသွား၏။
တရားချိန်ခွင်ညှာသည် အလှည့် အပြောင်း လမ်းကြောင်းက အဓိက တရားခံဖြစ်သည့် အသွားစေခိုင်းသူကို တရားခွင်သို့ ပြန်တင်ခဲ့သောကြောင့် အစွယ်ဖြတ်သူ မုဆိုးမှာ ကျွန်းဒဏ်မှ လွတ်မြောက်သွားသည်။
လူမိုက်ဘွဲ.ခံထားသည့် ဗိုလ်တထောင်ငမိုးနှင့် လမ်းမတော် ဖိုးတုတ်တို့ နှစ်ယောက်မှာ ဒုတိယကမ္ဘာစစ် မဖြစ်မီကာလက ရန်ကုန်မြို.တွင် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့ကြသူ နှစ်ယောက်ဖြစ်၏။
နှစ်ယောက်စလုံး လက်ဖျား ငွေသီးခဲ့ကြသည်။
လမ်းမတော်ဖိုးတုတ်က ဗိုလ်တထောင် ငမိုးထက် ပို၍ ဝင်ငွေလမ်းဖြောင့်ခဲ့သည်။
ထိုစဉ်ကာလက လမ်းမတော်၏ တလဝင်ငွေ ဘယ်လောက်ရှိသည်ကို လမ်းမတော်ဖိုးတုတ်မှတပါး မည်သူမှ အတိအကျ မပြောနိုင်။
သို့တစေ အနီးကပ်ဆုံး ခန့်မှန်းသည်မှ ထွက်လာသည့် အဖြေမှာ ....
တစ်လ သုံးထောင် ထက် နည်းလိမ့်မည်မဟုတ်ဟု တွက် ချက်ခန့်မှန်းကြသည် ။
လမ်းမတော် ဖိုးတုတ်၏ အပိုင်းမှာ လောင်းကစားဝိုင်းကြီးတွေ နေ့စဉ်လုပ်သည့် ဟိုတယ်များ၊ ဘိန်းခန်း အသေးအကြီးပေါင်းစုံနှင့် ကုန်စိုကုန်ခြောက် အကြီးအကျယ် အရောင်းအဝယ်လုပ်သည့် ပွဲရုံကြီးများ၊ မြန်မာတပြည်လုံး အရက်နှင့် အပေါင်ဆိုင်လုပ်ငန်းကို

ချုပ်ကိုင်ထားသည့် လိုင်စင်ကြီးများ၊ သိမ်ကြီးဈေး ၊ သံဈေးလို အရောင်းအဝယ် ဖွံ.ဖြိုးသည့် လုပ်ငန်းများ ရှိကြသည် ။
အဲ့ဒီ လုပ်ငန်းတွေကရသည့ ဆက်ကြေးဝင်ငွေအပြင ကြည့်မြင်တိုင် စက်ဆန်း ပြေးဆွဲနေသည့် ဘတ်စ် ကားများ၊ ဟိုတယ် နှင့် ကစားဝိုင်းများတွင် ဂိတ်ထိုးသည့် တက်စ်စီတ်းများထံ၌လည်း နေ့စဉ်ဆက်ကြေးရသည်။
အခြား အမည်မဖော်နိုင်သော လုပ်ငန်းအမျိုးမျိုးက လစဉ်ရသည့် ဆက်ကြေးဝင်ငွေများလည်းရှိသည်။
တလ သုံးထောင် လောက်ရသည့် ဝင်ငွေမှာ ဖြစ်နိုင်လောက်သည်ဟု တွက်ချက်မှု ကိန်းဂဏန်း ထွက်ခဲ့သည် ။
ရွှေဒင်္ဂါးတပြား တဆယ့်ေ ခြာက်ကျပ် ၊ တဆယ့်ရှစ်ကျပ် ခေတ်လောက်က ဖိုးတုတ်၏ ဝင်ငွေ သုံးထောင်ခန့် ရှိသည်ဟု ဆိုကြရာ အတော်များသည့် ငွေကြေးဟု ဆိုနိုင်၏။ သို့တစေ ထိုမျှသော ငွေကြေးများကို သူတယောက်ထဲက ရသည်တော့ဟုတ် ။
သူက ခေါင်းကိုင်အဖေ ဂေါ့ဖားသားဆိုတော့ တပည့်တပန်းများ၏ စားဝတ်နေရေးကို သူက လုံးဝ တာဝန်ယူထားရသည်။
သူက ဆက်ကြေးရသလို သူက ပြန်ပေးရသည့် ဆက်ကြေး အမျိုးမျိုးလည်း ရှိပြန်သည် ။
အဲ့ဒီသူက ပြန်ပေးရသည့် ဆက်ကြေးငွေ မမာဏမှာ ရာဂဏန်းမဟုတ်၊ ထောင်ဂဏန်းအထိ စာရင်းပေါက်သည်။
ရာဇဝတ်မှု များလိုက်ရာတွင် နာမည်ကြီးသည့် ရှေ.နေကြီးပန်ကာ ဦးအေးကို အမှုလိုက်ခ အပြင် ဥပဒေရေးရာကိစ္စ အကြံပေးရသည့်အတွက် လစဉ် ပုံမှန်ဝင်ငွေလည်း ပေးထားရသည်။ မနည်းပါ ။
တကယ်တော့ လမ်းမတော်ဖိုးတုတ်က ဆင်သတ်ရသည့် နာမည်ကို ခံရတာပဲရှိသည်။
ဆင်တကောင်လုံးကို သူကမရ ။ ဆင်သတ်ပြီး အရပ်ဝေနေရသူ။
အဲ့ဒီလို ဥပဒေ၏ အဆုံးအမကို မခံရဘဲ ကင်းလွတ်ခွင့် ရနေခြင်း ဖြစ်၏။
အမှုလိုက်ရဲ အင်စပက်တော် ဦးဟုတ်ဂွမ်သတ်မှု နှင့် ထောင်ထဲ ခဏဝင်ရသည်က လွဲလို့ အုတ်ရိုးအတွင်း လူအဖြစ်အနေမကြာခဲ့ရ ။
လမ်းမတော် ဖိုးတုတ်က ခေါင်းသမား၊
ရှေ.နေကြီးတယောက်ကိုပင် သူ့အတွက် အကြံပေးအဖြစ် လစာပေး၍ လက်တွဲထားခဲ့သည် ။ ဗိုလ်တထောင် ငမိုးက ခေါင်းသမားမဟုတ် ။
ရှူးရှူး ဒိုင်းဒိုင်း စိတ်ထင်သလို တုံးဆိုတိုက် ၊ ကျားဆိုကိုက်ခဲ့သည်ကြောင့် အုတ်ရိုးအမြင်မှာထက် အုတ်ရိုးအတွင်း အနေများခဲ့ရသည်။
နောက်ဆုံး တကျွန်းသို့ ဝင်သွားခဲ့ရသည်။ အဲ့ဒီလောက်ဆို သူတို့ နှစ်ယောက် ခေတ်ရေစီးကြောင်းအရ ထင်ပေါ်သူ ဖြစ်ရပ်ဖြစ်ကြောင်း ဖော်ပြချက် ပြည့်စုံလောက်ပါပြီ ။
သူတို့ နှစ်ယောက်၏ ဘဝနိဂုံးဇာတ်သိမ်းပိုင်းကို ဆက်လက် ဖော်ပြရပါမည် ။ သို့မှသာ မကောင်းသော ပြုလုပ်မှုဖြစ်စဉိနှင့် ယှဉ်တွဲ ခဲ့ဖူးသူများ၏ ဘဝနိဂုံး အဆုံးသတ် ဘယ်သို့ ရှိသည့်ပုံရိပ် ပေါ်လာမည် ဖြစ်ပါသည် ။
မကာင်းမှုပြုခြင်း၏ တုံ့ပြန်မှု အကျိုးသက်ရောက်မှုမှာ တမလွန်အထိ မစောင့်ဆိုင်း ။ ပစ္စုပ္ပန် တည့်တည့်ကြီးမှာပင် မကောင်းသော တုံ့ပြန်မှု အကျိုးကို ပေးတတ်၏ ။ အရာရာတွင် တုံ့ပြန်မှုဟူသည် ရှိစမြဲ ။
ကောင်းသောလမ်းကို လျှောက်လျှင် ကောင်းသော လမ်းဆုံးသို့ ရောက်မည် ။ မကောင်းသောလမ်းကို လျှောက်လျှင် မကောင်းသော လမ်းဆုံးသို့ ရောက်မည် ။ ဤသည်မှာ နိယာမ မစစ်သော သဘောတရားပင် ။

လမ်းမတော်ဖိုးတုတ် နိဂုံး
*****************
ဂေါ့ဖားသားဟု ခေါ်ဆိုနိုင်မည့်သူမှာ လမ်းမတော် ဖိုးတုတ် တယောက်သာ ရှိခဲ့ဖူး၏။
ထိုစဉ်ကာလက ရန်ကုန်မြို.၏ ရပ်ကွက် အသီးသီး၌ တစ်ဗိုလ်တမင်း စိုးမိုးမင်းမူနေသည့် ရပ်ည် ကွက် လူမိုက်များ ရှိကြသည်။ သူတို့ဘယ်သူ့ကိုမှ ဗိုင်ဝင်မခံခဲ့ကြ ၊ ကိုယ့်နယ်မြေနှင့်ကိုယ် သတ်မှတ်ပြီး လူမိုက်ဘွဲ.ခံ၍ နေထိုင်ခဲ့ကြသည် အဲ့ဒီလို ရှိခဲ့ကြသည့် လူမိုက်များမှာ

လမ်းမတော် ဖိုးတုတ်ခေတ်သို့ ရောက်သော အခါတွင်မှု အားလုံးနီးပါးပင် လမ်းမတော်ဖိုးတုတ် ထံ ဗိုလ်ဝင်ခံခဲ့ကြသည် ။ ဒါကြောင့်လည်း လမ်းမတော်ဖိုးတုတ်က လမ်းမတော်အပိုင်တွင်သာ မဟုတ်ဘဲ ရန်ကုန်တမြို.လုံးကို စိုးမိုးနိုင်သူ ဖြစ်လာသည် ။
လမ်းမတော်ဖိုးတုတ်မှာ သူ့ခေတ်သူ့အခါက လက်ဖျားငွေသီးခဲ့သူ ဖြစ်၍ ဘာမဆို လိုတရသူလည်း ဖြစ်ခဲ့သည် ။
ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်သည်အထိ သူ၏ အရှိန်အဝါ ကျဆင်းမသွားဘဲ တည်တံ့ခိုင်မြဲခဲ့သည်။ ဂျပန်ခေတ် ။
မြင်းစီးဖိနပ်ရှည်ကြီးနင့် မြင်းစီးဘောင်းဘီကြီး ဝတ်၍ ဒေါက်မီပေမီ စင်းလုံးချော ဖောင်းဝတ်မြင်းကြီးစီးပြီး မင်းမူနိုင်ခဲ့ပြန်သည် ။
နီပွန် စစ်အုပ်ချုပ်ရေးအဖွဲ.မှ ပေးထားသည့် ဘူးသီးငါးပေါင်းကြော် လက်ပတ်ကြီးမှာ သူ၏ အရှိန်အဝါ မြင့်ထည်စေခဲ့ပြန်သည်။
ဒါပေသိ......
ထိုအရှိန်အဝါမှာမူ ကြာရှည်မခံလိုက် ။
နီပွန် စစ်အုပ်ချုပ်ရေး ငြိမ်းသွားသည်နှင့် အတူ ဘူးသီးငါးပေါင်းကြော် လက်ပတ်ကြီးသည် အဝတ်အပိုင်းအစလေး တခုလောက်အဆင့်ကို လျော့ကျသွားသည်။
လက်ဖျားငွေသီးခဲ့သော လမ်းမတော်ဖိုးတုတ်မှာ လက်ဖျားငွေမဲ့ဖြစ်သွားသည်။ ဘာဝင်ငွေမှမရှိ ။ ပေး
မည့်သူလည်းမရှိတော့ ။
တပည့်တပမ်းတွေကလည်း သူတို့ ဝမ်းဗိုက်အတွက် ကိုပင် အနိုင်နိုင် ရှာဖွေနေရသည်။
သည့်သို့သော အခြေအနေမှာ ကိုဖိုးတုတ် ဘဝက ပေအဖြစ် အထုအထောင်းခံခဲ့ရသော စက်ဆန်းဓားဘသိန်းက ဒေါက်တာ ဘမော် အစိုးရအဖွဲ.မှ ဝန်ကြီးတဦး၏ လက်ကတုံး တောင်ဝှေး ဖြစ်လာသည်။
ဓားဘသိန်း တူဖြစ်သွားပြီ။ သူက ပေဘဝ။
တူက ထုမည့်ထောင်းမည် အရိပ်အဆင် ပြလာသည်။
သူ့ခေတ်ကုန်သွားပြီမို့ သူက ခံအလှည့် သို့ ရောက်နေပြီ။
ထိုစဉ်ခေတ်က ဒေါက်တာ ဘမော် အပေါ် သြဇာ သက်ရောက်မှု ရှိသောနိုင်ငံရေး ဆရာတော်ဖြစ်သည့် ကြည့်မြင်တိုင် သာဓုဆရာတော်အား ခြေတော်ဦးခိုက်၍ တပည့်တော်ကို ကယ်ပါဦးဘုရားဟု လျှောက်ထားပြီး သာဓုဆရာတော်ထံ ခိုလှုံခဲ့ရသည် ။
လမ်းမတော် ဖိုးတုတ် အရှိန်အဝါတောက်ပစဉ် အချိန်က နာမည်ကြီး သာဓုဆရာတော်ကို ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် အကန်တော့ခံဝင်ဖူးသည်။ စကားပြောဖူး သိဖူး ရှိခဲ့သည်။
ခြေတော ဦးခိုက်၍ တပည့်တော်ကိုကယ်ပါအုံး ဘုရားဟု လျှောက်ထားသည်ကြောင့် လက်ခံလိုက်သည်။
" အေးလေ ၊ ဒုက္ခရောက်လာတဲ့ လူအဖြစ်နဲ့ ခေတ္တ ခဏ ကျောင်းရိပ်ခိုချင်သပ ဆိုလည်း ခိုတာပေါ့။ ဒါပေမဲ့ ကျေင်း ဝေယျာဝစ္စ ကိစ္စကိုတော့ လုပ်ရမယ်နော် "
" မှန်ပါ ၊ တပည့်တော် လုပ်ပါ့မယ် ဘုရား"
ဤသို့ဖြင့် သာဓု ဆရာတော်ထံတွင် ခိုလှုံနေထိုင်ခဲ့ရသည်။
အဲ့ဒီ အချိကပင် သူ၏ ယခင် ရုပ် သွင် နှင့် ဟန်ပန် အမူအရာ မထင်တော့ ။
ကတိုး ဆံတောက်လေးနှင့် ပိန်လှီနေသော ခန္ဓာကိုယ်ကို သယ်ပိုးနေလင့်ကစား သူ၏ လှုပ်ရှားပုံမှာ သွက်လက်မှု မရှိ။
လှုပ်လီ လှုပ်လဲ့ နှေးနှေးကွေးကွေး လှုပ်ရှားနေသည့် သူ၏ ဟန်ပန်မှာ သူပေါ့ လမ်းမတော် ဖိုးတုတ်ဆိုတာလို့ ပြောသော်မှ ယုံနိုင်စရာ ဟန်ပန်သွင်ပြင် လုံးဝ မထင်တော့ ။
မနက်တကြိမ် ညနေတကြိမ် ဆရာတော်၏ ကျောင်းပတ်ဝန်းကျင်တွင် တံပျက်ဆီး လှဲနေသည့် ကိုဖိုးတုတ်၏ှီုးခေါင်းမှာ မော့မတ်ခြင်းမရှိ။
တရားသဘောကို နားလည် သဘောပေါက်သည့်တိုင် ဘဝသင်္ခါရ အလှည့်အပြောင်းကို ဆင်ခြင်မိဟန် ပေါ်လွင်နေသည်ဟု ဆိုရမည် ပုံရိပ်ထင်ရစ်နေသည်။
ဆရာတော်၏ အရိပ် ၊ ကျောင်း၏အရိပ် ခိုနေရသည့် အတွက် အေးချမ်းမှု ရှိသော်လည်း ကိုယ့်စရိုက်နှင့် မအပ်စပ်သော နေရာဖြစ်သည့် အလျောက် ကြာကြာမနေနိုင် ၊ ဆရာတော်ကို လျှောက်ထားပြီး ကျောင်းရိပ်က ခွာခဲ့ရသည် ။ အလှည့် ရောက်ပြီ ။
မကြာပါချေ ။ သက်ဆိုင်ရာက သူ့အားဖမ်းဆီးပြီး ထောင်ထဲ ထည့်လိုက်သည်။
သူ့အားဖမ်းဆီးသည်မှာ လောလောလတ်လတ် ကျူးလွန်သည့် ပြစ်မှုကြောင့်မဟုတ် မကောင်းသတင်းနှင့် ကျော်ဇောသူ တယောက်အဖြစ်ဖမ်းဆီးလိုက်ခြင်း ဖြစ်၏။
ရန်ကုန် ထောင်တွင် ခေတ္တထားပြီး မြောင်းမြ ထောင်သို့ ပို့လိုက်သည် ။
နူရာဝဲစွဲ ၊ လဲရာသူခိုးထောင်း ဆိုသလို တီဘီရောဂါ အပါအဝင် ရောဂါမျိုးစုံ စွဲကပ်လာသည်။
ထောင်အပြင်မှာ သန့်သန့် ပြန့်ပြန့် နေရသူတွေပင် ဝဲရောဂါနှင့် မကင်း ။ သန်းကြီးမ အကိုက်ခံရသည်နှင့် မလွတ်ရှိခဲ့သော ဂျပန်ခေတ်တွင် ထောင်ထဲမှာ နေရသူတွေ အဖို့ ပိုဆိုးသည်။
ပြည်တရွဲရွဲ နှင့် ဝဲနာတွေ အိုင်းထွက်နေသည်။
သန်းကြီးမတွေ ကပ်စွဲနေသည် အဝတ်များကို သန့်စင်ရေး မလုပ်နိုင်။
လဲဝတ်စရာလည်း မရှိ ။
ရောဂါနှင့်သက်ဆိုင်သော ဆေးဝါးလုံးဝမစား ရသောကြောင့် တကြောင်း ၊ အစားအသောက်ချို.တဲ့ သောကြောင့်တကြောင်း။ အအိပ်အနေ အလွန်အမင်း ဆင်းရဲသောကြောင့် တကြောင်း၊ ဦးဖိုးတုတ်မှာ အရိုးပေါ် အရေတင် ဆိုရအောင် မြင်မကောင်း ရှုမကောင်း

ပိန်လှီချိနဲ့နေသည်။
နောက်ဆုံး ပင့်သက် မရှိုက်မီ သူတောင့်တ ရေရွတ်သွားသည်မှာ........
" ထန်းလျှက်ခဲလေး တခဲ စားချင်လိုက်တာ ၊ ဆေးပြင်းလိပ်ကလေး တဖွာလောက် ဖွာရှိုက်ချင်လိုက်တာ" ဟူ၍ဖြစ်သည်။
မြောင်းမြထောင်ထဲမှာ ဘဝနိဂုံးချုပ်သွားသည့် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သူ ၊ လက်ဖျားငွေသီးခဲ့သူ ၊ ဝိုင်းဝိုင်းလည်နေသည် တပည့်တပမ်းများ၏ ခေါင်းကိုင်ဖခင်ကြီး ဖြစ်ခဲ့သူ လမ်းမတော် ဖိုးတုတ်၏ ရုပ်အလောင်းကို ဂုံနီအိပ်နှင့် စွပ်လျှက်.....
မြေပုံသော်မှ မကျန်ခဲ့။
မကောင်းမှု ပြုသူများ၏ တန်ပြန်ခံစားရသည့် အကျိုးဆက်သည် ဤသို့ မှ တပါးဟု ဆိုရမည်ပါတည်း ။

လမ်းမတော်ဖိုးတုတ် အကြောင်း ဤတွင် ပြီးပါပြီ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျော်မြသန်း ၏ ပလက်ဖောင်းမင်းသား စာအုပ်မှ ထုတ်နုတ်တင်ပြသည်။

Myanmar Journal facebook မှ

Sunday, April 21, 2013

ဦးနာအောက်၏ အတ္ထုပ္ပတ္တိ (၁၁၉၄-၁၂၇၅)




၁၉ ရာစုတွင် ကျော်ဇောထင်ရှားသော မွန်တိုင်းရင်းသားများတွင် ဘုရားဒကာဦးနာအောက်သည် တစ်ယောက်အပါအ၀င် ဖြစ်ခဲ့သည်။ ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ဖဲကတာရှိ မွန်ကျေးရွာ ကလေးဖြစ်သော ခရဲကျေးရွာတွင် ကောဇာသက္ကရာဇ် ၁၁၉၄ ခုနှစ် ကဆုန်လဆုတ် ၃ ရက် ကြာသပတေးနေ့တွင် မွေးဖွားသည်။
မိဘနှစ်ပါးသည် အလွန်ဆင်းရဲပြီး မွေးချင်း ၅ ယောက်အနက် စတုတ္ထမြောက်သား ဖြစ်လေသည်။

ဦးနာအောက်အား မွန်ဘာသာဖြင့် "အအက်" ဟု ခေါ်တွင်လေသည်။ မွန်ဘာသာ အအက်ဟူသည် မြန်မာဘာသာ အဓိပ္ပါယ်မှာ အရုပ်ဆိုးအကျည်းတန်ဟု ဆိုနိုင်သည့်အပြင် သူတစ်ပါးအပေါ် နိုင်ထက်စီးနင်းမလုပ်ခြင်း၊ ဒေါသကို ထိန်းသိမ်းခြင်းနှင့် နှိမ့်ချ၍ နေတတ်ခြင်းဟုလည်း အဓိပ္ပါယ်ဖေါ်နိုင်သည်။

လူလားမြောက် အရွယ်ရောက်လာသောအခါတွင် မောင်အောက်အား ပညာသင်ကြားရန် ကော့မယ်ခရ ဘုန်းတော်ကြီးထံ၌ မိဘနှစ်ပါးက အပ်နှံလေသည်။ ဘုန်းတော်ကြီး ကျောင်းတွင် ပညာကို ကောင်းစွာ မသင်ကြားနိုင်ဘဲ ကျောင်းမှထွက်ကာ ကျွဲကျောင်းသား၊ နွားကျောင်းသားဘ၀ဖြင့် ဆင်းရဲသော မိဘနှစ်ပါးကို ကူညီရလေသည်။ စာသင်ကြား ရမည့်အရွယ်တွင် မောင်အောက်သည် ကျောင်းလွယ်အိတ်လွယ်ပြီး ကျောင်းတက်ရမည့်အစား ကော့မယ်ခရရွာ၌ လောက်လေးကိုကိုင်ကာ လောက်စာလုံးအိတ်လွယ်ပြီး ကျွဲစားကျက်၌ ကျွဲစီးပြီး ကျွဲကျောင်းသားဘ၀ ဖြစ်ခဲ့ရသည်။

မောင်အောက်သည် အလွန်ဆင်းရဲလှသော်လည်း လုံ့လ၊ ၀ိရိယနှင့် ဇွဲရှိသူ ဖြစ်သည်။ ရောင့်ရဲတင်းတိမ် သူလည်း ဖြစ်သည်။ ဟင်းလျာအဖြစ် ဆားရလျှင် ဆားနှင့်စားပြီး ငါးပိဖုတ်နှင့်လည်း ကျေနပ်သူဖြစ်သည်။

မောင်အောက်သည် ရှေးဘ၀က ပုပ္ပစေတနာ အကျိုးမပေးသဖြင့် ပထမအရွယ်၌ ဒုက္ခ၊ သုက္ခံ လောကလှိုင်း တံပိုးအောက်၌ မြုပ်တစ်ခါ ပေါ်တစ်လှည့်ဖြင့် ခရီးကြမ်းကြီးပေါ်တွင် လျှောက်နေရသူဖြစ်၏။ သို့ ကျွဲကျောင်းသား ဘ၀နှင့် ဘ၀ကို ရင်ဆိုင်နေရစဉ် ကတိုးရွာသူဌေးကြီး ဦးမွန်ထော်၏ ကိုးဆောင်အိမ်ကြီး၊ ကော့နှတ်ရွာရှိ သူဌေးဦးထော်အာနှင့် အခြားအိမ်ကြီး အိမ်ကောင်းများကို တွေ့ရှိသောအခါ ယင်းတို့ကဲ့သို့ ကြီးပွားချမ်းသာလိုသောစိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့၏။

ဘုန်းကံရှိသော ယောကျာ်းပီပီ ဘ၀ကို အရှုံးမပေးတတ်သူ ဇွဲရှိသောသူ လုံ့လ၀ိရိ ယရှိသူဖြစ်သည့်အလျောက် ကျွဲကျောင်းသား၊ နွားကျောင်းသားဘ၀တွင် ကျရောက်လင့်ကစား ကတိုးကော့နှတ်ရွာများသို့ ရောက်ရှိစဉ်က မြင်တွေ့ရသော လူချမ်းသာတို့၏ ကြီးပွားချမ်းသာ တိုးတက်နေသည်ကို အားကျကာ ၎င်းတို့ကဲ့သို့ ဖြစ်လာရန် ကြိုးစားမည်ဟု သန္နိဋ္ဌါန်ချထားလေသည်။

လူလားမြောက်အရွယ်သို့ ရောက်ရှိလာသောအခါတွင် မိဘနှစ်ပါးလည်း ကွယ်လွန်ပြီး ဖြစ်သောကြောင့် မိမိ၏အကြံအစည် အောင်မြင်ရန်အတွက် ကတိုး၊ ကော့နှတ်ရွာနှင့် တဆက်တည်းဖြစ်သော သံလွင်မြစ်ပေါ်ရှိ သံဃာပိုင်ရွာရှိ မိမိ၏ အစ်မကြီး ဒေါ်ထောဂေ့ (မိထ၀်ဂွံ) ရှိရာသို့ လာရောက်နေထိုင်ကာ အစ်မ၏ လယ်မြေတွင် လယ်သမားအဖြစ် ၀င်ရောက်လုပ်ကိုင်လေသည်။

အချိန်တန်အရွယ်ရောက်သောအခါ ဖူးစာရှင်ဖြစ်သော မိရွှေမှုန်နှင့် လက်ထပ်ထိမ်းမြားလေသည်။ မိရွှေမှုန်သည် အိမ်တွင်းမှုအပြင် ကောက်စိုက်ခြင်း၊ ကိုင်းလုပ်ခြင်းတို့၌လည်း ယောကျာ်းများနှင့် ရင်ဘောင်တန်းပြီး ပစ္စည်းဥစ္စာရှာဖွေ တတ်သူဖြစ်လေသည်။ တက်ညီလက်ညီဖြင့် ဘ၀ခရီးကို စတင်လျှောက်စဉ်မှာပင် မိရွှေမှုန် သည် မိမိ၏ ချစ်လှစွာသော ခင်ပွန်းသည်ကို လက်တွဲဖြုတ်ပြီး သေမင်းခေါ်ရာနောက်သို့ ပါသွားရရှာ လေတော့သည်။

ချစ်ဇနီးကွယ်လွန်ပြီးနောက် ၀မ်းနည်းဖွယ်ရာ၊ အားနည်းဖွယ်ရာများကို ဖယ်ရှားပြီး ဘ၀ကို အရှုံးမပေးသော ယောက်ျားပီပီ မိမိ၏အဓိဋ္ဌာန် အောင်မြင်ရေးအတွက် မင်းဖြစ်လိုက မင်းနားခစား၊ သူဋ္ဌေးဖြစ်လိုက သူဋ္ဌေးနားမှာ ခစားမှဖြစ်မယ်ဟု စိတ်ကူးပြီး ကော့နှတ်ရွာရှိ သူဌေးကြီးဦးထော်အာထံတွင် အလုပ်ဝင်လုပ်လေသည်။

မှတ်ချက်…..

(ကော့နှတ်ဟူသော ဝေါဟာရမှာ မွန်ဘာသာ "ကံဟနှာတ်" ဟူသော အသံမှ ဖြစ်ပေါ်လာသော အမည်ဖြစ်သည်။ "ကံ" ဟူသောအဓိပ္ပါယ်မှာ ကုန်းမြင့်မြေနေရာကို ဆိုလိုပြီး "ဟနှာတ်" မှာ ပက်ခွံ့ဟူသော အဓိပ္ပါယ်ရသည်။ ကော့နှတ်ရွာ မဖြစ်ပေါ်လာမီ ထိုနေရာကို ရေလွှမ်းမိုးသောအခါ ပက်ခွံ့လောက်ရှိသော ကုန်းမြင့်ကလေးသာ ပေါ်ထွန်းလျှက်ရှိပြီးနောက် ပက်ခွံ့မျှလောက်သာ ရှိသောမြေနှင့် ပတ်ဝန်းကျင်နေရာတွင် ရွာတည်သောအခါ ထိုရွာကို "ကော့နှတ်" "ပက်ခွံ့ကုန်း" ဟူ၍ ခေါ်တွင်လေသည်။)

ဦးထော်အာ၏ စည်းစိမ်ချမ်းသာ ပစ္စည်းကြွယ်ဝမှုကို အားကျ၍ ဦးထော်အာကဲ့ သို့ ကြွယ်ဝချမ်းသာရန်
(၁) အလုပ်ကို ကြိုးစားလုပ်မည်။
(၂) ရဲရဲဝံ့ဝံ့ နောက်မတွန့်ပဲ လုပ်ရမည်။
(၃) ရိုးသားရမည်။
(၄) ဝေဖန်ထောက်ရှု မိမိမှုကို ဝေဖန်ရမည်ဟူသော စည်းကမ်းလေးချက်ကို ချမှတ်လေသည်။

ထိုသို့ သူဌေးကြီးဦးထော်အာထံတွင် ၀င်ရောက်အလုပ်လုပ်နေစဉ် မောင်အောက်၏ ယောက္ခမတို့က ၎င်းတို့၏ သမီးငယ် မိရွှေမှုန်၏ညီမ မိရွှေအုပ်နှင့် ပြန်လည် လက်ဆက်ပေးလေသည်။ မိရွှေအုပ်နှင့် ကြာရှည်မပေါင်း လိုက်ရဘဲ အစ်မမိ ရွှေမှုန်နည်းတူ မိရွှေအုပ်လည်း သေဆုံးသွားလေသည်။

ဒုတိယဇနီးသေဆုံးပြီးနောက် ရှိသမျှပစ္စည်းများကို အစ်မကြီးအားအပ်နှံခဲ့ပြီး သူဌေးကြီးဦးထော်အာထံတွင် ခြေစုံပစ်၍ အလုပ်ဝင်လုပ်တော့သည်။

သူဌေးကြီး ဦးထော်အာနှင့်ဇနီး ဒေါ်ခမာနားတို့သည် ထိုအချိန်တွင် ကော့နှတ်ရွာ၌ အလွန်ကြွယ်ဝချမ်းသာသော သူဌေးကြီးဟု ကျော်ကြားလျှက်ရှိသည်။ ရန်ကုန်မြို့တွင် သားဖြစ်သူ မောင်ရွှေအိုးအမည်ဖြင့် ရွှေအိုးဘရားသား ကုမ္ပဏီတစ်ခုကိုလည်း တည်ထောင်ထားလေသည်။ သစ်တောပိုင်ရှင်သူဌေးကြီးလည်း ဖြစ်သည်။ ကော့နှတ် ဘုရား ကျောင်းဝင်းရှိ တိုက်ကျောင်းကြီး မဟာမြတ်မုနိ ပိဋကတ်တိုက်နှင့် မီးလောင်သွားသော ဇရပ်ကြီး တစ်ဆောင်၏ အလှူရှင်လည်း ဖြစ်၏။

မောင်အောက်သည် သူဌေးကြီး ဦးထော်အာထံ၌် အလုပ်ဝင်လုပ်ရာတွင် ရေတွေ့သောငါးကဲ့သို့ စိတ်အားငယ်မှု၊ ၀မ်းနည်းမှုများကို ဖြေဖျောက်၍ စိတ်ချမ်းသာစွာဖြင့် အလုပ်ကိုကြိုးစားခြင်း စည်းကမ်းသေ၀ပ်ခြင်းတို့ကြောင့် အလုပ်သမားအပေါ် ခေါင်းဆောင်မှု ရရှိလာသည်။ သူဌေးကြီးဦးထော်အာသည် ရိုးသားသော မောင်အောက်အား အလုပ်သမားခေါင်းဆောင်ခန့်ပြီး သစ်တောကြိုးဝိုင်းသို့ မိမိ၏ လူယုံအဖြစ်နှင့် စေလွှတ်၍ သစ်လုပ်ငန်းကို လုပ်ကိုင်စေသည်။ မောင်အောက်သည် သစ်တောကြိုးဝိုင်းတွင် သူဌေးကြီးအလိုကျ သစ္စာရှိရှိ ဖြင့် လုပ်ကိုင်ဆောင် ရွက်ပေးသဖြင့် အတော်ဆုံးနှင့် သစ္စာအရှိဆုံး အလုပ်သမားခေါင်းဆောင်အဖြစ် အသိ အမှတ်ပြုကာ ဆုငွေများချီးမြှင့်ပြီး သူကောင်းပြုလေသည်။ ထိုသို့ ဥစ္စာပစ္စည်းနှင့် ချီးမြှင့်ခြင်းခံရသော်လည်း မောင်အောက်မှာ ဘ၀င်မြင့်ခြင်းမရှိပဲ မိမိ၏ ရောက်လိုသော ပန်းတိုင်ကိုပင် စွဲမြဲစွာထားပြီး အလုပ်ကိုကြိုးစား၍ လုပ်ကိုင်လေသည်။

ထိုသို့ အလုပ်ကြိုးစားမှု စည်းကမ်းရှိမှုတို့ကြောင့် ပစ္စည်းဥစ္စာများ စုဆောင်းမိလာ၏။ စုဆောင်းမိလာသော ဥစ္စာပစ္စည်းများကို ထိန်းသိမ်းရန်ဘ၀ကြင်ဖော် လိုလာ၏။ တတိယမြောက်ဇနီးအဖြစ် မိဂျာဥနှင့် လက်ထပ် ထိမ်းမြားပြန်လေသည်။

မိဂျာဥနှင့် ထိမ်းမြားပြီးနောက် စုဆောင်းထားသောငွေအပြင် သူဌေးကြီး ဦးထော်အာထံမှ ချေးယူထားသော ငွေအရင်းအနှီးဖြင့် သူဌေးကြီးဦးထော်အာထံမှ အလုပ်ခွဲထွက်ကာ မိမိကိုယ်ပိုင်သစ်လုပ်ငန်းကို စတင်လုပ်ကိုင် လေတော့သည်။

မောင်အောက်သည် မိမိကိုယ်ပိုင်သစ်လုပ်ငန်းလုပ်ကိုင်ရန်အတွက် သစ်တောသို့မထွက်မီ တစ်နေ့တွင် "ငါသည် ငယ်စဉ်အချိန် ဆင်းရဲသားအချိန်၌ ငါရည်မှန်းထားသော ချမ်းသာရမည့် ရောင်ခြည်ဦးဘ၀သို့ ငါတက်လှမ်းရ တော့မည်။ သို့သော်ကံတရားသည် ဆန်းကြယ်ပါ၏။ ဉာဏ်နှင့်ဝီရိယသည် ကံတရား၏ အခြံအရံမျှသာ ဖြစ်သည်။ ထို့ကြောင့် ငါ့ကောင်းမှုကံပြည့်အောင် ရတနာသုံးပါးသည် ငါ၏ ကိုးကွယ်ရာ ဖြစ်ပါသည်" ဟု စိတ်ကူးမိလေသည်။

ထိုစိတ်ကူးခံစားချက်ကို နှလုံးသွင်းလျှက် ပန်း၊ ဆီမီး၊ ဖယောင်းတိုင်များကို ကိုင်ဆောင်လျှက် ဘုရားကျောင် ၀င်းအတွင်းသို့ ၀င်သွားလေသည်။ ဘုရားကျောင်း ၀င်းအတွင်းရှိ ဘုရားငုတ်တို စေတီအနီးသို့ ရောက်သော အခါတွင် ပန်း၊ ဆီမီး၊ ဖယောင်းတိုင်များဖြင့် ဘုရားအားပူဇော်ကာ သူ၏လိုအင်ဆန္ဒကို ဆုတောင်း၍ အိမ်သို့ ပြန်သွားလေသည်။

ယင်းဆုတောင်းချက်နှင့်အညီ အောင်မြင်မှုသည် မဝေးသောကာလတွင် ရှိနေပြီးဖြစ်သည်ကို မောင်အောက် သည် ယုံကြည်မှုအပြည့်နှင့် ၀မ်းမြောက်ဝမ်းသာ ဖြစ် နေမိလေသည်။

မောင်အောက်သည် ယုံကြည်မှုအပြည့်အ၀ဖြင့် သစ်တောသို့ တက်သွားသည်။ ထိုအချိန်၌ တနင်္သာရီတိုင်းသည် အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီး မြန်မာပြည်အထက်ပိုင်းမှာ မငြိမ်မသက်ဖြစ်နေသော အချိန်အခါဖြစ်လေသည်။ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ သီပေါမင်းပါတော်မူပြီးနောက် ရှမ်းပြည်နှင့် ကယားပြည်နယ်တွင် အင်္ဂလိပ်တို့ကို ခုခံ တိုက်ခိုက်ကြသည်။ ထို့ကြောင့် တိုင်းရင်းသားရှမ်းနှင့် ကယားတို့ကို အင်္ဂလိပ်တို့က ဆက်လက်နှိမ်နင်းနေရ လေသည်။ နောက်ဆုံးတွင် တိုင်းရင်းသားများတို့သည် အားမတန်၍ မာန်လျှော့ကာ အင်္ဂလိပ်တို့နှင့် စေ့စပ် ပြေငြိမ်းရလေသည်။ သို့သော် ကယားစော်ဘွားတို့က မိမိတို့ပိုင်သစ်တောများ ဖြစ်ကြသော လွယ်ကော်၊ မယ်ဖ၊ မယ်ခဲ၊ သဖန်းချောင်း သစ်တောများကို ဈေးပေါပေါဖြင့် တိုင်းရင်းသား ညီအစ်ကိုတော်ဖြစ်သည့် မွန်လူမျိုး ဦးနာအောက်အား သစ်ထုတ်ခွင့် ပေးလိုက်လေသည်။ ရှမ်းစော်ဘွားများကလည်း မိမိတို့ပိုင် သစ်တောများမှ နန်းဖဲတောကိုလည်း ဦးနာအောက်အား ဈေးနှုန်းချိုသာစွာဖြင့် လုပ်ကိုင်ခွင့်ပေးလေသည်။ အရေးကြီးသွေးနီးဆိုသကဲ့သို့ တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီမှုကြောင့် နေ့ချင်းညချင်းဆိုသလို ဦးနာအောက်၏စီးပွားရေးမှာ အံ့သြဖွယ်ကောင်းလောက်အောင် တိုးတက်လာတော့သည်။

ဦးနာအောက်၏ သစ်တံဆိပ်မှာ (၃၃၃) ဖြစ်သည်။ ယင်းတို့သည် ရတနာသုံးပါး၊ ပိဋကတ်သုံးပုံ၊ ဘုံသုံးပါးဟူ၍ အဓိပ္ပါယ်ရသည်။ ထိုတံဆိပ်ကို မှတ်ပုံတင်ပြီး မိမိပိုင်သစ်တောမှ သစ်များကို ယင်းတံဆိပ်ဖြင့် ခတ်နှိပ်လေ သည်။ ကုသိုလ်ကံ အကျိုးပေးလာမှုကြောင့် ထုတ်လုပ်ရန်အလွန်ခက်သော မယ်ဖ၊ မယ်ခဲ၊ သဖန်းချောင်း သစ်တောများရှိ သစ်များသည် ထိုနှစ်တွင် မိုးသည်းထန် စွာရွာပြီး ရေလျှံမှုကြောင့် သံလွင်မြစ်အတွင်းသို့ အလွယ်တကူ ရောက်ရှိလာကာ မြစ်တလျှောက် မျောပါလာကြပြီး ကတိုး၊ ကော့နှတ်သစ်ဆိပ်သို့ ကောင်းမွန်စွာ ဆိုက်ရောက်လာ ကြလေသည်။

ထိုအချိန်တွင် သံလွင်မြစ်ကမ်းပေါ်ရှိ သံဃာပိုင်ရွာမှ မော်လမြိုင်သို့ စီးဆင်းသော သံလွင်မြစ်တစ်လျှောက် ငါးမိုင်လောက်အကွာအဝေးအထိ သစ်ဖောင်များဖြင့် ပြည့်နှက်နေတော့၏။ ထိုသစ်အားလုံး၏ တံဆိပ်မှာ (၃၃၃) ဖြစ်လေသည်။ သစ်ထုတ်လုပ်ရေးစခန်းမှ ကော့နှတ်ရွာအရောက် သစ်တစ်လုံးအတွက် ကုန်ကျစရိတ်ငွေသည် ငွေဒင်္ဂါး ၂၀ ဖြစ်သည်။ မော်လမြိုင်တွင် ရောင်းရသော ဈေးနှုန်းမှာ ငွေဒင်္ဂါး ၉၀-၁၀၀ ထိ ရောင်းရသဖြင့် ထိုနှစ်ဦးမှာပင် ဦးနာအောက်သည် စုစုပေါင်း အမြတ်ငွေ ၁၀ သိန်းခန့်ရရှိလေတော့သည်။

မောင်အောက်၏ ဆုတောင်းခန်းသည် ပြည့်စုံပြီး ဉာဏ်နှင့် လုံ့လ၊ ၀ီရိယသာ ကျန်တော့သည်။ ဆင်းရဲသား ဘ၀မှ နေ့ချင်းညချင်း ချမ်းသာလာသော်လည်း မိမိ၏ ဘ၀ဟောင်းကိုမမေ့ဘဲ မိမိ၏ အလုပ်သမားများအပေါ် ဘကြီးအရွယ်ကို ဘကြီး၊ ဖခင်အရွယ်ကို ဖခင်လိုသဘောထားပြီး ချီးမြှင့်ထိုက်သူကို ချီးမြှင့်၍ ဆုံးမသင့်သူကို ဆုံးမလေသည်။ ထို့ကြောင့် အလုပ်သမားများက ဖခင်လိုသဘောထားပြီး ဘကြီးအောက်လို့ အမွှန်းတင် ခေါ်ကြလေသည်။ မွန်ဘာသာအားဖြင့် "အနဲာအံက်" "ဘကြီးအောက်" ဟူ၍လည်း အမွှန်းတင်ပြီး ခေါ်ကြသည်။ "အနဲာ" ၏ အဓိပ္ပါယ်မှာ "ဘကြီး" ဖြစ်သည်။

ထိုသို့ကြီးပွားချမ်းသာလာသော အနိုင်အောက်သည် ပက်ခွံ့မျှလောက်သာရှိသော အောင်မြေပေါ်တွင် ရပ်တည်ပြီး ဘုရားငုတ်တိုစေတီငယ်ထံတွင် အဓိဋ္ဌာန်ဝင်ကာ ဆုတောင်းခဲ့သဖြင့် ယခုအခါ ဆုတောင်းသည့် အတိုင်း ပြည့်စုံလာသည်ကို အဖန်ဖန်သတိရသဖြင့် အလုပ်အားသည့်အခါတိုင်း သစ်တောကြိုးဝိုင်းမှ ကော့နှတ် သို့ ပြန်လာသည်။ ဘုရား ငုတ်တိုငယ်ကို စေတီကလေးကို စေတီအကြီးအဖြစ် ပြည်လည်တည်ကာ ဇနီးသည် ဒေါ်ဂျာဥနှင့်အတူ ရေစက်သွန်းချ အမျှ ပေးဝေခဲ့လေသည်။

ဇနီးသည် ဒေါ်ဂျာဥမှာလည်း နိုင်အောက်နှင့် ကြာရှည်လက်မတွဲလိုက်ရဘဲ သေမင်းခေါ်ရာနောက်သို့ လိုက်ရပြန်သည်။

ဦးနာအောက်သည် ထိုအချိန်တွင် အသက် ၄၀ ကျော်မျှသာရှိသေးသည်။ ဇနီးသည်သေဆုံးသည့်အတွက် တရားနှင့်ဖြေကာ အံကြိတ်၍ အလုပ်ကို ဆက်လုပ်လေတော့သည်။

ထိုအမြတ်ငွေ ဆယ်သိန်းဖြင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းကို တိုးချဲ့လိုက်လေသည်။

သံလွင်မြစ်အရှေ့ဘက် ယိုးဒယား (ထိုင်း) ပြည်တွင် မယ်ဟောင်ဆွန်သစ်တော ကြိုးဝိုင်းကို အခွန်ဆောင်ပြီး မိမိကိုယ် တိုင်ကြီးကြပ်၍ ဆင်ပေါက်အစီး (၄၀) နှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ရာ အမြတ်အစွန်း များစွာ ရလာပြန်၏။

ဦးနာအောက်သည် အလုပ်ကို ထကြွစွာလုပ်၏။ နိုးနိုးကြားကြားအမြဲတမ်းရှိ၏။ ငယ်သားအပေါ် သနားကြင်နာမှု ရှိ၏။ အမြင်မတော်သည်များကို သည်းခံပြီး ပြုပြင်ပေး၏။ လုပ်ငန်းတစ်ခုကို ကိုယ်တိုင်ကျင့်ကြံထောက်ရှုပြီးမှ လုပ်တတ်၏။ ထိုကဲ့သို့သော ထကြွနိုးကြား သနားသည်းခံ၊ ဝေဖန်ထောက်ရှုဟူသော နာယကဂုဏ် ခြောက်ပါး ကို လက်ခံထားပြီး လုပ်ငန်းကို လုပ်ဆောင်သောကြောင့် သူ၏ လုပ်ငန်းသည် လျင်မြန်စွာ တိုးတက်ခြင်းဖြစ်လေသည်။

လုပ်ငန်းကိုတွင်ကျယ်လာအောင် မယ်ဟောင်စွန်သစ်တောကို တူဖြစ်သူ (ဇနီးမိဂျာဥ ဘက်မှ) နိုင်ထွန်းရင်နှင့် နိုင်တွတ်တို့အား ဆင်အစီး ၄၆ စီးနှင့် ကြီးကြပ် ခိုင်းစေပြီး မိမိမှာမူ ရှမ်းပြည်ရှိ မောင်းမဲသစ်တောနှင့် ကယား ပြည်နယ်ရှိ ဖားစောင်း သစ်တောကို ဆက်လက်လုပ်ကိုင်ပြန်သည်။

ဦးနာအောက်သည် သစ်တောလုပ်ငန်းတွင် များစွာအောင်မြင်မှုရပြီးနောက် ကော့နှတ်ရွာသို့ပြန်လာသော အခါတွင် ချစ်တီးကုလားနှင့် ဘာဘူကုလားများသည် တိုင်းရင်းသားဖြစ်ကြသော တောင်သူလယ်သမားများအား မတန်မဆသော အတိုးနှုန်းဖြင့် ငွေချေးပြီး သွေးစုပ်ချယ်လှယ်နေသည်ကို တွေ့မြင်ရသဖြင့် ထိုချစ်တီးကုလား နှင့် ဘာဘူကုလားများကို တိုက်ရန်အတွက် ငွေတိုးချစားခြင်းနှင့် စပါးရောင်းဝယ်လုပ်ငန်းကို တိုးချဲ့စမ်းသပ် လုပ်ကိုင်လေတော့သည်။

နိုင်ငံခြားပွဲစား ချစ်တီး၊ ဘာဘူကုလားများသည် သူတို့၏စီးပွားရေး ဈေးကွက်ထဲသို့ မွန်တိုင်းရင်းသား ခေတ်ပညာမဲ့ ဘုန်းကြီးကျောင်းထွက် အရင်းရှင်ပေါက်စတစ်ယောက် ၀င်ထွက်လာသည်ကို အထူးမလိုလား၍ ဦးနာအောက်၏ လုပ်ငန်းပျက်စီးရာပျက်စီးကြောင်းအတွက် နည်းအမျိုးမျိုးဖြင့် တိုက်ခိုက်လာကြ၏။ ထိုသို့ တိုက်ခိုက်ခံရမှုအပြင် ဦးနာအောက်အလုပ်သမားများ၏ လုပ်ငန်းမကျွမ်းကျင်မှုကြောင့် ပထမတွင် အရှုံးနှင့်သာ ရင်ဆိုင်ရလေတော့သည်။ သို့သော်လည်း ဦးနာအောက်မှာကား "ဘဲအုပ်တစ်ရာနှစ်ရာ မဗေဒါကတစ်ပင်တည်း၊ ဗေဒါပျံအံကိုခဲ ပန်းပန်လျှက်ပဲ" ဟူသော စာဆိုနှင့်အညီ အရင်းရှင်နိုင်ငံခြားသားတို့ ၀ိုင်းပြီး တိုက်ခိုက်ကြသည် ကို အပြုံးမပျက် အံကြိတ်လျှက် ရင်ဆိုင်ရန် ဆုံးဖြတ်ချက်ချ လိုက်လေသည်။

"ခုခံဝံ့သူ အောင်ပွဲရ၏" ဟူသောဆောင်ပုဒ်ကို လက်ခံယုံကြည်ပြီး မိမိ၏အားနည်းချက် ဟာကွက်ပျော့ကွက်များ ကို လေ့လာရာတွင် မိမိ၏ပွဲစားများနှင့် အလုပ်သမားများ မကျွမ်းကျင်မှုကြောင့် လုပ်ငန်းမအောင်မြင်သည်ကို တွေ့ရသဖြင့် သစ်တောလုပ်ငန်း၌ အားထားရသော လူယုံတော်ဦးငယ်ကိုဆင့်ခေါ်ပြီး စပါးလုပ်ငန်းတွင် တာဝန်ယူ ထမ်းဆောင်စေသည်။ ငွေကြေးဘက်တွင်မူ မိမိ၏လူယုံတော်ဦးဘိုးခင်အား တာဝန်ချထားလေသည်။ စာရေးကြီးဦးဘိုးခင်သည် နေ့စဉ် ၀င်ငွေထွက်ငွေစာရင်းနှင့် ဘဏ်သွင်းငွေထုတ်ငွေစာရင်းများကို ဦးနာအောက် အား တင်ပြအစီရင်ခံရလေသည်။

ကော့နှတ်ဘုရားဝင်း အရှေ့မြောက်ထောင့်၌ ဟောင်းနွမ်းယိုယွင်းနေသော ရုပ်ပွားတော်လေးဆူ တည်ရှိနေ သည်။ တစ်နေ့တွင် လယ်သူမ မမိဗျူသည် ကော့နှတ်ရွာတွင်းမှ လယ်တောသို့အသွား ထိုရုပ်ပွားတော်လေးဆူ တည်ရှိရာနေရာသို့ ဖြတ်သွားစဉ် ရုပ်ပွားတော်လေးဆူအား ၀င်ဖူး၍ အဓိဋ္ဌာန်ပြု ဆုတောင်းလေသည်။ "တပည့်တော်မသည် ဆင်းရဲသူတစ်ဦး ဖြစ်ပါသည်။ တပည့်တော်မသည် ချမ်းသာခဲ့သော် မွန်မြတ်သော စေတီတစ်ဆူ တည်ဆောက် လှူဒါန်းပါမည်ဘုရား" အဓိဋ္ဌာန်ပြု၏။ ထိုသို့ ဆုတောင်းပြီးနောက် မကြာမီသော ကာလတွင်ပင် သူဋ္ဌေးကြီးမုဆိုးဖို ဦးနာအောက်သည် ထိုလယ်သူမအား မိမိ၏ စတုတ္ထမြောက်ဇနီးအဖြစ် လက်ထပ်ထိမ်းမြားလိုက်လေသည်။

မိဗျူသည် သူဋ္ဌေးကြီးဦးနာအောက်၏ ဇနီးအဖြစ်သို့ ရောက်သွားသောအခါတွင် သူမဆုတောင်းခဲ့သည့်အတိုင်း ရုပ်ပွား တော်လေးဆူနေရာတွင် စေတီတစ်ဆူ တည်ပြီး ဆုတောင်းပြည့်စေတီဟု ခေါ်တွင်စေလေသည်။ ထိုစေတီသည် ယနေ့တိုင်အောင် ဆုတောင်းပြည့်စေတီဟုခေါ်တွင်ပြီး တင့်တယ်စွာဖူးမြော်နိုင်ပါသည်။

ကောင်းမှုကုသိုလ်တို့မည်သည် အကျိုးပေးလျှင် မနှေးအမြန် အကျိုးခံစားရ သည် မဟုတ်ပါလော။

ဦးနာအောက်သည် ဆင်းရဲသားဘ၀မှ ချမ်းသာလာသူပီပီ ဘ၀တူဆင်းရဲသားများအား ကူညီလေ့ရှိ၏။ မိမိကဲ့သို့ ချမ်းသာလာနိုင်အောင် ထာဝရ ဂရုဏာရှေ့ထားပြီး ထောက်ပံ့ခြင်း၊ သွန်သင်ဆုံးမခြင်းနှင့် ချီးမြှင့်မြှောက်စားခြင်း တို့ကို အစဉ်တစိုက်ပြုလုပ်သည်။ တစ်လလျှင် ငွေဒင်္ဂါး ၂၀ ရသော အလုပ်သမားတစ်ယောက်သည် လတိုင်း လတိုင်း မထုတ်ဘဲ တစ်နှစ်ပြည့်မှ ငွေဒင်္ဂါး ၂၄၀ ထုတ်ယူလျှင် အထူးချီးမြှင့်ငွေအဖြစ် ငွေဒင်္ဂါး ၅၀၀ ထပ်ဆောင်း ပေးရုံတင်မက အ၀တ်အစားများပါ ထောက်ပံ့လေသည်။

အလုပ်သမားတို့အား မိမိတို့၏ ချွေးနည်းစာတို့ကို စုဆောင်းတတ်စေခြင်းနှင့် ဘ၀တိုးတက်ရေးအတွက် အချိန်ပိုလုပ်အားပေးခြင်းကို အားပေးသည့် သဘောပင်။

ထို့ကြောင့် ဦးနာအောက်၏ အလုပ်သမားများသည် သူ၏နောက်ကွယ်တွင် မည်သူမျှ ခိုးယူသုံးစွဲ အလွဲသုံးစားမှု မပြုလုပ်ကြချေ။ ထိုကြောင့်လည်း သူ၏စီးပွားဥစ္စာသည် ဒီရေအလား တိုးတက်လာ၏။ ကလွီ၊ ဒရယ်၊ သဲကုန်း၊ ကျုံတော်၌လည်းကောင်း၊ ဟံသာဝတီ ပဲခူးဘက်၌လည်းကောင်း၊ ခရမ်းသုံးခွတို့၌လည်းကောင်း၊ သံလွင်မြစ် တစ်လျှောက် လက်ပံတော၊ မှော်ဘီ၊ ထုံးအိုင်ဘက်၌လည်းကောင်း၊ ဂျိုင်းမြစ်ဘက် ကရနာ၊ ကော့တက်၊ ကော့ဘိန်း၊ ကော့လမု၊ ဇာသပြင်၊ ဂျိုင်း၊ သရက်တော၊ ဂန္ဓီတိုင်အောင် တို့၌လည်းကောင်း၊ ကျိုက်မရော၊ အတ္ထရံမြစ်ကမ်းရှိ ရွာတို့၌လည်းကောင်း စပါးများ ၀ယ်ယူလေတော့သည်။

ဦးငယ်သည် အခြားပွဲစားများထက် ငွေနှစ်ကျပ် သုံးကျပ် အပိုပေးခြင်းဖြင့် စပါးကို အလွယ်တကူ ၀ယ်ယူရရှိလေ သည်။ ထို့ပြင် လယ်သမားတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီး နေထိုင်ဆက်ဆံသွားမှုကြောင့် နိုင်ငံခြားပွဲစားများ ထက် အခွင့်အရေးရကာ မကြာမီအတွင်း၌ စပါးတင်းပေါင်း ၂၅၀၀၀၀ အထိ ၀ယ်ယူရရှိသည်။

ဝယ်ယူရရှိသော စပါးများကို တုန်ကင်း၊ လှေများဖြင့်တင်ပြီး "အောင်ခေမာ"၊ "အောင်ပန်း" တစ်ထပ်သင်္ဘော များဖြင့် ဆွဲကာ အောင်မောင်းကြီးများကို တီးခတ်၍ မောင်းတဒူဒူနှင့် အသံပေးပြီး မော်လမြိုင်သို့ သယ်ဆောင် သွားလေသည်။ ဦးငယ်သည် မော်လမြိုင်တွင် စပါးသွင်းပြီးနောက် ကော့နှတ်ရွာသို့ ပြန်လာခဲ့လေသည်။

ဦးငယ်သည် မိမိအနေဖြင့် သူများထက် ငွေပိုပေးပြီး ၀ယ်သည်ဖြစ်သောကြောင့် ငွေဒင်္ဂါး ၈၀၀ မျှ စာရင်းကွာခြား လျော့ နည်းသည်ကို ဦးနာအောက် ဆူပူတော့မည်ဟု ယူဆထားသော်လည်း ဦးနာအောက်က "ငါအရင်းရရင် ပြီးတာပဲ၊ အမြတ်မရရင် နေပါစေ တို့တိုင်းရင်းသားတွေ မနစ်နာရင် ပြီးတာပဲ" ဟု ပြောရင်း တဒုန်းဒုန်းနှင့် ထောင်းနေသော ကွမ်းဆံမှ ကွမ်းကိုယူစားပြီး ဦးငယ်အား လူယုံတော်စာရေးကြီး ဦးဘိုးခင်ထံ စားရင်းရှင်းပြီး ပွဲခထုတ်ယူရန် စေလွှတ်လိုက်လေသည်။

စာရေးကြီး ဦးဖိုးခင်သည် စပါးတစ်ရာနှင့် ပွဲခ ၂၀ နှုန်း စပါး ၂ သိန်းခွဲအတွက် ပွဲခ ငွေပေါင်း ၅၀၀၀ ကျသင့် သော်လည်း မောင်ငယ်စာရင်းအတွက် ငွေ ၈၀၀ လျော့ နေသည်အတွက် စာရင်းစာအုပ်ကိုကိုင်ပြီး ဦးနာအောက်ထံသွား၍ လျော့နေသည့်ငွေအတွက် နှုတ်ယူရမည်၊ မနှုတ်ယူရမည်ကို သိလို၍ သွားမေးလေ၏။

ဦးနာအောက်သည် စာရင်းစာအုပ်ကိုယူပြီး ကြည့်ရာတွင် စာရင်းဟောင်းတွင် ယခင်က ပွဲစားတစ်ယောက်သည် စပါးတင်း ၉၀၀၀၀ ၀ယ်ရာ၌ ငွေ ၁၄၀၀ လျော့၍ လည်းကောင်း၊ နောက်ပွဲစားတစ်ယောက်သည် စပါးတင်း ပေါင်း ၆၀၀၀၀ ၀ယ်ရာ၌ ငွေ ၈၀၀ လျော့၍လည်းကောင်း၊ ကျန်ပွဲစားတစ်ဦးသည် စပါးတင်းပေါင်း ၃၀၈၀၀ ၀ယ်ယူရာတွင် ငွေပေါင်း ၈၀၀ လျော့၍လည်းကောင်း တွေ့ရှိသောအခါတွင် ပွဲစားသုံးယောက်ဝယ်သော စပါးစုစုပေါင်း တင်း ၁၈၀၀၀၀ တွင် လျော့ငွေပေါင်းက ကျပ် ၃၀၀၀။ မောင်ငယ်ဝယ်သည့်စပါးက တင်းပေါင်း ၂၅၀၀၀၀၊ ငွေလျော့သည်က ၈၀၀၊ စပါးတင်း ဆယ်တင်းတွင် ဆယ်ပြားလောက် လျော့သည့်သဘော မှတ်ချက်တွေ့ရှိသဖြင့် ချီးမြှင့်သည့်အနေနှင့် လျော့ငွေကို ပွဲခမှ မနုတ်သည့်အပြင် နောက်ထပ်ငွေ ၁၀၀၀ ကျပ် ထပ်ဆောင်းပေးလိုက်သည်။

ဤတွင် ဦးနာအောက်သည် ချီးမြှင့်ထိုက်သူအား ချီးမြှင့်ပြီး ဆုံးမသင့်သူကိုလည်း ဆုံးမတတ်ကြောင်း ပြသလိုက်ခြင်း ဖြစ်၏။

ဦးနာအောက်သည် ငွေတိုးချလုပ်ငန်းကိုလည်း လုပ်ကိုင်သည်။ ချစ်တီးကုလားထံ လယ်သမားများ အဆမတန် သော အတိုးဖြင့် ငွေချေးရသည်ကို မိမိသည်လည်း လယ်သမားဘ၀မှ တက်လာသူ ဖြစ်သည်နှင့်အညီ တွေ့မြင်ရသည့်အတွက် ချစ်တီးကုလားကို ပြန်တိုက်သည့်သဘောဖြင့် အတိုးနှုန်းသက်သက်သာသာဖြင့် လယ်သမားများအား ငွေချေး၏။ လယ်ယာလုပ်ငန်းကိုလည်း တိုးချဲ့သည်။ ၎င်း၏ လုပ်ငန်းများတွင် တိုင်းရင်းသားများကိုသာ လုပ်ကိုင်စေ လေသည်။

မီးသင်္ဘောသူဋ္ဌေး ဖြစ်လာခြင်း

ဦးနာအောက်သည် အင်္ဂလန်နိုင်ငံ စကော့တလန်ပြည်၊ ဂလာစဂိုမြို့ရှိ မက္ကီအင် ဘက္ကစတာ ကုမ္ပဏီထံမှ သင်္ဘောများနှင့် စက်ပစ္စည်းများကို ဦးရွှေလေးအား စေလွှတ်၍ မှာကြားဝယ်ယူလေသည်။

သင်္ဘောလွန်းတင်ရန်အတွက် သင်္ဘောကျင်းကို မုတ္တမမြို့၊ ဆီဆုံရပ်၌ တည်ဆောက်လေသည်။ ထိုသင်္ဘော ကျင်းသည် သက္ကရာဇ် ၁၂၆၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးပြီး ကုန်ကျစရိတ်မှာ တစ်သိန်းကျော်ဖြစ်သည်။

ဦးနာအောက် ပိုင်ဆိုင်သော သင်္ဘောများမှာ (၁) အောင်စင်္ကြာ၊ (၁) အောင်မင်္ဂလာ၊ (၃) အောင်တပ်၊ (၄) အောင်သိန်း၊ (၅) အောင်ဒီပါ၊ (၆) အောင်သီတာ၊ (၇) အောင်မင်္ဂလာဖြစ်ပြီး နှစ်ထပ်သင်္ဘောများဖြစ်သည်။ တစ်ထပ်သင်္ဘောများမှာ (၁) အောင်ဇေယျနှင့် (၂) အောင်နိဗ္ဗာန်ဟု ခေါ်သော်လည်း နောင်တွင် အောင်ခေမာနှင့် အောင်ပန်းဟူ၍ အသီးသီး ပြောင်းလဲခေါ်တွင်စေခဲ့သည်။

ဦးနာအောက်ပိုင် မီးသင်္ဘောတို့သည် ကိုးစီးဖြစ်ကာ နှစ်ထပ်မီးသင်္ဘော၏ ကျသင့်ငွေသည် တစ်စီးလျှင် ကျပ် ၆၀၀၀၀ ဖြစ်ပြီး တစ်ထပ်မီးသင်္ဘော၏ ကျသင့် ငွေသည် တစ်စီးလျှင် ကျပ် ၃၅၀၀၀ ဖြစ်လေသည်။

သင်္ဘောများ၏ ကိုယ်ထည်နှင့် အမိုးများကို ငှက်ပျောညွန့်အရောင် ဆေးချယ်ထားပြီး သင်္ဘော၏ ပြောင်းတိုင် များကို အညိုရောင် အခံထား၍ အဖြူရောင်ဖြင့် ရစ်ပတ်ထားလေသည်။ သင်္ဘောသားအားလုံးတို့သည် တိုင်းရင်းသားများသာ ဖြစ်လေသည်။ ထိုသင်္ဘောများသည် သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ်များတွင် ပြေးဆွဲ၏။

သင်္ဘောခများကို အင်္ဂလိပ်ပိုင် ဧရာဝတီကုမ္ပဏီက သင်္ဘောခများထက် လျှော့ပေါ့စေပြီး ဘုန်းတော်ကြီး၊ ရှင်သာမဏေ၊ သီလရှင်၊ လူအိုနှင့် ကလေးငယ်များအား အခမယူပဲ နိဗ္ဗာန်ကူးတို့အဖြစ် သတ်မှတ်၏။ ထို့ပြင် ဦးနာအောက်သည် နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆုတ် (၃) ရက်နေ့မှစ၍ အောင်နိဗ္ဗာန် တစ်ထပ် သင်္ဘောပေါ်တွင် ကုနိသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ တင်ဆောင်ပြီး သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ်များတို့၏ ၀ဲယာရှိ ကျောင်းများနှင့် ဘီလူးကျွန်းဘက်ရှိ ကျောင်းများတွင် တန်ဆောင်မုန်း လပြည့်နေ့အထိ ကထိန်အလှူ များအဖြစ် သွားရောက်လှူဒါန်းလေ၏။ ယင်းအပြင် နိဗ္ဗာန်ကူးတို့အဖြစ် သတ်မှတ်လှူဒါန်းထားသော အလှူဒါန အတွက်လည်း တစ်ခါနှစ်ခါ ရေစက်ချ အမျှပေး ဝေလေ့ရှိသည်။

ထိုသို့ ရွာစဉ်လျှောက်ပြီး တစ်လပတ်လုံး ကထိန်အလှူကို လှူဒါန်းသည့်အတွက် ထိုဒေသတွင် "ကထိန် လှူဒါန်းခြင်းအစ ဦးနာအောက်က" ဟု ယခုတိုင် ပြောစမှတ်ပြုကြလေသည်။

ဧရာဝတီ သင်္ဘောကုမ္ပဏီနှင့် တိုက်ပွဲ

ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသော အင်္ဂလိပ်နယ်ချဲ့ အရင်းရှင်ပိုင် ဧရာဝတီကုမ္ပဏီကြီးသည် သူ၏စီးပွားရေးကွက်ထဲသို့ ၀င်ရောက်လာသော တိုင်းရင်းသား အရင်းရှင် ဦးနာအောက်ပိုင် သင်္ဘောများကို မလိုလားမနှစ်သက်ချေ။

ထို့ကြောင့် ဦးနာအောက်သင်္ဘောက တစ်ကျပ်နှုန်းယူလျှင် ဧရာဝတီကုမ္ပဏီက တစ်ဝက်လျှော့ကာ ငါးမူး (၅၀ ပြား) နှုန်း ယူလေ၏။ ဦးနာအောက်က တစ်မတ် (၂၅ ပြား) နှုန်း လျှော့လိုက်၏။ ဧရာဝတီက တစ်မူး (၁၀ ပြား) ဧရာဝတီက တစ်ပဲ (၅ ပြား) နောက်ဆုံးတွင် အခမဲ့တင်လာသည့်အထိ တိုက်ပွဲဆင်လာကြ၏။

ဦးနာအောက်၏ သင်္ဘောများဆိပ်ကမ်းတွင် မဆိုက်ကပ်နိုင်အောင် သင်္ဘောဆိပ် ကမ်းမှန်သမျှ မိမိတို့ သင်္ဘောများသာ ဆိုက်ကပ်ခွင့်ရရန် ဧရာဝတီသင်္ဘော ကုမ္ပဏီသည် အခွန်ဆောင်၍ ၀ယ်ယူလေသည်။ ဦးနာအောက်၏ သင်္ဘောများ ဆိုက်ကပ်ရန် သင်္ဘောဆိပ်ကမ်းမရှိသဖြင့် အခက်အခဲတွေ့ရလေ၏။ ထိုအခါ ဘုရင်ခံ၏ အတိုင်ပင်ခံအဖွဲ့ဝင်လည်းဖြစ် ကတိုးရွာရှိ တိုင်တစ်လုံးအိမ်ပိုင်ရှင် လည်းဖြစ်သော ဦးရွှေလေးက ဧရာဝတီကုမ္ပဏီသည် ဆိပ်ကမ်းကို အခွန်ဆောင်၍ ကုမ္ပဏီပိုင်ဖြစ်အောင် လုပ်နိုင်သကဲ့သို့ မြစ်ချောင်းအားလုံး ကို ဦးနာအောက်ပိုင်ဖြစ်အောင် အကြံပေးသဖြင့် သူ၏အကြံပေးချက်အရ မြစ်ချောင်းအားလုံးကို အခွန်ဆောင် လိုက်သောကြောင့် ဧရာဝတီကုမ္ပဏီမှ သင်္ဘောများသည် မြစ်ချောင်းတို့တွင် ပြေးဆွဲနိုင်ခြင်းမရှိတော့ချေ။ ဧရာဝတီက ဆိပ်ကမ်းများပိုင်ပြီး ဦးနာအောက်က မြစ်ချောင်းများပိုင် ဖြစ်လေသည်။ ခရီးသည်များသွားလာရေး ခက်ခဲလာတော့၏။ တရားရုံးသို့ ရောက်သွားကြ၏။ တရားရုံးမှ ဆုံးဖြတ်လိုက်သည်မှာ ဧရာဝတီသင်္ဘောသည် ခရီးတစ်ခုခုအတွက် ဆိပ်ကမ်းမှ ဦးနာအောက် သင်္ဘောထက်အချိန်စောစွာ ထွက်စေပြီး ဦးနာအောက် သင်္ဘောထက်ဦးစွာ ဆိုက်ရောက်ရမည်ဟု ဆို၏။

တိုင်းရင်းသားအရင်းရှင် ဦးနာအောက်သည် နယ်ချဲ့အရင်းရှင်ကို မီးသင်္ဘောသယ်ယူပို့ဆောင်ရေးအတွက် ယှဉ်ပြိုင်သတ္တိပြလိုက်သည်မှာ မော်ကွန်းတင်သွားလေတော့၏။

ဘ၀ကိုမမေ့သော ဦးနာအောက်

ဦးနာအောက်သည် ဆင်းရဲသားဘ၀မှ လာသည်နှင့်အညီ မိမိဘ၀ကို မည်သည့်အခါမှ မမေ့ချေ။ အစား အသောက်၌လည်း ချေးမများချေ။ တောအစားအစာများသာ နှစ်သက်စားသောက်ပြီး ကွမ်းကိုတဒုန်းဒုန်းနှင့် ထောင်း၍ အမြဲတမ်း စားလေ့ရှိ၏။

နာမည်ကြီးသော ဦးနာအောက်အားတွေ့လို၍ တစ်နေ့တွင် အင်္ဂလန်ဘိလပ်မှ အင်္ဂလိပ်လူမျိုးတစ်ဦးသည် ကော့နှတ် ရွာသို့ ရောက်လာ၏။ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်၊ အခြွေအရံနှင့် တွေ့ရတော့မည်ဟု ထင်မှတ်ခဲ့သော်လည်း အ၀တ်ဖြူဝတ်ကာ နှီးဖျာနေသော ဦးနာအောက်အား တွေ့ရသောအခါ အထင်နှင့်အမြင် လွဲမှားခဲ့လေသည်။

ဦးနာအောက်သည် လယ်သမားဘ၀ကို မမေ့သည့်အလျှောက် လယ်ယာနှင့် ကိုင်းလုပ်ငန်းများကို အားပေးမှုပြု၏။ အချိန်ရတိုင်း နှီးဖျာ၊ ပလိုင်း၊ တောင်းများ ရက်လုပ်နေတတ်ပြီး ကျွမ်းကျွမ်းကျင်ကျင်လည်း ရှိလှ၏။ ရတနာသုံးပါးကို ကိုင်းရှိုင်းသူဖြစ်သည့်အလျှောက် ရွာရှိကျောင်းကန်ဘုရားသို့ နံနက်တစ်ခေါက်၊ ညနေတစ်ခေါက် မှန်မှန်သွားပြီး ၀တ်ပြုလေ့ရှိ၏။

တစ်နေ့တွင် ဘုရားကျောင်းဝင်းတွင် ဘုရားရှိခိုးဝတ်ပြုစဉ် ဓါးပြသုံးယောက်တို့သည် ဦးနာအောက်အား မိမိတို့သည် စားစရာမရှိ၍ တစ်ယောက်လျှင် ၅၀၀ ကျပ် နှုန်းဖြင့် ၁၅၀၀ ကျပ် တောင်းခံဓါးပြတိုက်လေသည်။ ဦးနာအောက်သည် တုန်လှုပ်မှုမရှိဘဲ ၎င်းတို့သည် တကယ်စားစရာမရှိ၍ ဓါးပြတိုက်သည်ကို အဖြစ်မှန်သိသည့် အတွက် ဓါးပြတို့ကို အစောင့်ခိုင်းထားပြီး အိမ်သို့ပြန်၍ ငွေ ၁၅၀၀ ယူကာ ဓါးပြတို့အား ပေးကမ်း လိုက်လေ သည်။ အလှူတစ်ခု ပြုလုပ်လိုက်သည့် သဘောပင်။
Written by Sahaimon.net

Friday, April 19, 2013

အံ့သြဖွယ်ရာတိရိစ္ဆာန်သန္ဓေသားလောင်းများ

 
ဒီတစ်ခါတော့ အံသြဖွယ်ရာ သန္ဓေသားလောင်း တိရိစ္ဆာန်လေးများကို ဆင်ဟွာသတင်းဌာနက စုစည်းပေး လိုက်ပြန် ပါပြီ။ ဒီသန္ဓေသားလောင်းတွေကို ကြည့်ပြီးတော့ ကြီးလာရင် ဘယ်လို သတ္တ၀ါမျိုးဖြစ်မယ်ဆိုတာ ခန့်မှန်းကြည့်ကြပါစို့လား ။  

 
 

 


သက်တန့် ချိုဆိုဒ်မှကူးယူဖော်ပြပါသည်...

Wednesday, April 17, 2013

ဆရာဇော်ဂျီ




ဆရာ ဇော်ဂျီသည် ဧရာဝတီတိုင်း၊ ဖျာပုံမြို့ဇာတိဖြစ်၍ အဖဦးယော၊ အမိဒေါ်စိန်ညွန့်တို့မှ ၁၉၀၇-ခုနှစ်၊ ဧပြီလ ၁၂ရက်၊ သောကြာနေ့တွင် ဖွားမြင်သည်။ မွေးချင်း ကိုးယောက် အနက် အကြီးဆုံး ဖြစ်သည်။ အမည် ရင်းမှာ ဦးသိန်းဟန် ဖြစ်ပါသည်။
ငယ်ဘဝ
ဆရာ ဇော်ဂျီသည် ငယ်စဉ်က ဖျာပုံမြို့ ဘုန်းတော်ကြီး ကျောင်းတွင် ပညာ သင်ကြား ခဲ့သည်။ ထို့နောက် ဖျာပုံမြို့ရှိ အင်္ဂလိပ် မြန်မာ အစိုးရ အထက်တန်း ကျောင်းတွင် သတ္တမတန်း အထိ... ပညာ သင်ကြား ခဲ့သည်။ ဆရာ ဇော်ဂျီသည် ငယ်စဉ် ကလေးဘ၀ ကတည်းက မြန်မာမှု၊ မြန်မာ စာပေ တို့နှင့် အကျွမ်းတ၀င် ရင်းနှီး ခဲ့သည်။ အကြောင်းမှာ ဆရာ ဇော်ဂျီတို့ အိမ်တွင် လူကြီးများ စုဝေးကာ စာအကြောင်း ပေအကြောင်း ပြောကြ သောကြောင့် ဖြစ်သည်။

သတ္တမတန်း အရောက်တွင် ၁၉၂ဝ ပြည့် ပထမ ကျောင်းသား သပိတ်တွင် ပါဝင် ခဲ့သည်။ အမျိုးသား ကျောင်းများ မြန်မာပြည် အနှံ့ ပေါ်ပေါက် လာသော အခါ ဆရာ ဇော်ဂျီသည် ဖျာပုံမြို့၊ အမျိုးသား ကျောင်းသို့ ပြောင်းရွှေ့ ပညာ ဆည်းပူး ခဲ့သည်။ ထိုမှ တဖန် ရန်ကုန်မြို့၊ မြို့မ ကျောင်းသို့ ပြောင်း၍ ၁၁ ဆင့် အောင်သည် အထိ ပညာ ဆည်းပူး ခဲ့သည်။ ထိုစဉ်က ကျောင်းအုပ် ဆရာကြီးမှာ ဦးဘလွင် ဖြစ်ပါသည်။
၁၉၂၄ တွင် ရန်ကုန်မြို့ အမျိုးသား အထက်တန်း ကျောင်းနှင့် မြို့မ အမျိုးသား အထက်တန်း ကျောင်းတို့တွင် ပညာ သင်ကြား ခဲ့သည်။ မြို့မ ကျောင်းသား ဘ၀တွင် ကဗျာများ စတင် ရေးသား ခဲ့သည်။ ၁၉၂၄ တွင် ဆာဂျေအေ မောင်ကြီး၏ သစ္စာ ၀ါဒီ သတင်းစာက ကြီးမှူးပြီး ကဗျာ ဘာသာပြန် ပြိုင်ပွဲ ကျင်းပ ခဲ့သည်။ မြန်မာ ဘာသာသို့ ပြန်ဆို ရမည့် ကဗျာမှာ အင်္ဂလိပ် ကဗျာ ဆရာ ဟင်နရီ ဝေါတန် (Henry Wotton) ၏ The Character of a Happy Life အမည်ရှိ ကဗျာ ဖြစ်သည်။ ဆရာ ဇော်ဂျီသည် ကဗျာ ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရာ ပထမဆု ရရှိ ခဲ့သည်။ ဆာဂျေအေ မောင်ကြီးက ရွှေဒင်္ဂါး ၅ ပြား ဆုချ ခဲ့သည်။ ၁၉၂၅ တွင် ဆရာ ဇော်ဂျီသည် ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် ပညာ သင်ကြား ခဲ့သည်။ တက္ကသိုလ်သို့ ရောက်သောအခါ ရှေးဟောင်း မြန်မာ့ စာပေကို စနစ်တကျ လေ့လာခွင့် ရသကဲ့သို့ တဘက်တွင်လည်း ကမ္ဘာ့ စာပေ များကိုလည်း ကျယ်ကျယ် ပြန့်ပြန့် လိုက်စား နိုင်ခဲ့သည်။ အင်္ဂလိပ် ကဗျာများကို ဖတ်ပြီး ကဗျာသစ်ကို စမ်းသပ် ရေးဖွဲ့ချင်စိတ် ပေါက်လာသည်။ ၁၉၂၈ တွင် ဆရာ ဇော်ဂျီသည် သူ၏ နာမည်ကျော် “ပိတောက်ပန်း” ကဗျာကို ရေးဖွဲ့ ခဲ့သည်။
ဆရာ ဇော်ဂျီသည် တက္ကသိုလ် ကျောင်းသား ဘ၀တွင် သူ့လို ၀ါသနာတူ သူငယ်ချင်း ဆရာ မင်းသုဝဏ်နှင့် တွဲမိ သွားသည်။ သူတို့ နှစ်ဦးသည် ရှေးဟောင်း ကဗျာများမှ တွေးပုံ တွေးနည်း၊ ရေးပုံ ရေးနည်း များကို လမ်းသစ် ခွဲထွက် ကြသည်။ မိမိ ခံစားရသော အမြင်ကိုသာ အလှပဆုံး၊ အထိမိဆုံး ရေးဖွဲ့ ကြသည်။ ထို ကဗျာများကို တက္က သိုလ် မဂ္ဂဇင်း၊ ဂန္တလောက မဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်းများတွင် ရေးသား ကြသည်။
၁၉၃၄ တွင် ဆရာကြီး ဦးဖေမောင်တင်က ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်နှင့် တက္ကသိုလ် ပုရ၀ဏ် အတွင်း ရေးသား နေကြသော ကဗျာ များကို စုစည်း ထုတ်ဝေရာမှ ‘ခေတ်စမ်း ကဗျာ’ ဟု အမည် တွင်လာသည်။ ဆရာ ဇော်ဂျီသည် ရန်ကုန် တက္ကသိုလ် ကျောင်းသား ဘ၀တွင် တက္က သိုလ် ပုရ၀ဏ် ထဲမှ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာပွား၊ ပါမောက္ခ လုစ်၊ ပါမောက္ခ ဂုဒ်တို့ထံမှ အင်္ဂလိပ် စာပေ၊ မြန်မာ စာပေတို့ကို လေ့လာ ဆည်းပူးခွင့် ရခဲ့သည်။ ၎င်းအပြင် ပြင်ပ စာပေ လောကမှလည်း ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ အမျိုးသား ပညာဝန် ဦးဖိုးကျား၊ ဒီးဒုတ် ဦးဘချို တို့ထံမှ ပြင်ပ စာပေ ဗဟုသုတ များကို ကြားနာခွင့် ရသည်။ ဆရာ ဇော်ဂျီသည် မိမိထက် အတန်းကြီးသော သိပ္ပံ မောင်ဝထံမှ အက်ဆေး သဘောတရားများ၊ ဗဟုသုတများ ရရှိခဲ့ပြီး မိမိထက် ငယ်သော ဆရာ မင်းသုဝဏ် နှင့်လည်း ကဗျာ ရေးဖော် ရေးဖက် ဖြစ်လာသည်။
ဆရာ ဇော်ဂျီသည် ၁၉၂၉-၃ဝ ပညာသင် နှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇဘွဲ့ ရခဲ့သည်။ ဆရာ ဇော်ဂျီသည် မိမိ ပညာ ဆည်းပူး ခဲ့ရာ မြို့မ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြ ဆရာ အဖြစ် ၁၉၃၁ ခုနှစ်မှ ၁၉၃၄ ခုနှစ် အထိ တာဝန် ထမ်းဆောင် ခဲ့ပါသည်။ ကျောင်းဆရာ လုပ်နေစဉ် မှာပင် ဖျာပုံမြို့ ကနေ ၁၉၃၁ ဇန်နဝါရီလက စပြီး ထုတ်ဝေ ခဲ့တဲ့ ‘မြန်မာ့ အာဇာနည်’ ဂျာနယ်မှာ ဆရာ ဇော်ဂျီသည် အယ်ဒီတာ အဖွဲ့ဝင် အဖြစ် တာဝန် ယူခဲ့သည်။ သို့သော်လည်း ဂျာနယ်သည် အမှတ် ၇ မျှသာ ရေးသား ထုတ်ဝေ ခဲ့နိုင်ပြီး ဖြန့်ချိမှု အခက်အခဲကြောင့် ရပ်ဆိုင်း ခဲ့ရသည်။၁ မြို့မကျောင်း ကျောင်းဆရာ အဖြစ် တာဝန် ထမ်းဆောင် နေစဉ် ဆရာ ဇော်ဂျီသည် ဝိုင်အမ်ဘီအေ အသင်းကြီးက ကြီးမှူး ကျင်းပသော ဟောပြောပွဲတွင် အင်္ဂလိပ် ဘာသာဖြင့် စာပေ ဝေဖန်ရေး စာတမ်း တစ်စောင် ဖတ်ကြား တင်သွင်း ခဲ့ပါသည်။ စာဆို ဝန်ကြီး ပဒေသရာဇာနှင့် စိန္ထကျော်သူ ဦးသြ တို့အကြောင်း ဖြစ်ပါသည်။ စာတမ်း အမည်မှာ ‘Eighteenth Century Poets in Burma’ ဖြစ်ပါသည်။ စာတမ်း တင်သွင်းသော ခုနှစ်မှာ ၁၉၃၂ ခု သြဂုတ်လ ၂၈ ရက် ဖြစ်ပါသည်။ သဘာပတိမှာ ဆရာကြီး ဦးလူဖေဝင်း ဖြစ်ပါသည်။ ထို စာတမ်းကို ရန်ကုန်တိုင်းမ် (Rangoon Time) အင်္ဂလိပ် ဘာသာ သတင်းစာတွင် ထည့်သွင်း ဖော်ပြ ခဲ့ပါသည်။ ထို စာတမ်းကို ဖတ်မိသော ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာ ပါမောက္ခ ရုခ်က အလွန် နှစ်သက် သဘော ကျ၍ ဆရာ ဇော်ဂျီကို ခေါ်ယူကာ မဟာ ဝိဇ္ဇာတန်း တက်ရန် တိုက်တွန်း ခဲ့လေသည်။ သို့ဖြင့် ဆရာ ဇော်ဂျီသည် ၁၉၃၄ ခုနှစ်တွင် မြို့မ ကျောင်းမှ ထွက်၍ မဟာ ဝိဇ္ဇာတန်းတွင် အင်္ဂလိပ် စာပေနှင့် မြန်မာ စာပေ နှစ်ဘာသာ (Double Literature) ယူကာ ၁၉၃၆ ခုနှစ်တွင် မဟာ ဝိဇ္ဇဘွဲ့ ရခဲ့သည်။
၁၉၃၈ ခုနှစ် အထိ မန္တလေး ဥပစာ ကောလိပ်တွင် မြန်မာစာ နည်းပြ အဖြစ် ဆောင်ရွက်သည်။ ၁၉၃၆-၄ဝ ပြည်နှစ် များတွင် အင်္ဂလန် နိုင်ငံ ဒဗ်ဗလင် တက္ကသိုလ် များတွင် စာကြည့်တိုက် ပညာ သင်ကြား၍ ဒီပလိုမာဘွဲ့ ရရှိသည်။ ၁၉၄၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး တာဝန် ထမ်းဆောင်သည်။ ၁၉၄၁-ခုနှစ်တွင် ရန်ကုန် နေရှင်နယ် အမျိုးသမီး ကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်စောရင် (ဘီအေ- ဘီအီးဒီ) နှင့် လက်ထပ် ခဲ့သည်။
၁၉၄၂ ခုနှစ် ဒုတိယ ကမ္ဘာစစ် အတွင်း မြန်မာ အစိုးရ၏ ပညာရေး ဝန်ကြီး ဌာန ဒုတိယ ညွှန်ကြားရေးဝန် (စာပေနှင့် စာကြည့်တိုက် ဌာန) တာဝန် ထမ်းဆောင်ပြီး ၁၉၄၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၄၇-၄၈ ခုနှစ် များ၌ တိုင်းပြု ပြည်ပြု လွှတ်တော် ရုံးနှင့် ရွေးကောက်ပွဲ ကော်မရှင်ရုံး အထူး အရာရှိနှင့် အခြေခံ ဥပဒေ အချောကိုင် ကော်မတီ အဖွဲ့ဝင် တာဝန် ထမ်းဆောင် ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် ဝဏ္ဏ ကျော်ထင်ဘွဲ့ ရရှိသည်။
၁၉၅၁-၅၇ ခုနှစ် များ၌ ကျောင်းသုံး စာအုပ် ပြုစုရေး (ထုတ်လုပ်ရေး) ညွှန်ကြားရေးဝန် တာဝန်နှင့် ၁၉၅၉ ခုနှစ်၌ မြန်မာ နိုင်ငံ သမိုင်း ကော်မရှင် ဥက္ကဌ တာဝန် များကို ထမ်းဆောင် ခဲ့သည်။ ၁၉၅၁ တွင် ဆရာ ဇော်ဂျီသည် အစိုးရ ပညာရေး မစ်ရှင်အဖွဲ့ နှင့်အတူ အင်္ဂလန်၊ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ နိုင်ငံ များသို့ သွားရောက် လေ့လာခဲ့သည်။ ထို့နောက် စာကြည့်တိုက်မှူး အဖြစ် ပြန်လည် ထမ်းရွက်သည်။ ၁၉၅၅ တွင် ထိုင်းနိုင်ငံ၊ ၁၉၆၁ တွင် တရုတ်နိုင်ငံ များသို့ ရန်ကုန် တက္ကသိုလ် ချစ်ကြည်ရေး အဖွဲ့နှင့် အတူ သွားရောက် ခဲ့သည်။
၁၉၆၁ ခုနှစ်တွင် ဂုဏ်ထူးဆောင် မြန်မာစာ ပါမောက္ခ အဖြစ်နှင့် သီရိပျံချီဘွဲ့ ရရှိသည်။
၁၉၆၅ – ၇၅ ခုနှစ် များတွင်ပညာရပ် ဝေါဟာရ ကော်မတီ ဥက္ကဌနှင့် အမျိုးသား စာပေဆု စိစစ် ရွေးချယ်ရေး ကော်မတီ ဥက္ကဌ အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၆၇ ခုနှစ်၌ တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှူး အဖြစ်မှ အငြိမ်းစား ယူပြီး ပညာရေး အထူး အရာရှိ (၁)၊ မြန်မာ နိုင်ငံ သုတေသန အသင်း ဥက္ကဌ တာဝန် များကို ထမ်းရွက် ခဲ့ပြီး၊ ၁၉၇၆ ခုနှစ်တွင် နိုင်ငံ သမိုင်း သုတေသန ဦးစီး ဌာန အကြံပေး ပုဂ္ဂိုလ် အဖြစ်ပါ တာဝန် ယူခဲ့သည်။
ဆရာ ဇော်ဂျီသည် ‘သခင် ကိုယ်တော်မှိုင်း ဋီကာ’ စာအုပ်ဖြင့် ၁၉၅၅ ခုနှစ် အတွက် စာပေ ဗိမာန် စာပဒေသာ ဆု၊ ‘နင် လားဟဲ့ ချစ်ဒုက္ခနှင့် အခြား ဝတ္ထုတိုများ’ စာအုပ်ဖြင့် ၁၉၇၉ ခုနှစ် အတွက် အမျိုးသား စာပေဆု (ဘာသာပြန် စာပေ)၊ ‘ရှေးခေတ် ပုဂံ ကဗျာများနှင့် အခြား ကဗျာများ’ စာအုပ်ဖြင့် ၁၉၈၇ ခုနှစ် အတွက် အမျိုးသား စာပေဆု (ကဗျာဆု) တို့ကို ရရှိ ခဲ့သည်။
ဆရာ တက်တိုးက ဆရာ ဇော်ဂျီကို ဒဿန စာဆို (Philosopher Poet) ဟူ၍ လည်းကောင်း၊ ဆရာ မင်းသုဝဏ် ကို သုတေသီ စာဆို (Scholar Poet) ဟူ၍ လည်းကောင်း ဆိုမိန့်ဖူးသည်။
ဘ၀နိဂုံး
ဆရာ ဇော်ဂျီသည် အသက် (၈၃) နှစ် အရွယ် ၁၉၉ဝ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဆရာ နေထိုင်ရာ ရန်ကုန်မြို့ ဗဟန်း မြို့နယ် ကမ္ဘောဇလမ်း အမှတ် (၁ဝ-က) နေအိမ်တွင် ကွယ်လွန် ခဲ့သည်။

post By: Moekyashweco

Thursday, April 11, 2013

" ဦးပိန်တံတား သမိုင်း "


အမရပူရမြို့နယ်အတွင်းရှိ တောင်တမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်းနှင့် ရတနာပုံတက္ကသိုလ်ကို ဆက်သွယ် တည်ဆောက်ထားသည့် ဦးပိန်တံတားသည် မြန်မာနှင့် ကမ္ဘာကျော် ရှုခင်းကောင်းတစ်ခု၊ အပန်းဖြေလေ့လာရန်နေရာတစ်ခုအဖြစ် ကျော်ကြားပေသည်။ ဦးပိန်တံတားသည် ၁.၂ ကီလိုမီတာ (သို့မဟုတ်) တစ်မိုင် ၏ ၄ ပုံ ၃ ပုံ ရှည်လျား ၍ ကမ္ဘာ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘမှာ အရှည်ဆုံး ကျွန်းသားတံတားဖြစ်သည်။ တံတားဆောက်လုပ်သောနှစ်ကို အင်းက အော်အာ ဆောက်လုပ်ခါ (၁၂၁၁)ဟု၎င်း၊ ပြီးစီးသည့်နှစ်ကို အင်းကအော်ညီး ဆောက်လုပ်ပြီး (၁၂၁၃)ဟုလည်း မှတ်သားထားကြသည်။ တံတားပြီးစီးစက တိုင်ပေါင်း ၉၈၄-တိုင်(န၀ အဋ္ဌဇယမောင်ပိန်) အခန်းပေါင်း ၄၈၂-ခန်းရှိခဲ့သည်။

တံတားအရှည်မှာ (၃၉၇၆)ပေ ရှည်၏။ နားနေဇရပ် လေးဆောင်ရှိပြီး ဘုရင့်ဖောင်တော်များ လွယ်ကူစွာ ဖြတ်သန်းသွားနိုင်ရန် ဖောင်ကြောင်း ကိုးခုကိုလည်း စီစဉ်ထားရှိလေသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် မြစ်ရေကြီးမှုကြောင့် တံတားရေမြှုပ်ကာ အခန်းအချို့ ပျက်စီးသွားခဲ့ရာ အမရပူရအမတ် ဦးဘသီက ပြန်လည်ပြင်ဆင်ခဲ့သည်။ ၁၉၇၃-ခုနှစ်ကလည်း အခန်းရှစ်ဆယ်ကျော် ရေမျောသွားခဲ့သည်။ ထိုစဉ်က မဟာဂန္ဒရုံဆရာတော် အရှင် ဇနကာဘိဝံသ ဦးဆောင်၍ အမရပူရမြို့နယ် ပြည်သူလူထုနှင့် ပြုပြင်ခဲ့သည်။

ဦးပိန်တံတားသမိုင်း

ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်တွင် ဦးပိန်တံတားကို တည်ဆောက်ခဲ့သည်။ ပုဂံမင်းမှာ ကြက်၊ငှက် အစရှိသည်သာမက အခြားသော တိရိစ္ဆာန်များကိုပါ ဖမ်းဆီး၍ တိုက်ပွဲကစားသည်ကို အထူးဝါသနာပါပြီး နေ့စဉ်နှင့်အမျှ ကစားပွဲကျင်းပလေ့ရှိသည်။ တိုင်းရေးပြည်ရာများကို ညီတော်နှစ်ပါးဖြစ်သည့် မင်းတုန်းနှင့် ကနောင်မင်းသားနှစ်ပါးဦးဆောင်သည့် လွှတ်တော်ကသာ ကိုင်တွယ်ဖြေရှင်းနေခဲ့ရသည်။ ပုဂံမင်း၏ တိရိစ္ဆာန်ရေးရာ ကျွမ်းကျင်သူမှာ ဘိုင်ဆပ်ဟုခေါ်သည့် ကုလား(မွတ်ဆလင်) တစ်ဦးဖြစ်သည်။ ထိုသူကို ပုဂံမင်းက ကြိုက်နှစ်သက်လှသဖြင့် အမရပူရတွင်မြို့ဝန်အဖြစ်ပင် ချီးမြှောက်ခဲ့သည်။ ထိုဘိုင်ဆပ်နှင့် အတူချီးမြှောက်ခြင်းခံရသူမှာ ၄င်း၏တပည့် မြို့စာရေး မောင်ပိန်ဆိုသူဖြစ်သည်။ ထိုသူတို့နှစ်ဦး သောင်းကျန်းလှသဖြင့် အမရပူရတစ်မြို့လုံးသည် ခြောက်ခြားရသည်။ ထိုသူနှစ်ဦးစကားမှာ မင်းနားပေါက်သဖြင့် ကြောက်ကြရသည်။ လှန်ဝံ့သူမရှိခဲ့ပေ။ သို့သော် နောက်ဆုံးတွင် ၄င်းတို့၏ အပြစ်များကို ပုဂံမင်းသိသဖြင့် ဖမ်းဆီးကာ အပေါင်းအပါများနှင့် တကွကွပ်မျက်ခဲ့သည်။


မြို့စာရေး မောင်ပိန်သည် မွတ်ဆလင်ဘာသာဝင် ဖြစ်သော်လည်း မြန်မာဘုန်းတော်ကြီးကျောင်း ထွက်ဖြစ်သည်။ ခရစ်နှစ် ၁၈၄၉-ခုနှစ်တွင် အမရပူရမြို့စာရေး မောင်ပိန်သည် အသက်ရှိစဉ်၊ အာဏာရှိစဉ်အတွင်းက အမရပူရမြို့တော်မှ တောင်တမန်အင်းကို ဖြတ်၍ အခြားဖက်ကမ်းသို့ သစ်သားတံတားကြီးတစ်ခုကို တည်ဆောက်လေသည်။ တံတားဆောက်လုပ်ရန် သစ်များကို ပုဂံမင်း၏ အမိန့်အရ အင်းဝ နှင့် စစ်ကိုင်းမြို့ဟောင်းများမှ ဘုန်းတော်ကြီးကျောင်းဟောင်းများ ဖျက်ခြင်းဖြင့် ရရှိသည် ဟုဆိုသည်။ တည်ဆောက်ရသည် အကြောင်းမှာလည်း အကောင်းမဟုတ်။ တစ်ဖက်ကမ်းရှိ မွတ်ဆလင်များ ကို ဘိုင်ဆပ်က အမရပူရသို့ အကြောင်းရှိလျှင် အမြန်ကူးနိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဆောက်သည်ဟု ဆိုပါသည်။ တည်ဆောက်သူ မောင်ပိန်ကို အစွဲပြုပြီး ဦးပိန်တံတား ဟုသာ အမည်တွင်သည်။ မည်သို့ဆိုစေကာမူ ဦးပိန်တံတားသည် ယနေ့အခါတွင် တောင်တံမန်အင်း၏ အထင်ကရ ပြယုဂ်အနေဖြင့် ထင်ရှားလျက်ရှိပေသည်။

သက်တမ်း ၁၅၀

ဦးပိန်တံတား သက်တမ်း နှစ်ပေါင်း ၁၅၀ ရှိပြီဖြစ်သည်။ အင်းဝနေပြည်တော်မှ ရွှေ့ပြောင်းမြို့တော် တည်ထောင်ခဲ့သော အမရပူရသည် ဘိုးတော်ဘုရားလက်ထက်က လူမှုရေး၊ စီးပွားရေး၊ မြို့ပြအိမ်ယာများနှင့် စည်းကားဖွံ့ဖြိုးခဲ့ပုံကို သမိုင်းမှတ်တမ်းများ၌ တွေ့ရှိရကြောင်း၊ မျက်မှောက်ခေတ် အမရပူရ မြို့ဟောင်းသည် စေတီပုထိုးသမိုင်း အဆောက်အဦအချို့က ရှေးခေတ်ကို တစေ့တစောင်း ပြသလျက်ရှိသော်လည်း မန္တလေးမြို့တော်နှင့် ဆက်စပ်လျက် ရှိနေသဖြင့် တိမ်မြုပ်လုမတတ်ရှိနေသည်။ ရက်ကန်းလုပ်ငန်းဖြင့် ထင်ရှားသော မြို့တစ်မြို့အဖြစ်သာ အသိအမှတ်ပြုကြရသည်။ သို့ရာတွင် သမိုင်းကို ဖော်ပြနေသော ရပ်ကွက်ကြီးများ၏ အမည်များနှင့် အနုပညာလုပ်ငန်း အတန်းအစု အကွက် အမည်များက ရှေးခေတ်အမရပူရ ကို ပြောပြနေဆဲရှိသည်။

ယခုအခါ အမရပူရမှာ လေ့လာစရာအဖြစ် ရှေးဦးစွာ ဦးတိုက်လေ့လာကြည့်ရှုကြသော နေရာကား တောင်သမန် ဦးပိန်တံတား ဖြစ်သည်။ သက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်းလက်ထက် အမရပူရမြို့ဝန် ဘိုင်ဆပ်၏ မြို့စာရေး ဦးပိန်တည်ဆောက်ခဲ့သောကြောင့် ဦးပိန်တံတားဟု အမည်တွင်သည်။ ဦးပိန်သည် မိုးတွင်းကာလ တောင်သမန် ၁၂ ရပ်မှ လူအများ သွားလာလွယ်ကူရေးအတွက် စစ်ကိုင်း၊ အင်းဝနန်းတော်၊ အိမ်တော်များမှ သစ်သားဟောင်းများကို ဘုရင့်ထံ လျှောက်တင်ပြီး ရရှိသမျှနှင့် အခြေတည် ဆောက်လုပ်ခြင်းဖြစ်ရာ ယနေ့တိုင် တံတားအိုကြီး မြင်ကွင်းက မြန်မာမှုကို ဆွဲဆောင်ပြသနေဆဲရှိသည်။ ခေတ်အဆက်ဆက် လေမိုးဒဏ်ကြောင့် ပျက်စီးယိုယွင်းမှုများကို ပြုပြင်ခဲ့ရသည်။


တံတားကို ဆောက်လုပ်ရာ၌ နှစ်နှစ်မျှ ကြာခဲ့သည်။ မြန်မာအင်ဂျင်နီယာပညာရှင်တို့က စကေးမှန်ချိန်မပါဘဲ ခြေလှမ်းဖြင့် တိုင်းတာ၍ ဆောက်ခဲ့ရသော မြန်မာမှု တံတားကြီးဖြစ်သည်။ လှိုင်းဒဏ်၊ လေဒဏ် ခံနိုင်အောင် ဖြောင့်တန်းစွာ မဆောက်ဘဲ တောင်ဘက်သို့ ဦးမော့ ကွေ့ဝိုက်ကာ ကျင်တွယ်ပုံသဏ္ဍာန် ဆောက်လုပ်ထားသည်။


ဦးပိန်တံတားကြီး၏ တိုင်ပေါင်းမှာ ရှေးခေတ်မှတ်တမ်းအရ ၉၈၄တိုင် ရှိသည်ဟု ဆိုသည်။ ဆောင်ပုဒ်အရ “န၀အဋ္ဌဇယမောင်ပိန်” ဟူ၍ ဖြစ်သည်။ ခေတ်ကာလ ရွေ့လျားလာသဖြင့် တံတားကြီးကို အရှေ့ထိပ်၊ အနောက်ထိပ် ပြုပြင်တည်ဆောက်ခဲ့ရသလို ရေလယ်ဇရပ်များကိုလည်း ပြုပြင်တည်ဆောက်ခဲ့ရသည်။ ဇရပ် လေးဆောင်မှ တိုင်များပါ ပေါင်းလျှင် တိုင်ပေါင်း ၁၀၈၆တိုင် ရှိသည်။ အခန်းပေါင်း ၄၈၂ခန်း၊ တံတားအရှည် ၃၉၆၇ပေ၊ တစ်မိုင်၏ လေးပုံသုံးပုံ ရှည်လျားကြောင်း နောက်ဆုံးထုတ် မန္တလေးမြို့နေ သတင်းစာဆရာ နတ်မောက်ထွန်းရှိန် ရေးသားပြုစုသည့် “၀င်းတွေနှင့် တည်ခဲ့သည့် မင်းနေပြည်” စာအုပ်၌ ဖော်ပြထားသည်။

ဆိုခဲ့သည့်အတိုင်း မြန်မာဗိသုကာပညာရှင်များက မြန်မာ့ဆောက်လုပ်ရေးအတတ်ဖြင့် မြန်မာမှုစစ်စစ် တံတားကြီးအဖြစ် ဦးပိန်တံတားကြီးသည် အမရပူရ ရှေးဟောင်းမြို့တော်၏ အမှတ်သင်္ကေတအဖြစ် ရည်တည်လျက်ရှိသည်။ ထို့ကြောင့် ပြည်ထောင်စု တိုင်းရင်းသားများသာမက နိုင်ငံခြား ကမ္ဘာလှည့်ခရီးသည်များပါ နေ့စဉ်လာရောက်ကြည့်ရှု၍ စည်ကားလှသဖြင့် အမရပူရ တောင်သမန်အင်းစောင်း၌ သပ်ရပ်သော စားသောက်ဆိုင် စသော ဈေးဆိုင်ခန်းတန်းများ အတည်တကျ တည်ဆောက်ကာ စီးပွားဖြစ်နေကြသည်ကို တွေ့ရှိခဲ့ရလေသည်။

မြန်မာနိုင်ငံမှဘုရားများ သမိုင်း မှ ကူးယူမျှဝေပါသည်။(မုန်းမြို့သူ)

လမ်းမတော်ဖိုးတုတ်အကြောင်း (အပိုင်း-၄)






ဆရာတော်ကလည်း ဦးမိုး နားလည်လွယ်စေမည့် တရားအဆုံးအမ ပေးခဲ့သည်။

... ငါးပါးသီလ လုံအောင်ထိန်း၊ ဒုက္ခ ကင်းစေပြီလေ။

"ကိုရင်ကြီး . . အလျင်ဘ၀နဲ့ အခုဘ၀ ခြားနားချက်ကို ကိုယ်တွေ့ ခံစားရပြီ မဟုတ်လား "

"မှန်လှပါ . . တပည့်တော် ကိုယ်တွေ့ခံစားနေရပါပြီ ဘုရား "

" အေး . . . ငါးပါးသီလ လုံခြုံသမျှ ဆင်းရဲသော်မှ လှလှပပတဲ့ . . ကိုရင်ကြီး ငါးပါးသီလ မထိန်းနိုင်ခင်တုန်းကနဲ့ ခုထိန်းနိုင်တော့ ခံစားရတဲ့ စိတ်အေးချမ်းသာပုံကို သဘောပေါက်ပြီ မဟုတ်လား။ စာအသိနဲ့ မပြောနဲ့နော် . . . ကိုယ်တွေ့ ခံစားမှု အသိနဲ့ ပြော "

" မှန်လှပါ။ သိပါပြီ ဆရာတော်ဘုရား "

" ဒါဖြင့် ငါးပါးသီလ ချိုးဖောက်ရင် ဘာဖြစ်မလဲ"

"ဒုက္ခ ပြန်ရောက်ပါ့မယ် ဘုရား "

" အဲ့ဒါ ကြိုးအစပဲ ကိုရင်ကြီး။ ကြိုးအစကို ရပြီးရင် ကြိုးအစ မပျောက် စေနဲ့ "

" တင်ပါ့ ဘုရား "

" သူတစ်ပါးကို မကောင်းပြုရင် ကိုယ် ဘာ ဖြစ်မလဲ "

" မကောင်းမှုကို ခံရပါ့မယ် ဘုရား"

" ကိုရင်ကြီး ကိုယ်တွေ့ပဲ မဟုတ်လား။ ခု ကောင်းမှု ပြုလုပ်နေတော့ မကောင်းမှု ခံစားရဦးမလား "

" မခံစားရပါဘူး ဘုရား "

" စိတ်မအေးချမ်းဘူးလား"

" အေးချမ်းပါတယ် ဘုရား "

"ခုလို ငါးပါးသီလကို ထိန်းသိမ်းနေတော့ အမှုအခင်းဖြစ်ဖို့ ရှိသေးသလား"

"မရှိတော့ပါဘူး ဘုရား "

" ခု ဆယ်ပါးသီလကို ထိန်းဖို့ ကြိုးစားနေပြီနော်၊ ဒါဆို ထောင်ထဲမှာ တွေ့ခဲ့ရတဲ့ ဒုက္ခမျိုး တွေ့ဦးမလား "

"မတွေ့နိုင်တော့ပါဘူး ဘုရား "

" ကိုရင်ကြီး နားလည်လွယ်မယ့် ဥပမာပြ တရားလေး ပေးမယ်။ သေသေချာချာ နှလုံးသွင်းပေတော့. . . သူဆင်းရဲတစ်ယောက်နဲ့ သူချမ်းသာတစ်ယောက် ရှိတယ်။ သူဆင်းရဲက ဘယ်လောက်တောင် ဆင်းရဲသလဲ ဆိုရင် အလှူဒါနဆိုလို့ ဆန်တစ်ဆုပ်တောင်မှ မလှူနိုင်ရှာဘူး။ ဒါပေမယ့် သူက ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲတယ်။ မပေါက်ကြားအောင် ထိန်းသိမ်းနိုင်တယ်။ သူချမ်းသာကတော့ အလှူဒါနကို ပေးလှူနိုင်သလို မတွန့်မဆုတ်လည်း ပေးလှူခဲ့တယ်။ အလှူရေစက် လက်နဲ့ မကွာ ပေးလှူခဲ့ပေမယ့် ငါးပါးသီလကို လက်အကျဲနဲ့ ရေခံသလို ကျိုးပေါက်ခဲ့တယ်။ သေလွန်တဲ့အခါကျတော့ သူတို့နှစ်ယောက် စလုံး နတ်ပြည်ရောက်ကြတယ်။ နတ်တိုပခံစားရတဲ့အဆင့်ကျတော့ သူဆင်းရဲက မြင့်ပြီး သူချမ်းသာက နိမ့်ကျသွားတယ်။ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲခဲ့တဲ့ သူဆင်းရဲက ဘုံဗိမာန်ရတဲ့ နတ်သားဖြစ်သွားတယ်။ အလှူရေစက်လက်နဲ့မကွာ ပေးကမ်းလှူဒါန်းခဲ့ပေမယ့် ငါးပါးသီလ မလုံခြုံတဲ့သူချမ်းသာက အလုပ်အကျွေးပြု နတ်သားပဲ ဖြစ်ရတယ်ဆိုတဲ့ ၀တ္ထုအကြောင်း ရှိတယ် ကိုရင်ကြီး၊ ကျုပ်ဆိုလိုတာက ကိုရင်ကြီး သဘောပေါက်ရဲ့လား "

" ပေါက်ပါတယ် အရှင်ဘုရား။ အရှင်ဘုရား ကျေးဇူးကြောင့် ဒီတစ်သက်မှာ တပည့်တော် လူဆိုး လူမိုက် မဖြစ်အောင် နေထိုင်နိုင်ပါတော့မယ် ဘုရား "

"အေး . . . အေး . . . သာဓု . . သာဓု . . သာဓု"

ကိုမိုး နာမည်ကြီး လူမိုက်ကြီး။

ဗိုလ်တထောင်ငမိုးမှာ ဆရာတော်၏အဆုံးအမဖြင့် တရားရိပ်တွင် ခိုလှုံ၍ အကုသိုလ်ဖြစ်စေမည့် အပြောအဆို အနေအထိုင် အကျင့်အကြံအားလုံးကို ရှောင်ကျဉ် ထိန်းသိမ်းခဲ့သည်။

သို့တစေ . . .

ငယ်စဉ်ကတည်းက သောက်စားမူးယစ်ပြီး အပျော်အပါးမျိုးစုံနှင့် နေချင်သလို နေခဲ့တာတွေ၊ ထောင်ထဲမှာ တစ်ကျွန်းမှာ ချို့ချို့တဲ့တဲ့ ဆင်းဆင်းရဲရဲနေခဲ့ရသည့် ဒဏ်တွေက ဇရာလူသား ကိုမိုးကို ဖိဖိစီးစီးကြီး နှိပ်စက်နေပါပြီ။

ကိုရင်ကြီးဘ၀တွင်သော်မှ ကြာရှည်မနေနိုင်အောင် ကျမ်းမာရေးတွေ ဖောက်လာသည့် ဒဏ်ကို အလူးအလဲခံနေရသည်ကြောင့် လူဝတ်ပြန်လဲ လိုက်ရသည်။

ဆရာတော်က ကပ္ပိယတစ်ယောက် အကူအညီဖြင့် ကိုမိုးကို စောင့်ရှောက်ကျွေးမွေးခဲ့သည်။ ဆေးဝါးများ ကုသပေးခဲ့သည်။

ကြာလာတော့ ကိုမိုးက သူ့ဒုက္ခ ၀န်ထုတ်ဝန်ပိုးကြီးအား သူတစ်ပါးအပေါ် ကျရောက်မည့်အသိဖြင့် ဆရာတော်ကို လျှောက်ထားပြီး နှမဖြစ်သူနှင့်အတူ ပြန်လည် နေထိုင်ခဲ့ရသည်။

နှမဖြစ်သူ ဒေါ်အေးမြကလည်း လုပ်လုပ်ကိုင်ကိုင်၊ ရရစားစားသမားမို့ သူ့ကို ထိထိရောက်ရောက် မပြုစုနိုင်ရှာ။ သူ့ခမျာ ဟုတ္တိပတ္တိဆေးဝါးကိုလည်း မမီဝဲရရှာ။ အာဟာရရှိသော အစားအသောက်ကိုလည်း မစားနိုင်ရှာ။

တပည့်တပန်းဆိုသူတွေကလည်း သူ့ကို ဖုတ်လေသည့်ငါးပိ ရှိလေသည်လို့မှ သဘောမမူကြတော့။

နှမဖြစ်သူကို လွှတ်၍ အကူအညီတောင်းကြည့်သော်လည်း တစ်ကျပ် တစ်ပြား ထောက်ပံ့ဖို့ကိုပင် ရှောင်ဖယ်ကုန်ကြသည်။

ဇရာ၏ အထောင်းအထုကို အလူးအလိမ့်ခံစားရင်း လာရာလမ်းကို ပြန်ရမည့်အချိန်ကို ဆင်းရဲပင်ပန်းကြီးစွာ စောင့်မျှော်နေရပါလေပြီ။

အရှိန်အ၀ါဆိုသည်မှာ ထာဝရ မဟုတ်။

ဖျာလေးတစ်ချပ်၊ အစွပ်မပါသော ခေါင်းအုံးအဟောင်းလေးတစ်လုံး၊ သေးအလူးလူး ချေးအလူးလူး နံစော်နေသည့် စောင်လေးတစ်ထည်ဖြင့် . . ။

အကျည်းတန်သော ဘ၀နိဂုံး၊ ဆုံးသတ်ခြင်းဖြင့် . . . ။

မကောင်းသော ပြုလုပ်မှုအကြောင်းမှ ပြန်လည် ထင်ဟပ်လာသည့်အကျိုးဆက်သည် ဘယ်သို့မှ ကောင်းသောအကျိုးဆက် မဖြစ်နိုင်ပေ။

တမလွန်သို့ရောက်မှ မဟုတ်။

ပစ္စုပ္ပန်ဘ၀တွင်ပင် တန်ပြန်ခံစားရတတ်သည်ကို သံဝေဂယူ၍ ကောင်းသောဘ၀ခရီးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည့် လူသားဖြစ်အောင် ကြိုးစားကြပါဟု ဆန္ဒပြုလျက် . . . .

(ဆက်လက်ဖော်ပြပါမည်)

credit;Kyaw Mya Than

Friday, April 5, 2013

လမ်းမတော် ဖိုးတုတ်အကြောင်း(အပိုင်း၃)







ဗိုလ်တစ်ထောင်ငမိုးနဲ့ လမ်းမတော်ဖိုးတုတ်

နဂိုကတည်းက စာသင်ခန်းကျောခိုင်းကျင့် ရှိသူ မောင်မိုးမှာ မမြသစ်နှင့် ချစ်သူဘ၀ရောက်ပြီးနောက် စာသင်ခန်းကို လုံးဝနီးပါး ကျောခိုင်းနေလိ...ုက်သည်။

ဒါကိုသိသွားသည့် မမြသစ်က ကျောင်းမှန်မှန်မတက်ရင် သူနှင့် နောက်ထပ်မတွေ့တော့ဖို့ ရာဇသံပေးလာသည်။

သူတို့နှစ်ယောက်အကြားမှာ အရင်ကလို ပြေသွယ်ချောမွေ့နေသည်များ တန့်ရပ်သွားသည်။

မောင်မိုး ဆိုင်လာလျှင် မြသစ်က လက်ခံစကားမပြော။ ရှေ့ကဆိုင်ကိုကူးပြီး ရှေ့ကဆိုင်မှာ သွားထိုင်နေသည်။

တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်၊ သွားတိုင်းပင် မမြသစ်ကစကားမပြော။ သူလာသည်ကို မြင်သည်နှင့် ရှေ့ဆိုင်ကို ကူးသွားသည်။

မောင်မိုးက နဂိုကတည်းက စိတ်မြန်သူဖြစ်သည့်အလျောက် သူ့ကို ဒီလိုလုပ်ရပါ့မလား လို့ သူများဆိုင်မရှေ့မှာ ရှူး ရှူးဒိုင်းဒိုင်း သွားလုပ်သည်။

ပြဿနာအစက အဲဒီလို။

အဲဒီနေ့က မပြောမလည်ဖြစ်ခဲ့သည့် ပြဿနာမှာ မြသစ်အဒေါ်ကတဆင့် မြသစ်အဖေနားသို့အထိ ပေါက်ရောက်သွားသည်။

နားမခံသာအောင် အဆူအပူခံရပြီးနောက် ဖခင်ဖြစ်သူက မြသစ်ဆိုင်မထွက်ရဟု တစ်ချက်လွှတ် အမိန့်ထုတ်လိုက်သည်။

အိမ်မှုကိစ္စတာဝန်ယူနေသူ ညီမ၀မ်းကွဲလှခင်ကို ဆိုင်ထွက်စေပြီး မြသစ်ကို လှခင်လုပ်ရမည့်ကစ္စကိုပြောင်းပြီး တာဝန်ယူခိုင်းလိုက်သည်။

မြသစ်မှာ ဆိုင်မထွက်ရရုံမက အပြင်သို့လည်း မထွက်ရတော့ . . .။

ဖခင်ဖြစ်သူကို အလွန်ရိုသေကြောက်ရွံ့ရသည့်အတိုင်း မောင်မိုးနှင့် အဆက်အသွယ် ပြန်လုပ်ဖို့ကို လုံးဝ စိတ်မကူးရဲ။

မောင်မိုးက နည်းအမျိုးမျိုးဖြင့် ကြိုးစားကြည့်ပေမယ့် ဘယ်လိုမှ အရာမထင် အကြောင်းမထူး ဖြစ်ခဲ့သည်။

မြသစ်ကိုယ်တိုင်ကလည်း မောင်မိုးကို ယတိမပြတ်သေးသော်လည်း စိတ်ကုန်သလို ဖြစ်နေသမို့ မြသစ်ကိုယ်တိုင်ကလည်း ပြန်လည်ဆက်သွယ်ဖို့ မကြိုးစားတော့။ အသည်းနှလုံးကျွဲခတ်သည့်နှယ် ခံစားနေရသူမှာ မောင်မိုး။

မောင်မိုးက မြသစ် မှ မြသစ်။ သူငယ်ချင်း အလိန်နှင့် တိုင်ပင်ပြီး ဖြစ်နိုင်သမျှသော နည်းလမ်းအသွယ်သွယ်ဖြင့် ကြိုးစားကြည့်သည်။

ဘယ်လိုမှ အကြောင်းထူးမလာ။

စိတ်မထိန်းနိုင်သူ မောင်မိုးက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

သူဆုံးဖြတ်လိုက်သည်က သူ့ဘ၀ကို ကပြောင်းကပြန် ဖြစ်သွားကြမည်။ ဆုံးဖြတ်ချက်အမှား။

သူငယ်ချင်း အလိန်က တားသေးသည်။

မရ. . . ။

တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ပြီးရင် ဟောဟောဒိုင်းဒိုင်း လုပ်တတ်သည့် စရိုက်အခြေခံရှိသူ မောင်မိုးက စဉ်းစားတွေးခေါ်မှုပိုင်းတွင် အားနည်းသည်။

သူပြုလုပ်သည့်အကြောင်းကနေ တန်ပြန်လာမည့်အကျိုးသက်ရောက်မှုကို အလေးထား စဉ်းစားတတ်သူမဟုတ်။

သူက တုံးဆိုတိုက်၊ ကျားဆို ကိုက်သမား။

လမ်းမတော်ဖိုးတုတ်နှင့် ဗိုလ်တထောင်ငမိုးတို့ မတူညီသည့်ကွာခြားချက်မှာလည်း ဒါပဲ ဖြစ်၏။ လမ်းမတော်ဖိုးတုတ်က ခေါင်းသမား။ မကောင်းမှုပြုပေမယ့် အတွေးအခေါ်ရှိသည်။ စဉ်းစားချင့်ချိန် ပိုင်းခြားဝေခွဲမှုရှိသည်။ သူများဟာကို ကျူးကျော်တော့မည်ဆိုလျှင် ကိုယ့်ဟာကိုယ်လုံအောင် ထိန်းသည့် ပြင်ဆင်မှု လုပ်တတ်သည်။ ဗိုလ်တထောင်ငမိုးက ရှူးရှူးဒိုင်းဒိုင်းသမား။ လုပ်တော့မည်ဆိုလျှင် ဘာကိုမှ မစဉ်းစား။

အုပ်တံတိုင်းမှန်းသိလျက် ခေါင်းနှင့် တိုက်ရမည်ကို နောက်မတွန့်တတ်သူ။ ဒါကြောင့်လည်း လူမိုက် သက်ဆိုးမရှည်။

ခုကိစ္စတွင် အခွင့်အရေးပေါ်လာမည့် အချိန်ကို စောင့်သင့်ပါလျက် မစောင့်။ သူလုပ်ချင်တာကို ဇွတ်လုပ်လိုက်သည်။

အုပ်တံတိုင်းကို ခေါင်းနှင့်ပြေးဆောင့်လိုက်သည့် အဖြစ်။

ကျည်ဆန်လာမည့် လမ်းကြောင်းကို ရင်ဘတ်နှင့် ထိုးခံလိုက်သည့် အဖြစ်။

တစ်နေ့ . . .။

ရထားလုံးတစ်စီးငှားပြီး မြသစ်ကို အိမ်ပေါ်မှာ အတင်းတက်ဆွဲသည်။ မြသစ်ဦးလေး ဦးတင်မောင်က ၀င်ရောက် ထားဆီးခဲ့ရာ မောင်မိုးက အသင့်ဆောင်လာသည့် ဓားမြှောင်ဖြင့် ထိုးထည့်လိုက်သည်။

ဦးတင်မောင် ပုံလျက်သား လဲကျသွားသည်။

မြသစ်လည်း ဓားသွားအဖျား ခတ်ခံလိုက်ရသည်။

အိမ်တွင်းရှိနေသူများ ကြောက်လန့်တကြား အောင်ဟစ်သံများကြောင့် အိမ်နီးပါးချင်းများ ၀ိုင်းလာကြသည်။

မောင်မိုးက မဆိုင်သူမကပ်နှင့်ဟု ဓားတ၀င့်ဝင့်ကြိမ်းမောင်းပြီး ထွက်ခဲ့သည်။ မည်သူမျှ အနားမကပ်ရဲကြ။

ပုလိပ်တွေက မောင်မိုးတို့ အိမ်လာဝိုင်းသော်လည်း မောင်မိုးကို မမိ။

မောင်မိုးကလည်း အဖမ်းမခံ။ တိမ်းရှောင် ပုန်းအောင်နေခဲ့သည်။

သူငယ်ချင်းဖြစ်သူ အလိန်ကလည်း အစစအရာရာ အကူအညီပေးခဲ့သည်။ မောင်မိုးကျူးလွန်လိုက်သည့်အဖြစ်မှာ သေးသေးကွေးကွေးအမှု မဟုတ်။ အဲ့သည့်ခေတ်အချိန်ကာလ ဖြစ်တောင့်ဖြစ်ခဲ အမှုကြီး စာရင်းဝင်သည်။ ဓားထိုးမှု၊ ပိုင်နက်ကျူးလွန်မှု၊ အလိုမတူသော မိန်းကလေးတစ်ဦးကို အဓမ္မ လက်ရောက်ဆွဲမှု။

၃၂၆ ၊ ၃၇၆၊ ၄၅၂။ နောက်ထပ်တိုးလာသည်က ၀ရမ်းပြေးမှု။

ဗိုလ်တထောင်ပုလိပ်ဌာနတစ်ခုလုံး ယောက်ယက်ခတ်ကုန်သည်။ အလုပ်ရှုပ်ကုန်သည်။ မောင်မိုးတိမ်းရှောင်နေသည်မှာ လေးလရှိပြီ။

သူနှင့်ပတ်သက်သည့် ကောလဟလသတင်းများကလည်း ဟုတ်တာ တွေရော၊ မဟုတ်တာတွေပါ ရောပြွမ်းထွက်လာသည်။

တုတ်၊ ဓားပြီးသည်။ ကျည်လွဲသည်။ ကိုယ်ပျောက်သည် . . . စသည့် ကောလဟလ သတင်းများဖြင့် မောင်မိုးအမည်ကို ထင်ပေါ်လာစေခဲ့သည်။

နောင်ဗိုလ်တထောင်ငမိုးဟူ၍ နာမည်ကြီး လူမိုက်ဖြစ်လာစေရန် ဤသို့မှ အစပျိုးခဲ့သည်။

ဗိုလ်တထောင်ငမိုး အမည်ဖြင့် လူမိုက်လောကတွင် နာမည်ကြီးလာသော်လည်း ဗိုလ်တထောင်ငမိုး၏ ရပ်ကွက်နေ လူထုအပေါ် စော်ကား မော်ကား မလုပ်ဘဲ ရပ်ကွက်ကို စောင့်ရှောက်ခဲ့သောကြောင့် လူချစ် လူခင် များခဲ့သည်။

ဒါပေသိ မြန်မာ့အလင်းအယ်ဒီတာ ဆရာသင် အား သတ်သည့်လူသတ်မှုကို ကျူးလွန်လိုက်သောအခါတွင်မူ လူထု၏ အော့နှလုံးနာ ရွံမုန်းကြီးကို ခံလိုက်ရသည်။ တကယ်တော့ ကိုမိုးက ဆရာသင် ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်သည်ကို သူမသိ။

သူက ကျေးဇူးရှင်အဖြစ်ယုံကြည်ကိုးစားထားသော ပုဂ္ဂိုလ်၏ခိုင်းစေချက်ကြောင့် ထိုပြစ်မှုကြီးကို ကျူးလွန်ခဲ့ခြင်းဖြစ်၏

သူ၏ တွေးခေါ်မြှော်မြင်မှုအားနည်းချက်ကြောင့် ထိုပြစ်မှုကြီးကို တဇောက်ကန်း ကျူးလွန်ခဲ့ရာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ဖြင့် တစ်ကျွန်းသို့ ရောက်သွားခဲ့သည်။

တရားခံတစ်ယောက်ကို ပြစ်ဒဏ်ချမှန်ပြီးမှ တရားရုံးတွင် အမှုကို တစ်ဖန်ပြန်လည်စစ်ဆေးရသည့် မှုခင်းဟူ၍ အင်္ဂလိပ်လက်ထက်က ဗိုလ်တထောင်ငမိုး၏အမှုတစ်ခုသာ ရှိခဲ့ကြောင်း မှုခင်းရာဇ၀င်တွင် မှတ်တမ်းတင်ခဲ့သည်။

ဆရာသင်သတ်မှုတွင် အသွားစေခိုင်းသူက ဘာမှ မဖြစ်ဘဲ အစွယ်ဖြတ်သွားသူက ပြစ်ဒဏ်ထိခံခဲ့ရသည်။

တရားသည် မတရားသို့နှယ် ဖြစ်ရှိသွား၏။

တရားချိန်ခွင်လျှာသည် အလှည့်အပြောင်း လမ်းကြောင်းက အဓိကတရားခံဖြစ်သည့် အသွားစေခိုင်းသူကို တရားခွင်သို့ ပြန်တင်ခဲ့သောကြောင့် အစွယ်ဖြတ်သူမုဆိုးမှာ ကျွန်းဒဏ်မှ လွတ်မြောက်သွားသည်။

လူမိုက်ဘွဲ့ခံထားသည့် ဗိုလ်တထောင်ငမိုးနှင့် လမ်းမတော် ဖိုးတုတ်တို့ နှစ်ယောက်မှာ ဒုတိယကမ္ဘာစစ် မဖြစ်မီကာလက ရန်ကုန်မြို့တွင် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့ကြသူ နှစ်ယောက်ဖြစ်၏။

နှစ်ယောက်စလုံး လက်ဖျားငွေသီး ခဲ့ကြသည်။

လမ်းမတော်ဖိုးတုတ်က ဗိုလ်တထောင်ငမိုးထက်ပို၍ ၀င်ငွေလမ်းဖြောင့်ခဲ့သည်။

ထိုစဉ်ကာလက လမ်းမတော် ဖိုးတုတ်၏ တစ်လ၀င်ငွေ ဘယ်လောက်ရှိသည်ကို လမ်းမတော်ဖိုးတုတ်မှတစ်ပါး မည်သူမှ အတိအကျ မပြောနိုင်။

သို့တစေ အနီးကပ်ဆုံး ခန့်မှန်းသည်မှ ထွက်လာသည့် အဖြေမှာ . .

တစ်လသုံးထောင်ထက် နည်းလိမ့်မည် မဟုတ်ဟု တွက်ချက်ခန့်မှန်းကြသည်။

လမ်းမတော်ဖိုးတုတ်၏အပိုင်းမှာ လောင်းကစားဝိုင်းကြီးတွေ နေ့စဉ်လုပ်သည့် ဟိုတယ်များ၊ ဘိန်းခန်းအသေးအကြီးပေါင်းစုံနှင့် ကုန်စို ကုန်ခြောက် အကြီးအကျယ် အရောင်းအ၀ယ်လုပ်သည့် ပွဲရုံကြီးများ၊ မြန်မာတစ်ပြည်လုံး အရက်နှင့် အပေါင်ဆိုင်လုပ်ငန်းကို ချုပ်ကိုင်ထားသည့် လိုင်စင်စီကြီးများ၊ သိမ်ကြီးဈေး၊ သံဈေးလို အရောင်းအဝေယ် ဖွံ့ဖြိုးသည့်လုပ်ငန်းများ ရှိကြသည်။

အဲဒီလုပ်ငန်းတွေကရသည့် ဆက်ကြေးဝင်ငွေအပြင် ကြည့်မြင်တိုင် - စက်ဆန်းပြေးဆွဲနေသည့် ဘတ်(စ်)ကားများ၊ ဟိုတယ်နှင့် ကစားဝိုင်းများတွင် ဂိတ်ထိုးသည့် တက်(ခ်)စီ စတန်းများ ထံ၌လည်း နေ့စဉ် ဆက်ကြေးဝင်ငွေရသည်။

အခြား အမည်မဖော်နိုင်သော လုပ်ငန်းအမျိုးမျိုးက လစဉ်ရသည့် ဆက်ကြေးဝင်ငွေများလည်း ရှိသည်။

တစ်လ သုံးထောင်လောက်ရသည့် ၀င်ငွေမှာ ဖြစ်နိုင်လောက်သည်ဟု တွက်ချက်မှု ကိန်းဂဏန်းထွက်ခဲ့သည်။
ရွှေဒင်္ဂါးတစ်ပြား တစ်ဆယ့်ခြောက်ကျပ်၊ တစ်ဆယ့်ရှစ်ကျပ် ခေတ်လောက်က ဖိုးတုတ်၏ ၀င်ငွေ သုံးထောင်ခန့်ရှိသည်ဟု ဆိုကြရာ အတော်များသည့် ငွေကြေးဟု ဆိုနိုင်၏။

သို့တစေ ထိုမျှသောငွေကြေးများကို သူတစ်ယောက်တည်းက သပိတ်ဝင် အိတ်ဝင် ရသည်တော့မဟုတ်။

သူက ခေါင်းကိုင်အဖေ ဂေါ့ဖားသားဆိုတော့ တပည့်တပန်းများ၏ စားဝတ်နေရေးကို သူကလုံးဝတာဝန်ယူထားရသည်။

သူက ဆက်ကြေးရသလို သူက ပြန်ပေးရသည့် ဆက်ကြေးအမျိုးမျိုးလည်းရှိပြန်သည်။

အဲ့ဒီ သူက ပြန်ပေးရသည့် ဆက်ကြေးငွေပမာဏမှာ ရာဂဏန်းမဟုတ်၊ ထောင်ဂဏန်းအထိ စာရင်းပေါက်သည်။

ရာဇ၀တ်မှုများလိုက်ရာတွင် နာမည်ကြီးသည့်ရှေ့နေ့ကြီး ပန်ကာ ဦးအေးကို အမှုလိုက်ခအပြင် ဥပဒေရေးရာကိစ္စ အကြံပေးရသည့်အတွက် လစဉ် ပုံမှန်ဝင်ငွေလည်း ပေးထားရသည်။ မနည်းပါ။

တကယ်တော့ လမ်းမတော်ဖိုးတုတ် က ဆင်သတ်ရသည့် နာမည်ကို ခံရတာပဲရှိသည်။

ဆင်တကောင်လုံးကို သူကမရ။ ဆင်သတ်ပြီး အရပ်ဝေနေရသူ။

အဲ့ဒီလို ရက်ရက်ရောရောဝေနိုင်လို့လည်း ဥပဒေအပြင်က လူဖြစ်နေပါလျက် ဥပဒေ၏ အဆုံးအမကို မခံရဘဲ ကင်းလွတ်ခွင့်ရနေခြင်းဖြစ်၏။

အမှုလိုက်ရဲအင်စပတ်တော် ဦးဟုတ်ဂွမ် သတ်မှုနှင့် ထောင်ထဲ ခဏ၀င်ရသည့်ကလွဲလို့ အုပ်ရိုးအတွင်း လူအဖြစ် အနေမကြာခဲ့ရ။

လမ်းမတော်ဖိုးတုတ်က ခေါင်းသမား။

ရှေ့နေကြီးတစ်ယောက်ကိုပင် သူ့အတွက် အကြံပေးအဖြစ် လစာပေး၍ လက်တွဲထားခဲ့သည်။ ဗိုလ်တထောင်ငမိုးက ခေါင်းသမားမဟုတ်။

ရှူးရှူးဒိုင်းဒိုင်း စိတ်ထင်သလို တုံးဆိုတိုက်၊ ကျားဆိုကိုက် ခဲ့သည်ကြောင့် အုတ်ရိုးအပြင်မှာထက် အုတ်ရိုးအတွင်းမှာ အနေများခဲ့ရသည်။

နောက်ဆုံး တစ်ကျွန်းသို့ပင် သွားခဲ့ရသည်။

အဲ့ဒီလောက်ဆို သူတို့နှစ်ယောက် ခေတ်ရေစီးကြောင်းအရ ထင်ပေါ်သူဖြစ်ရပ်ဖြစ်ကြောင်း ဖော်ပြချက် ပြည့်စုံလောက်ပါပြီ။

သူတို့နှစ်ယောက်၏ ဘ၀နိဂုံးဇာတ်သိမ်းပိုင်းကို ဆက်လက်ဖော်ပြရပါမည်။ သို့မှသာ မကောင်းသော ပြုလုပ်မှုဖြစ်စဉ်နှင့် ယှဉ်တွဲခဲ့ဖူးသူများ၏ ဘ၀နိဂုံးအဆုံးသတ် ဘယ်သို့ ရှိသည့်ပုံရိပ်ပေါ်လာမည် ဖြစ်ပါသည်။ မကောင်းမှုပြုခြင်း၏ တုံ့ပြန်မှု အကျိုးသက်ရောက်မှုမှာ တမလွန်အထိမစောင့်ဆိုင်း။ ပစ္စုပ္ပန်တည့်တည့်ကြီးမှာပင် မကောင်းသော တုံ့ပြန်အကျိုးကို ပေးတတ်၏။ အရာရာတွင် တုံ့ပြန်မှုဟူသည် ရှိစမြဲ။

ကောင်းသောလမ်းကို လျှောက်လျှင် ကောင်းသောလမ်းဆုံးသို့ ရောက်မည်။ မကောင်းသောလမ်းကို လျှောက်လျှင် မကောင်းသောလမ်းဆုံးသို့ ရောက်မည်။ ဤသည်မှာ နိယာမစစ်မှန်သော သဘာဝတရားပင်။

ကျွန်းပြန်ကြီး ဦးမိုးမှာ ထောင်က လွတ်လာပြီးနောက် စိတ်ရောကိုယ်ပါ ပြောင်းလဲ သွားသည်။

ကျွန်းပြန်ကြီးဟူသော နာမည်တစ်လုံးထပ်တိုးပြီး တပည့်တပန်းတွေက သူ့ကို ယခင်ပုံစံအတိုင်း ဆက်ဆံကြသည်။ ငွေကြေးထောက်ပံ့ပေးသူတွေကလည်း ယခင်အတိုင်း အပေးအကမ်း ရှိလာသည်။ သို့တစေ ဦးမိုးက တပည့်တပန်းတွေ ချဉ်းကပ်လာသည်ကိုလည်း ခေါင်းခါလိုက်သည်။

အပေးအကမ်းရှိလာသည်များကိုလည်း လုံးဝ ငြင်းပယ်လိုက်သည်။

အသက်အရွယ်ထောက်လာပြီကတစ်ကြောင်း၊ လာလမ်းဆိုပေမယ့် ပြန်လမ်းကောင်းရန် ကြိုးစားရတော့မည်ကို ထဲထဲဝင်ဝင် အသိတရားရလာသည်က တစ်ကြောင်းတို့ကြောင့် အတိတ်ကို ပြည်ဖုံးကားချ၍ အနာဂတ်လမ်းကြောင်း အကောင်းဘက်သို့ ဦးတည်ရန် ယတိပြတ်ဆုံးဖြတ်လိုက်သည်။

နှမဖြစ်သူ ဒေါ်အေးမြထံတွင် မှီခိုနေထိုင်ပြီး ပူလောင်သော စည်းဝိုင်းကနေ အေးသက်သော စည်းဝိုင်းထဲသို့ ၀င်ရန် ကြိုးစားလိုက်သည်။

ပိတ်ဖြူအင်္ကျီ၊ ပိတ်ဖြူလုံချည် ၀တ်လျက် စိပ်ပုတီးကို လက်ကမချဘဲ သိမ်ကုန်းကျောင်းတိုက်၊ တိုက်အုပ်ဆရာတော် သီတင်းသုံးရာ ရန်ကုန်ကျောင်းတိုက်တွင် အနေများလာသည်။

ဆရာတော်၏ ဝေယျာဝစ္စများကို ဆောင်ရွက်ရင်း ဆရာတော်၏ အဆုံးအမ၌ တည်ငြိမ်ရင့်ကျက်လာသည်။

မကောင်းတာမှန်သမျှကို စွန့်၍ ကောင်းတာမှန်သမျှကို လုပ်ကိုင်နေထိုင်ခဲ့ရာမှ ကိုရင်ကြီး စည်းပါရစေဟု ဆရာတော်ထံ ခွင့်ပန် လျှောက်ထားခဲ့သည်။

ဆရာတော်၏ ခွင့်ပြုချက်ဖြင့် ကိုရင်ကြီးအဖြစ် ဆရာတော်၏ခြေတော်ရင်းမှာပင် ဆရာတော်၏အဆုံးအမတွင်တည်၍ နေထိုင်ခဲ့သည်။

credit;kyaw Mya than

(ဆက်လက်ဖော်ပြပါမည်)

Tuesday, April 2, 2013

လမ်းမတော်ဖိုးတုတ်အကြောင်း (အပိုင်း-၂)




(ဗိုလ်တစ်ထောင် ငမိုးအကြောင်းပါဝင်သည်)

အဲဒီတုန်းက တပည့်တပန်းအားကိုးနှင့် လုပ်ခဲ့ခြင်းမဟုတ်ဘဲ တစ်ကိုယ်တော် ကြဲခဲ့ခြင်းဖြစ်၏။

... ထိုစဉ်က လမ်းမတော်အပိုင်မှာ နာမည်ကြီးနေသည့် မြန်မာလူမိုက်ကြီးတစ်ယောက်ရှိသည်။

ပုဏ္ဏားဘကွန်း။ ပုဏ္ဏားဘကွန်းက ကိုယ်တိုင်လည်း ဇ ရှိသည်။ တပည့်တပန်းအင်အားလည်း ကောင်းသည်။ အဲ့ဒီအချိန် ကိုဖိုးတုတ်မှာလည်း တပည့်တပန်း အသင့်အတင့်ရှိနေပြီ။ ပုဏ္ဏားဘကွန်းလောက်တော့ အသိုင်းအ၀ိုင်းမကောင်းသေး။ ပုဏ္ဏားဘကွန်းမှာ မတ်စတီးခန်းနှင့် လက်ဝါးချင်း ရိုက်ထားသူ။ ဒါကြောင့် ကိုဖိုးတုတ်က ပုဏ္ဏားဘကွန်းကို ရှင်းပစ်မှဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

ပုဏ္ဏားဘကွန်းကို မရှင်းလျှင် နယ်မြေတစ်နယ်မြေတည်းမှာ ဗိုလ်နှစ်ဗိုလ်ဖြစ်နေမည်။

ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင်အောင်ရိုး ထုံးစံမရှိ။ ကိုဖိုးတုတ်က စတင်၍ စိန်ခေါ်လိုက်သည်။ ပုဏ္ဏားဘကွန်းက ကျ လူ။ ကိုဖိုးတုတ်က တက် လူ။

တစ်နေ့ . . .

ကိုဖိုးတုတ်က ပုဏ္ဏားဘကွန်းနေသည့် ဆယ့်တစ်လမ်းထဲသို့ တစ်ယောက်တည်းဝင်သွားပြီး ပုဏ္ဏားဘကွန်းအိမ်ရှေ့တည့်တည့်မှာ ရပ်လိုက်သည်။

"ပုဏ္ဏား ဘကွန်း အောက်ကိုဆင်းခဲ့၊ ကျုပ်တစ်ယောက်တည်း လာတယ်။ ခင်ဗျားလည်း တစ်ယောက်တည်း ဆင်းခဲ့။ ခင်ဗျားနဲ့ ကျုပ် သွေးစမ်းရအောင် "

သုံးခါတိတိ ခေါ်သည်။

ပုဏ္ဏားဘကွန်းကား ဆင်းမလာ။

တကယ်တော့ ပုဏ္ဏားဘကွန်းကလည်း သွေးနီသူ တစ်ယောက်ပါ။ ဒါပေသိ ရုတ်တရက်မမျှော်လင့်သောဖြစ်ရပ်ကြောင့် ရုတ်တရက်ဘာလုပ်ရမည် မဆုံးဖြတ်နိုင်ဘဲ ကြောင်သွားခြင်းဖြစ်၏။

ကျလူနှင့်တက်လူဆိုသည်ကလည်း ခြေလှမ်းများကို တုံ့ဆိုင်းသွားစေခဲ့သည်။

သုံးကြိမ်တိတိခေါ်လို့ ဆင်းမလာသည့်အဆုံး . . .

"ခင်ဗျားကြီး လူမိုက်ပုဏ္ဏားဘကွန်းမှ မဟုတ်ဘဲ၊ ဆန်တောင်းတဲ့ ပုဏ္ဏားပဲ။ လမ်းမတော်အပိုင်မှာ လူမိုက်က ခင်ဗျား မဟုတ်တော့ဘူး။ ကျုပ်ဖြစ်သွားပြီ။ ဒီကနေ့ကစပြီး ကျုပ်နာမည် လမ်းမတော် ဖိုးတုတ် "

အဲဒီလို အပြတ်ပြောပြီး ခပ်အေးအေးပင် ပြန်ထွက်ခဲ့သည်။

ထိုဖြစ်စဉ်သတင်းမှာ လမ်းမတော်နယ်မြေတွင် ချက်ချင်းပျံ့ကားသွားသည်။ တဆင့်စကားက နိယာမထုံးစံအတိုင်း ဖြစ်စဉ်ထက်ပို၍ ကျယ်ကားသွားသည်။ အဲ့ဒီကစပြီး လမ်းမတော်ဖိုးတုတ်ဆိုသည့် လာမည်တစ်လုံး ဟိန်းထွက်လာခဲ့သည်။ လူမိုက်သွေးကြွ၊ ဇ ရှိသူတွေ သူ့ထံ ဗိုလ်ဝင်ခံလာကြသည်။ အဲ့ဒီအချိန်က လမ်းမတော်ဖိုးတုတ်နှင့် မရှေးမနှောင်းခေတ်ပြိုင် နာမည်ထွက်လာသူမှာ ဗိုလ်တထောင် ငမိုး။ ဗိုလ်တထောင်ငမိုးကလည်း ခေသူမဟုတ်။ မိုက်သွေးကြွသည့် နေရာတွင် ဇကြီးသူဖြစ်၏။

လမ်းမတော်ဖိုးတုန်ခေတ်ထလာသည့်အခါ မတ်စတီးခန်း မှေးမှိန်သွားသလို၊ ဗိုလ်တထောင်ငမိုး ခေတ်ထလာသည်တွင် မန်မဆာနာမည်ပျောက်သွားသည်။ မတ်စတီးခန်း၊ မန်မဆာ ဟူသည့် ကုလားလူမိုက်ကြီး နှစ်ယောက် နာမည်ကျော်ထွက်လာသည်။ နယ်မြေခြင်းက တခြားစီမို့ ဂူတစ်ဂူထဲ ခြင်္သေ့နှစ်ကောင် အောင်းသည့် ပြဿနာမပေါ်။ သူ့နယ်နှင့်သူ တစ်ဗိုလ်တစ်မင်း လွှမ်းမိုးကြီးစိုးခဲ့ကြသည်။ သူတို့နှစ်ယောက် နာမည်ကြီးတာ တူညီပေမယ့် စရိုက်လက္ခဏာချင်းတော့ မတူ။

လမ်းမတော်ဖိုးတုတ်က ကုလားလူမိုက်များ၏ ကြီးစိုးမှုကို မခံချင်သောကြောင့် လူမိုက်လောကထဲသို့ ၀င်ရောက်ခဲ့သူ။

ဗိုလ်တစ်ထောင်ငမိုးက ငယ်စဉ်ဘ၀ အခြေအနေယိုင်နဲ့ခဲ့ရာမှ ထင်ရာစွတ်လုပ်တတ်သော သူ၏ပင်ကိုပါ ညာဉ်ဆိုးကြောင့် လူမိုက်အဖြစ် အသိအမှတ်ပြုခံရသူ။

မောင်မိုး က စနေသား။

မောင်မိုးဆိုသောအမည်မှာ နေ့သင့်နံသင့် မှည့်ခေါ်သည့် "စုဠိ" အမည်မဟုတ်။

ချစ်စနိုးခေါ်ဝေါ်ရာမှ သေရာပါ နာမည်ဖြစ်သွားသည့် "အနတ္တသညာ" အမည်ဖြစ်၏။

ဗိုလ်တထောင်ဘုရားပွဲတွင် နာမည်ကြီးရုပ်သေးပွဲ ကပြနေသည်။

ထိုနေ့ညက ကပြမည်ဟု ကြော်ငြာထားသည့် ဇာတ်ထုပ်မှာ ငမိုးရိပ် မိကျောင်း ဇာတ်ထုပ်။

ရွှေပွဲလာ ပရိသတ်တို့အလွန်စွဲမက် ကြိုက်နှစ်သက်သည့်ဇာတ်ထုပ်။

နေ့စေ့ လစေ့ ကိုယ်ဝန်အရင့်အမာကြီး လွယ်ထားရသူ မဗုံဗုံမှာ ခင်ပွန်းဖြစ်သူနှင့် အိမ်နီးချင်း မိတ်ဆွေသင်္ဂဟများ တားမြစ်သည့်ကြားထဲက ၀ါသနာကို မတားနဲ့တော့ရှင်၊ မဗုံဗုံမှာ ပွဲခင်းထဲသို့ ရောက်နေခဲ့သည်။

ရှင်ဘုရင်နှင့် ၀န်ကြီးများ တိုင်းပြည်တည်ပြီး ကြပြီ။

ဗိုက်ထဲက တစစ်စစ်နာလာပေမယ့် မဗုံဗုံက အိမ်ပြန်ဖို့ လုံးဝစိတ်မကူး။

အဲသည့်အချိန် ခင်ပွန်းဖြစ်သူ ကိုဖိုးခင် ပွဲထဲသို့ ရောက်နေသည်။

သို့စေကာမူ သူတို့နှစ်ယောက်မှာ တစ်ကွဲတစ်ပြားစီ ရှိနေကြသည်။

ငမိုးရိပ်မိကျောင်းက လူယောင်ဖန်ဆင်းလျက် ရေခင်းသူမယ်ပွင့်နှင့် တွေ့ပြီး ကြည်နူးဆွတ်ပျံ့ဖွယ်ရာ နှလုံးသားစကားထာ ဖွဲ့နေချိန်အရောက် မဗုံဗုံဗိုက်ထဲက ကျွမ်းသူပုန်ထလာသည်။

မဗုံဗုံက ဇွဲတင်းကြည့်သေးပေမယ့် ပွဲခင်းထဲမှာ ဆက်နေလို့ မရတော့။

အဖော်များ အကူအညီနှင့် အိမ်ကို အသော့ ပြန်နှင်ခဲ့ရသည်။

အိမ်အရောက် ရေမြွာပေါက်ပြီး သားယောင်္ကျားလေး တစ်ယောက် လူ့ပြည်ရောက်လာသည်က စနေနေ့သို့ အ၀င် မနက်သုံးနာရီ။

ကိုဖိုးခင်မှာ အိမ်ပြန်မရောက်သေး။ ပွဲခင်းထဲမှာပင် ရှိနေသေးသည်။

ငမိုးရိပ်ဇာတ်ထုပ်ထဲမှ . .

"မောင်ကြီးရဲ့ နှမလေးတို့ တစ်ယောက်နဲ့တစ်ယောက် မမြင်ရ မတွေ့ရရင် မနေနိုင်အောင် ချစ်သူတွေ ဖြစ်ကြပေမယ့် မောင်ကြီးရဲ့ မျိုးရိုးဇစ်မြစ်ကို နှမလေးမသိသေးသမို့ နှမလေး သိပါရစေလားရှင် "

"နှမလေးသိချင်လှမှတော့ မောင်ကြီးက မပြောဘဲ နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ပြောရတော့မှာပေါ့။ မောင်ကြီးက ဟောဒီ ဗိုလ်တထောင် ခြင်ထောင်တန်းက ကျောက်ကုန်သည် မောင်မိုးပါ နှမငယ် "

အမှန်တော့ မင်းသားကြိုးဆွဲပြောလိုက်သည်မှာ ဇာတ်စကား မဟုတ်ပါ။

ဗိုလ်တထောင်တွင် ကပြနေသည့်ပွဲဖြစ်သမို့ ဗိုလ်တထောင် ပွဲကြည့်ပရိသတ်အကြိုက် ထွင်လုံးထုတ်၍ ဗိုလ်တထောင်ခြင်ထောင်တန်းက မောင်မိုးပါတဲ့ ဟု ပြောလိုက်ခြင်းဖြစ်၏။

ထိုအချိန်တွင် မဗုံဗုံမီးဖွားသတင်းပြောဖို့ ကိုဖိုးခင်ကို လာရှာသူနှင့် ကိုဖိုးခင်တို့ တွေ့ပြီး ကိုဖိုးခင် အိမ်ပြန်လိုက်လာသည်။

သားယောင်္ကျားလေးဆိုကတည်းက ကိုဖိုးခင်က သူ့သားနာမည်ကို ရွေးပေးလိုက်သည်။ အနွတ္တသညာနာမည်။

လူမိုက်ဟု အများက အသိအမှတ်ပြုလာသောအခါ ကိုတို့ ဦးတို့ ထပ်ကမတပ်ဘဲ စရိုက်နှင့် ညီထွေစွာ ဗိုလ်တထောင် ငမိုးဟု ခေါ်ခဲ့ကြသည်။

မောင်မိုးက ရုပ်ရည် ကြည်လင်သန့်ပြန့်သည်။

လူချောကြီးဟု မဆိုသပေမယ့် နှစ်လိုဖွယ်ရာ အဆင်းအင်္ဂါနှင့်ပြည့်စုံ၍ လူရည်သန့်သည်။ သတ္တိကောင်းသည်။ မဟုတ်မခံစိတ်ရှိသည်။

မတရားမှုကိုတွေ့လျှင် ကိုယ်နှင့် ဆိုင် ဆိုင် မဆိုင်ဆိုင် ပါဝက်ပတ်သက်တတ်သည်။ ဒါက ကိုမိုး၏ ပင်ကို စရိုက်။

ကိုမိုးက လမ်းမတော် ဖိုးတုတ်လို လူမိုက်လုပ်ဖို့ ရည်ရွယ်ချက် လည်းမရှိ။ အများက လူမိုက်အဖြစ် အထင်ရောက်လာသည့် အပြုအမူမျိုးကိုလည်း မလုပ်ခဲ့။ လူမိုက်သွင်ပြင် ဟန်ပန်လည်း မဆောင်ခဲ့။

လူငယ်ဘာဝ ချစ်သူအတွက် မခံချင်စိတ်ဖြင့် တဇွတ်ထိုး၊ တဇောက်ကန်း၊ လုပ်မိခဲ့ရာမှ လူမိုက်ဟု အသိအမှတ်ပြုခြင်းကို ခံလိုက်ရပြီး မကောင်းသော ဘ၀လမ်းကြောင်းပေါ်သို့ ရောက်ခဲ့ရ၊ လျှောက်ခဲ့ရသူဖြစ်၏။

မိခင်ဖြစ်သူက ဘိုကလေးဈေးထဲမှာ ငါးခြောက်မျိုးစုံ၊ ပုစွန်ခြောက် ဆိုင်ဖွင့်ထားသည်။

မောင်မိုးက မိခင်ဖြစ်သူထံသွားရင်း ဈေးထဲသို့ မကြာခဏရောက်သည်။

မမြသစ်တို့ သားအမိက ဆန်တန်းမှာ ဆန်ရောင်းသည်။

မိခင်ဖြစ်သူ၏ဆိုက်ကိုသွားတိုင်း မမြသစ်တို့ ဆိုင်ရှေ့က ဖြတ်သန်းရစမြဲ ရှိသည်။

ကိုမိုးကို တန်းတန်းစွဲခင်မင်သည့် စိတ်တူကိုယ်တူ ရင်ဘတ်ပေးပေါင်းသည့် သူငယ်ချင်းတစ်ယောက်ရှိသည်။

ဘဦး ခေါ် အလိန်။ အလိန်က သူဌေးသား။ မိဘတွေက ချမ်းသာသည်။ နိုင်ငံခြားပို့ ဆေးပြင်းလိပ်လုပ်ငန်းဖြင့် ကြီးပွားချမ်းသာခဲ့ကြသည်။

စစ်မဖြစ်မီကာလက ထိုလုပ်ငန်းမှာ ပေါ့ပေါ့သေးသေး လုပ်ငန်းမဟုတ်။ လုပ်ငန်းကြီး စာရင်းထဲ ၀င်သည်။

နိုင်ငံခြားမှ စီးကရက်ကို လူတိုင်း ဖောဖောသီသီ သောက်နိုင်သော်လည်း ဆေးပြင်းလိပ်ကိုမူ လူတစ်ရာမှာ ဆယ်ယောက်လောက်သော်မှ ပုံမှန်မသောက်နိုင်ကြ။

လုပ်ငန်းရှင် သူဌေးကြီးများသာ သောက်နိုင်ကြသည်။

အလိန့်မိဘများပို့သည့် ဆေးပြင်းလိပ်များမှာ ရောင်းတန်းဝင်၍ လူကြိုက်များပြီး ဈေးကောင်းရသည်။

အလိန်က သွေးချင်းလေးယောက်တည်းမှာ တစ်ဦးတည်းသော ယောင်္ကျားလေး၊ သူ့ကိုမွေးပြီး စီးပွားပိုတတ်လာသောကြောင့် အရမ်းအလိုလိုက်ထားသည်။ ရွှေလက်ပတ်ကြိုး၊ စိန်လက်စွပ်၊ ရွှေကြိုးကိုပင် အရွယ်နှင့် မလိုက်အောင် ဆင်ပေးထားသည်။ မုန့်ဖိုးဆိုလည်း လက်ဝါးဖြန့်တိုင်း ရနေသည်။

အဖေကတလှည့်၊ အစ်မနှစ်ယောက်က တစ်လှည့်ဖြင့် အလျှံပယ် ရနေသည်။ ရှေးရေစက်ကြောင့်လားမသိ။ အလိန်က မောင်မိုးကို အရမ်းခင်သည်။ တန်းတူ ရည်တူ ပေါင်းသည်။ အ၀တ်အစားကအစ မောင်မိုးကို ၀ယ်ခြမ်းပေးသည်။ မောင်မိုး လူမိုက်မဖြစ်ခင်ကတည်းကပင် သူတို့နှစ်ယောက် ပေါင်းသင်းမှု မှာ ခိုင်ကြည်ခဲ့သည်။

မောင်မိုးကို တစ်ယောက်တည်း မတွေ့ရတတ်သလို၊ အလိန်ကိုလည်း တစ်ယောက်တည်း မတွေ့ရတတ်။

သူတို့နှစ်ယောက်မှာ အမြဲတမ်း တပူးတွဲတွဲ ရှိကြသည်။

မောင်မိုး မမြသစ်တို့ ဆိုင်ရှေ့ ဖြတ်သွားတိုင်း မကြာခဏဆိုသလို မျက်လုံးချင်း ဆုံချိန်ခဲ့ရာမှ သွေးသစ်တက်စ မမြသစ်၏ ရုပ်ပုံလွှာမှာ မောင်မိုး၏ မျက်စိထဲတွင် စွဲထင်သွားသည်။

တစ်ယောက်က လူပျိုပေါက်စ၊ စိတ်ကစားတတ်စအရွယ်၊ တစ်ယောက်က အပျိုဖျန်း၊ စိတ်သဝေထိုးတတ်စအရွယ်။

မမြသစ်ကလေးက အချောအလှကြီး မဟုတ်ပေမယ့် ဖြူဝင်းသော အသား၊ အပြုံးလှသော သွားတတ်ကလေးနှင့် ရိုးရိုးယဉ်ယဉ် အလှရိပ်ထင်သည်။

မောင်မိုးကလည်း ရုပ်ရည်မခေ။

လူချောတစ်ယောက်မဟုတ်ပေမယ့် မိန်းကလေးတို့ စိတ်ဝင်စားသည့် ရုပ်ဆင်းအင်္ဂါ ပြည့်စုံသည်။

အလိန်ကလည်း မောင်မိုးကို တင့်တယ်လျောက်ပတ်သော အဆင့်ထက်သာလွန်သည့် ၀တ်စားဆင်ယင်မှုကို ပံ့ပိုးပေးရုံမက ရိုးကုန်တိုက်မှာရောင်းသည့် ဆယ့်လေးကျပ်တန် အယ်လ်ဂျင် ရွှေရောင် နာရီကလေးတစ်လုံးကိုပါ ၀ယ်ပေးခဲ့သည်။

တောင်းမှာ အကွပ်၊ လူမှာ အ၀တ် ဆိုစကားအတိုင်း မောင်မိုးကလည်း လူလတ်တန်းစား သားသမီးများ ၀တ်ဆင်မှုအဆင့်ကို မီအောင် ၀တ်ဆင်နိုင်ခဲ့သည်။

မောင်မိုးက အခွင့်အရေးရတိုင်း မမြသစ်အပေါ် စိတ်ဝင်စားမှုကို မျက်လုံးအထာနှာင့်တစ်မျိုး၊ နှလုံးသားပုံရိပ်အမူအရာနှင့် တစ်သွယ်၊ စကားပြော အပြုံးအမျိုးမျိုးဖြင့် တစ်ဖုံ ချစ်နေမိကြောင်း သိပါစေကြောင်း ပြသခဲ့သည်။

တစ်ခါတရံသာ နှုတ်ခမ်းစူဝန်းသည်က လွဲလို့ မမြသစ်မျက်နှာ မလွှဲ။

သူမဘက်ကလည်း လိုက်လျော အထာသဘောကို အပျိုဖျန်းကလေးတို့၏အတတ်ပညာဖြင့် တုန့်ပြန်ခဲ့သည်။ ထိုမှတဆင့်တက်၍ ချစ်သ၀ဏ်လွှာပါးသည်။ ဟင့်အင်း အမူအယာ ပြပေမယ့် ဆန်တောင်းထဲက စာခေါက်ကလေးကို လျှင်လျှင်မြန်မြန် လက်ကစား၍ ယူလိုက်သည်။

သူတို့နှစ်ယောက်ကြားမှာ နားလည်မှုအပြည့်အ၀ရှိသွားကြသည့်နောက် မောင်မိုးဆိုင်ရှေ့မှာ ရပ်ခွင့်ရသွားသည်။ နေ့ခင်း ဈေးရောင်းပါးချိန်တွင် မမြသစ်အဒေါ်က အိမ်ခဏပြန်တတ်သည်။ နေ့စဉ်တော့ မဟုတ်။

အဒေါ်ဖြစ်သူ အိမ်ပြန်သောနေ့မျိုးတွင် သူတို့နှစ်ယောက် အပြုံးချင်းချိတ်၍ စကားဖလှယ်ကြသည်။ စကားကြွယ်ကြသည်။

ချစ်တတ်သူတို့ အပေးအယူမျှကြပြီဆိုတော့လည်း ကြည်နူးရွှင်မြူးစရာတွေ အပြည့်အသိပ်ပေါ့။ တစ်ခါတရံတော့လည်း စိတ်သဘောမတွေ့စရာ မကြည်သာစရာ စိတ်အနှောင့်အယှက် ဖြစ်စရာကလေးတော့ ကြားဝင်လာတတ်သည်။

မောင်မိုး ကျောင်းမှန်မှန် မတတ်သည့် ကိစ္စအတွက် မကျေမနပ်ပြောလာသည်။ ဆိုင်ကို မလာဖို့ တားမြစ်စကားပြောလာသည။် သူပြောသည်ကို နားမထောင်ဘဲ တစ်ဘက်လှည့်ပြီး စိတ်ကောက်နေတတ်သည်။

မောင်မိုးကလည်း မောင်မိုးမို့ ပြောစရာ ဖြစ်နေသည်။


(ဆက်လက်ဖော်ပြပါမည်)

လမ်းမတော် ဖိုးတုတ် အကြောင်း

 
ဒုတိယကမ္ဘာစစ် မဖြစ်မီက ရန်ကုန်မြို့နေသူ အများ၏ ပါးစပ်ဖျားတွင် ရေပန်းစားအပြောများခဲ့သည့် လူပုဂ္ဂိုလ်တစ်ယောက်ရှိခဲ့သည်
။  သူသည် လူ့ပတ်ဝန်းကျင်ကို အကျိုးပြုသည့်လုပ်ရပ်များလုပ်ခဲ့သူတစ်ယောက် မဟုတ်စေကာမူ ခေတ်ကာလအလျောက် ထူးခြားသော သူ၏လုပ်ရပ်ဖြစ်စဉ်များကြောင့် သူ၏အမည်နာမမှာ ဟိန်းထွက် ကျော်ဇောလို့ လာသည်။  သူ၏လုပ်ရပ်ဖြစ်စဉ်များမှာ ကောင်းရိပ်ဘက်သို့ အလေးမသာသည့်အလျောက် မကောင်းသတင်းဆိုးများနှင့် ယစ်ထွေးခဲ့သည်။  နာမည်ကြီးသောလည်း နာမည်မကောင်း။  ကောင်းသောနှင့် ကျော်ကြားထင်ရှားခြင်းသည် နှစ်လိုဖွယ်ဖြစ်သော်လည်း မကောင်းရိပ်ထင်သော ကျော်ကြားခြင်းသည် နှစ်လိုဖွယ်မဟုတ်ပေ။  ကောင်းသတင်းနှင့်ကျော်ဇောထင်ရှားသူမှာ အသတ်သေသော်လည်း အမည်မသေ။ မကောင်းသတင်းနှင့် ကျော်ဇောထင်ရှားသူမှာ သူမသေခင်ကတည်းက နာမည်သေသည်။ ကောင်းသောပုံရိပ်ထင်သူများ၏ ဘ၀နိဂုံးသည် အနားသတ် မကောင်း။ အကျည်းတန်သည်။  သို့စေကာမူ ..  ခေတ်ရေစီကြောင်း အခြေအနေအရသူ့ကို အလေးထားနေရာပေး၍ ဆက်ဆံရသည်။  ကွယ်ရာမှာ ဘာတွေပဲပြောပြော ဘယ်သို့ပင် နှာခေါင်းရှုံ့ ရှုံ့၊ ဘယ်လိုပင် မဲ့ရိပ်ပြေး ရှေ့တင်ဆိုတော့ သူ့အကြောင်း မကောင်းသတင်း ဆိုဝံ့သူမရှိ။  နှာခေါင်းရှုံ့ရဲသူမရှိ။ မဲ့ရိပ် ထင်ရာသူမရှိ။  နှစ်လိုဖွယ် အရိုးရိပ်တင်ပြလျက် ကြည်ကြည်သာသာ အမူအရာဆောင်ပြီး လိုလိုလားလားဟန်ထင်၍ ဆက်ဆံကြရသည်။  သူ့အရှိန်အ၀ါက သည်လောက်ပင်ကြီးထယ်သည်။  ခေတ်ရေစီးကြောင်းအခြေအနေအရ စီးပွားရေးအချက်အချာကျသည့်နယ်မြေကြီးတစ်ခုလုံးမှာ သူ၏စိုးမိုးမှု သြဇာသက်ရောက်မှအောက်မှာ ရှိခဲ့သည်။  ရန်ကုန်မြို့၏ အုပ်ချုပ်ရေးနယ်ပယ်ကို တရားဝင်အုပ်ချုပ်နေသည့် ပုလိပ်အဖွဲ့ကြီးရှိသော်လည်း ပုလိပ်အဖွဲ့ကြီး၏ သြဇာသက်ရောက်မှုမှာ သူ၏ သြဇာသက်ရောက်မှုလောက် မထိရောက်ခဲ့။  ပုလိပ်အဖွဲ့ကြီးက ဥပဒေနှင့်အညီ အုပ်ချုပ်သည်။  သူက ဥပဒေကို မျက်နှာလွှဲခဲပစ်လုပ်ပြီး အုပ်ချုပ်သည်။  အဲဒီခေတ်က ရန်ကုန်မြို့ကို သုံးပိုင်းခွဲ၍ ဒီ-၀ိုင်-အက်(စ်) ခေါ် မျက်နှာဖြူ ရဲဝန်ထောက်သုံးယောက်က အုပ်ချုပ်သည်။  ရန်ကုန်အရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်း။ ရန်ကုန်အလယ်ပိုင်းကို ပုလိပ်အဖွဲ့က အုပ်ချုပ်ထားသည်။ သူက စိုးမိုးကိုင်တွယ်ထားသည်။ နယ်စားပယ်စားလုပ်နေသည်။ လူမိုက်ဘွဲ့ခံ လမ်းမတော် ဖိုးတုတ်။  အင်္ဂလိပ်များအုပ်စိုးသည့် ကာလတွင် လူမိုက်ခေတ်တစ်ခေတ် ထွန်းကားခဲ့သည်။  လူမိုက်ခေတ် ထွန်းကားလာအောင် သူတို့ကပင် လုပ်ပေးခဲ့သည်။  လူမိုက်ကို ကြားခံအဖြစ်ထား၍ လူလူချင်း ဗိုလ်ကျစိုးမိုးသည့် စနစ်ကို ဖန်တီးပေးခဲ့သည်။  ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့်နည်း။  ဒါ့ကြောင့်လည်း လမ်းမတော်ဖိုးတုတ်မှာ ငွေရွှင်သော နယ်မြေကို တရားဝင် အပိုင်စားရထားသူတို့နှယ် စိုးမိုးချယ်လှယ်နိုင်ခဲ့ခြင်းဖြစ်သည်။  အင်္ဂလိပ်တို့ အုပ်စိုးစဉ်ကာလတလျှောက်လုံး ဒုတိယကမ္ဘာစစ်ဖြစ်သည်အထိ လမ်းမတော်ဖိုးတုတ်၏ ကျော်ဇောသတင်းမှာ လျှမ်းလျှမ်းတောက်ခဲ့ခြင်းဖြစ်၏။  လမ်းမတော်ဖိုးတုတ်က တပည့်အသိုင်းအ၀ိုင်း အားကိုးနှင့် မိုက်သူ မဟုတ်။  သူကိုယ်တိုင်လည် လုပ်ရဲ ကိုင်ရဲ သတ္တိရှိသည်။  တပည့်တပန်းအသိုင်းအ၀ိုင်းကောင်းကိုလည်း ရွေးတတ် မွေးတတ်သည်။  သြဇာညောင်းအောင်လည်း အကိုင်အတွယ် ကျင်လည်သည်။  မလှုပ်ရဲ၊ မလှန်ရဲအောင်လည်း နည်းမျိုးစုံသုံး၍ ထိန်းထားနိုင်စွမ်း ရှိသည်။  ဒါတင်မက ပြေလည်အောင် ဆက်ဆံရမည့် အသိုင်းအ၀ိုင်းနှင့် ဆက်ဆံရာတွင် အထာကျွမ်းသည်။  အချိုကြိုက်သူ အချို၊ အချဉ် ကြိုက်သူ အချဉ်။ ချဉ်ငန်စပ်ကြိုက်သူကို ချဉ်ငန်စပ်။  ဘာကြိုက် သူဖြစ်သည်ကို အကဲဖမ်းကျွမ်းသလို အကြိုက်ကိုလည်း ပေးစွမ်းနိုင်သည်။  ငွေရေး ကြေးရေး အပေးအကမ်းလည်း ရက်ရောသည်။  အဲဒီအရည်အချင်းတွေကြောင့်လည်း လမ်းမတော်ဖိုးတုတ်မှာ လူမိုက်သတ်တမ်းရှည်ကြာခဲ့ခြင်းဖြစ်၏။  လူမိုက်ခေတ်အစ၊ မတ်စတီးခန်းမန်မဆာတို့က ဟု ဆိုစမှတ်ပြုရအောင် ရန်ကုန်မြို့၏ လူမိုက်စိုးမိုးရေးကို သူတို့က စတင်ခဲ့ကြသည်။  မြန်မာလူမိုက်ခေတ်မရောက်မီက ကုလားလူမိုက်ခေတ်။  ထိုစဉ်ကာလက ရန်ကုန်မြို့လယ်တွင် မြန်မာလူမျိုးများ အနေနည်းသည်။  ကုလားနှင့်တရုတ်များသာ အနေများသည်။  မြန်မာလူမျိုးများမှာ ရေကျော်၊ ပုဇွန်တောင်၊ စက်ဆန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ် စသော ထိုထိုကာလ မြို့ဆင်ခြေဖုံးဟု ဆိုရမည်သော ရပ်ကွက်များတွင်သာ အနေများသည်။  အဓိကစီးပွားရေးလုပ်ငန်းများမှာလည်း ကုလားနှင့်တရုတ်တို့လက်ထဲတွင်ရှိသည်။  အထူးသဖြင့် ကုလားလူမျိုးများ စီးပွားရေးလုပ်ငန်း အတော်များများကို စိုးမိုးချုပ်ကိုင်ထားသည်။  ကုလားလူမျိုးစီးပွားရေးလုပ်ငန်းရှင်များနှင့်သူတို့လူမျိုးများကို မြန်မာလူမျိုးများ၏အနှောင့်အယှက်ပေးခြင်းမှ ကာကွယ်ရန် မြန်မာလူမျိုးများ သူတို့နယ်မြေထဲသို့ ၀င်ရောက်ဗိုလ်မကျစေရန် ရည်ရွယ်ချက်ဖြင့် ကုလားလူမိုက်ခေတ်ကို ထူထောင်ခဲ့ကြသည်။  ကျော်ဇောထင်ရှားသည့်ကုလားလူမိုက် ခေါင်းဆောင်မှာ မတ်စတီးခန်း။  လူက မောင်ထော်လေးလမ်းမှာ နေထိုင်သည်။  ချမ်းသာသော စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်၍ ထိုစဉ်ကာလ နယ်ချဲ့တို့၏အုပ်ချုပ်ရေးအသိုင်းအ၀ိုင်းတွင် ၀င်ဆန့်သူဖြစ်သည်။  ရန်ကုန်ပုလိပ်မင်းကြီးအထိ ပေါက်ရောက်သည်။  မက်စတီးခန်းက စတီးဘရားသားနှင့်ဆက်နွယ်သည့် စပါးအရောင်းအ၀ယ်လုပ်ငန်းကြီးကို လုပ်ကိုင်နေသူ။  စပါးသယ်ယူပို့ဆောင်ရေးလုပ်ငန်း၏ အဓိကကျသည့် စီ၊ ဘီ များ ပိုင်ဆိုင်သူ။  ကမာရွတ်တွင်ရှိသည့် မတ်စတီးဈေးကြီးကို ပိုင်ဆိုင်သူ။  ကြည့်မြင်တိုင် ဈေးကြီးလမ်းဟု အစွဲပြုခေါ်ဝေါ်ရသည့် စူရတီဘဇားဈေးကြီး၏အစုရှယ်ယာ ပိုင်ရှင်။  အစဦးပိုင်းက သူ၏လုပ်ငန်းများကို အကာအကွယ်ရဖို့အတွက် ကုလားလူမိုက်များကို လက်သပ်မွေးထားခဲ့သည်။  ထိုမှ တစ်စတစ်စ တပည့်တပန်းတွေများလာပြီး လူမိုက်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံလာရသည်မှ နေရာတကာတွင် သြဇာသက်ရောက်မှုကို မိန့်မောလာသည်။  ကုလားသူဌေးများထံမှ လက်ဆောင်ပစ္စည်းအစ ဆက်ကြေးပါပေးပြီး သူ၏အကူအညီကို ရယူလာကြရသည်။  နေရာတကာမှာ ၀င်ဆန့်သူဖြစ်လာသည်။ ထိုအပေါ်တွင် သာယာမိန့်မောလာသည်။ တကယ်တော့ သူက ကိုယ်တိုင်လုပ်ရဲ၊ ကိုင်ရဲ သတ္တိကောင်း၍ ထင်ပေါ်လာသူဖြစ်လာသည် မဟုတ်။  တပည့်တပန်း အသိုင်းအ၀ိုင်းကောင်းခြင်းနှင့် အုပ်ချုပ်သူအပိုင်းအထိ ၀င်ဆန့်သောကြောင့် ထင်ပေါ်လာသူ ဖြစ်လာသည်ပါ။  စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း) မှ သိမ်ကြီးဈေးအထိ သူ့ပိုင်နက်နယ်မြေဖြစ်လာသည်။  သူကြီးစိုးထားသည့် နယ်ပယ်အဖြစ် ထင်ရှားလာသည်။ မတ်စတီးခန်း၏ အရှိန်အ၀ါမှာလည်း တောက်ထင်လာသည်။ သူ၏ အမည်မှာ အကျော်ဒေးယျ ဖြစ်လာသည်။  အုပ်စိုးသည့်အင်္ဂလိပ်တို့က သူတို့၏စစ်ဗိုလ်ကြီးအမည်ကို အစွဲပြု၍ ပေးထားသည့်လမ်းအမည်သည်ပင် သူ၏အမည်နှင့်အစားထိုးအသိအမှတ်ပြုခံလာရသည်။  အင်္ဂလိပ်တို့ပေးထားသည့် လမ်းအမည် "စတင်းမောင်ထော်လေးလမ်း"  နောက်ပိုင်း လူအများ၏အသိအမှတ်ပြု ခေါ်ဝေါ်လာသည့်လမ်းအမည်မှာ "မတ်စတီးလမ်း "  သူနေထိုင်သည့်လမ်းကို သူ၏အမည်ဖြင့် အခေါ်အဝေါ်ပြုလာသည့်အထိ သူ၏အရှိန်အ၀ါ တောက်ထည်လာသည်။  သူက အနေအထိုင် အလွန်ထည်ဝါသည်။ ဂျိမ်းစဘွန်းဇာတ်ကားတွင်ပါဝင်သည့် ရွှေဦးထုပ်မျိုးကို သူက အဲ့ဒီကတည်းက ဆောင်းခံသူပါ။  တကယ် ဟုတ် မဟုတ်ဆိုသည်ကိုတော့ အတိအကျ မပြောနိုင်။  ရွှေဦးထုပ်ဆောင်းသည်ဟု ပြောစမှတ်စကား ဖြစ်တည်ခဲ့သည်။  သူညနေဘက် လေညင်းခံထွက်သည့်အခါ မြင်းလေးကောင်တပ်ဒေါက်တပ်ရထားကြီးစီး၍ လေညင်းခံထွက်သည်။  ထိုခေတ်က မော်တော်ကားစီးနိုင်သည်ထက် ဒေါက်ကပ်စီးနိုင်သည်ကပို၍ ဂုဏ်ရှိန်မြင့်ထည်သည်။ မော်တော်ကားထက် မြင်းလေးကောင်တပ်ဒေါက်တပ်က ပို၍ စရိတ်က ကြီးမြင့်သည်။  လူအများ၏ အာရုံစိုက်ခြင်းကို ပိုမိုခံရ၍ အထင်ကြီးမှုကိုလည်း ပို၍ ခံရသည်။  သူ၏ဒေါက်ကပ်မောင်းသူမှာ မဟာရာဂျာစော်ဘွားများ ၀တ်စားဆင်ယင်ပုံမျိုး ၀တ်ဆင်၍လည်းကောင်း၊ ဥရောပတိုက်သားတို့၏ ခန့်ထည်သော ၀တ်စားဆင်ယင်ပုံမျိုး ၀တ်ဆင်၍လည်းကောင်း ၀တ်စားဆင်ယင်ပြီး မောင်းရသည်။  ဒေါက်ကပ်မောင်းသူကား အဲဒီလောက် ထည်ဝါနေမှတော့ ဒေါက်ကပ်စီးသူ ဘယ်လောက် ထည်ဝါနေလိမ့်မည်ကို အထူးပြောစရာမလိုအောင် ထည်ဝါနေလိမ့်မသည်သာပါ။  တစ်ခါတရံ အမိုးဖွင့်ကားကို စီး၍လည်း ကန်တော်ကြီးကို ပတ်၍လည်း လေညှင်းခံတတ်လေ့ရှိသည်။  လူမိုက်ဘွဲ့ခံ မတ်စတီးခန်းက အဲဒီလိုမျိုး အနေအထိုင် ထည်ဝါသူဖြစ်၏။ တောင်းမှာအကွပ်၊ လူမှာ အ၀တ် ဆိုရိုးစကားရှိသည်။ သူက ငွေဖလားကို ရွှေနားကွပ်အဆင့်၊ ထိုထက်သာလွန်၍ ရွှေဖလားကို စိန်နားကွပ်သူပါ။  မတ်စတီးခန်းနှင့်ခေတ်ပြိုင်လူမိုက်ဘွဲ့ခံ ကုလားသူဌေးမှာ မန်မဆာ။  မန်မဆာက မတ်စတီးခန်းလောက် နာမည်သတင်း အရှိန်အ၀ါကြီးသော်လည်း ရန်ကုန်အရှေ့ပိုင်းမှာ သူကလည်း တစ်ဗိုလ်တစ်မင်း လုပ်နေနိုင်သူဖြစ်၏။  သော်မဆင်မှာ တိုက်တာနှင့်အကျအန နေသည်။  ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ရထားလုံးအများအပြား ပိုင်ဆိုင်သည်။  ခေတ်အခါလိုက် ဂုဏ်ရည်လည်သူများ နေထိုင်သည့် သော်မဆင်နှင့် ဗိုလတစ်ထောင်မှာ အငှားချထားသည့် တိုက်တာအိမ်ခြေများ ပိုင်ဆိုင်သည်။  ရန်ကုန်မြို့ထဲမှာ ပြေးဆွဲနေသည့် ရထားလုံးလုပ်ငန်းအတွက် တပည့်လူမိုက်မွေးရင်းကနေ နောက်ပိုင်း ကိုယ်တိုင် လူမိုက်ခေါင်းဆောင်ဖြစ်လာသူ။  မတ်စတီးခန်းလောက် မကျော်ကြားပေမယ့် မန်မဆာဆိုသည့် နာမည် အသိအမှတ်ပြုခံရလောက်အောင်တော့ ထင်ပေါ်ခဲ့သည်။ လမ်းမတော်ဖိုးတုတ်လူမိုက်ဘွဲ့ခံခဲ့သည်မှာ စတီးစကင်းခန်တို့ မန်မဆာတို့နှင့်ဆက်နွယ်သော အကြောင်းအခြေခံလည်း ပါသည်။ ကုလားလူမိုက်များ ရန်ကုန်မြို့ကို ခါးဆောင်းတင်ပြီး စိုးမိုးခြယ်လှယ် နေသည်ကို ဖိုးတုတ်က မခံချင်။ မြန်မာလူမျိုးတွေ သွေးမကောင်းလို့ သတ္တိနည်းလို့ သူတို့က ဗိုလ်ကျခွင့်ရနေတာလား။  မြန်မာလူမိုက်တွေ ရှိပါလျက်ကနဲ့ ကိုယ့်ရပ်ကွက်လောက်မှာဘဲ နယ်ကျဉ်းခံပြီး နေနေတာ သူတို့အရှိန်အ၀ါကို ကြောက်လို့လား။  မတ်စတီးခန်းတို့ နယ်မြေထဲကို ဘာလို့ မတိုးရဲတာလဲ။  လမ်းမတော်ဖိုးတုတ်က ဒါကို မကျေနပ်ခံပြင်းသည့် စိတ်ဓါတ်အခြေခံနှင့် လူမိုက်လောကထဲသို့ တိုးဝင်ခဲ့ခြင်း ဖြစ်သည်။ မတ်စတီးခန်း၏ ညာလက်ရုံးနာမည်ကြီး ကုလားလူမိုက် တစ်ယောက် ဖြစ်သူ မာမွတ်ကို စပြီးဖြိုခဲ့သည်။ ပန်းဆိုးတန်းနှင့် မဂိုလမ်းကြား နယ်မြေမှာက မာမွတ်ကို ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရသည်။ မာမွတ်က မတ်စတီးခန်း လက်ထက်မတိုင်မီကတည်းက လူမိုက်အဖြစ် ကြီးစိုးနေသူ။  နောက်ပိုင်း မတ်စတီးခန်းက လက်ရုံးတပည့်အဖြစ် မွေးလိုက်ရာမှ ဆရာဖြစ်သူ၏အရှိန်အ၀ါနှင့် ပို၍ ဇက်ရဲ လက်ရဲ ဗိုလ်ကျစိုးမိုးလာသည်။  ကိုဖိုးတုတ်က နောင်သူ့တပည့်ဖြစ်လာသူ သောင်းတင်ဆိုသူနှင့် နှစ်ယောက်ပေါင်းပြီး မာမွတ်နယ်မြေ ပန်းဆိုးတန်းသို့ ၀င်၍ မူလီခေါင်းတပ် ကြိမ်တုတ်နှင့် မှတ်လောက် သားလောက်ဖြစ်အောင် နှက်ခဲ့သည်။  မာမွတ်က သူ့ကို ဘယ်သူဝင်နှက်သွားမှန်းပင် မသိလိုက်။ ကိုဖိုးတုတ်ကလည်း နာမည်မခံ။ ခံလို့လည်း မဖြစ်။ မတ်စတီးခန်းက ပုလိပ်အဖွဲ့အပေါ် သြဇာသက်ရောက်မှ ရှိနေသောကြောင့် နာမည်မခံရဲ။  ထို့ကြောင့် . . .  ကိုဖိုးတုတ်က ပေါ်ထင်ရေးကို ဦးမတည်ဘဲ လုပ်စရာရှိတာကို သိုသိုသိပ်သိပ် ပိပိရိရိ လုပ်ခဲ့ခြင်းဖြစ်၏။  ခံလှည့်မရှိ။  လုပ်လှည့်သာရှိခဲ့သည့် မာမွတ်မှာ မမျှော်လင့်ဘဲ ခံချက်နှင့် ကြုံတွေ့လိုက်ရသည့်အခါ ဖျားသွားသည်။  ဗိုလ်ကျသည့် ထီမထင်လုပ်ရပ်များ အရှိန်တန့်သွားသည်။  လမ်းမတော်ဖိုးတုတ်က သည်နည်းဖြင့် သူတို့အုပ်စုဝင် လူမိုက်များက တစ်ယောက်ပြီးတစ်ယောက် ဖြိုခဲ့သည်။.(. အပိုင်းများခွဲ၍ ဆက်လက်ဖော်ပြပါမည်) ဗေဒါလမ်း ဖေ့ဘုတ်မှ

Monday, April 1, 2013

ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော်လူပုဂ္ဂိုလ်များ၏ အတွေး အမြင်


 
(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်။
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)

(၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်း မဟုတ်ဘဲ၊ တပည့်သာဝကတို့ကို အသိညဏ် အလင်းရရှိစေရန် တရားဟောခြင်း ဖြစ်သည်။ (စာရေးဆရာတစ်ဦး)

(၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြားသကဲ့သို့ပင်ြ...ဖစ်သည်။ (စာရေးဆရာတစ်ဦး)

(၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် လက်၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)

(၅) သတ်ပစ်လိုက်
ခန္ဓာကိုယ်ကို သတ်ပစ်ခြင်းသည် အကျိုးမရှိပါ၊ ခန္ဓာကိုယ်က အပြစ်ကျူး လွန်ခြင်း ကိစ္စမှာ တာဝန်မရှိပါ၊ မသိမိုက်မဲစိတ်ကသာ အပြစ်ကို ကျုးလွန်၍ တာဝန်ရှိသူဖြစ်တယ်၊ မသိမိုက်မဲမှုလျင် လူသတ်သမားအစစ်ဖြစ်ပါတယ်။
ဒါ့ကြောင့် မသိမိုက်မဲမှုကိုသာ သတ်ပစ်ရမယ်၊ ကြိုးပေးရမယ်၊ ဘယ်လို သတ်ဖြတ် ကြိုးပေးရမလဲ? လူသတ်သမားကို သစ္စာ ပညာ ဗုဒ္ဓဒေသနာတရား ဟောကြားပြီး မိုက်မဲမှု မသိမှုကို ပယ်သတ်ပြစ်နိုင်တယ်။ (မဟတ္တမဂန္ဒီ - Gandhi)

(၆) အနာဂါတ်ဘာသာတရားက သဘာဝလောကဓာတ်တခွင်လုံးအတွက် အဖြေပေးစွမ်းနိုင်သော အယူဝါဒတစ်ရပ်သာဖြစ်ရလိမ့်မည်။ အနှီးဘာသာသည် ပုဂ္ဂလအဓိဌာန်အယူအဆဖြင့် ဖန်တီးတီထွင်ထားသော ဖန်ဆင်ရှင်တရားနှင့် မသက်ဆိုင်စေသင့်။ တစ်ယူသန်အစွဲအလမ်းများနှင့် ယင်တို့မှ ပေါက်ဖွား ခဲ့သော အကိုးအကြောင်းဆက်ပညာကိုလည်း ကျော်လွှားလွန်မြောက် ရလိမ့်မည်။ ထိုဘာသာတရားသည် သာဘာဝလောကဓာတ်(ရုပ်တရား)နှင့်တကွ နာမ်တရာများကို လွှမ်းခြုံ၍ ဒိဌဓမ္မဖြင့် အဓိပ္ပါယ်ပြည့်ဝသော ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိရပေလိမ့်မည်။ ဗုဒ္ဓဘာသာသည် ထိုအရည်အချင်းများနှင့် ပြည့်စုံသည်ကို တွေ့ရ၏။ မျက်မှောက်ခေတ် သိပ္ပံပညာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်းသော ဘာသာတရား တစ်ခုရှိသည်ဆိုပါလျင် ထိုဘာသာတရားက ဗုဒ္ဓဘာသာဖြစ်လိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)

(၇) ကမ္ဘာပေါ်တွင် မည်သည့် ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည် ဆိုခြင်းကို မပြောလျှင်မဖြစ် ပြောပါဟု သင်ကကျွနုပ်အား တိုက်တွန်းခဲ့သော် ကျွနုပ် စိတ်ပါလက်ပါ စာနာထောက်ထားသော အားဖြင့် "ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်" ဟု မဆိုင်းမတွ အဖြေပေးရမည် ဖြစ်ပါသည်။ (ရာဘင်ဒြာနတ်တဂိုးလ် - Rabindranath Tagroe)

(၈) ဗုဒ္ဓ၏ကြီးမားသော အနှစ်နာခံမှု၊ စွန့်လွတ်မှုနှင့် ဘဝ၏သန့်ရှင်း စင်ကြယ်မှုတို့ဖြင် ဟိန္ဒူဝါဒအပေါ်တွင် မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ် တစ်ခုကို ထားရစ်ခဲ့ပြီး ဟိန္ဒူဝါဒသည် ထိုမြတ်သောဆရာအား အနန္တကျေးဇူး ကြွေးများ ပေးဆပ်ရန် ရှိနေပေသည်။ (မဟတ္တမဂန္ဒီ - Gandhi)

(၉) အကယ်၍ ပြဿနာတစ်ခုခုဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓဟောကြားခဲ့သည့် လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ
ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင်ရပေသည်။ (နေရူး - Nehru)

(၁၀) ဗုဒ္ဓ၏ အဆုံးအမများသည် ဟိန္ဒူဝါဒတွင် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်အကျုံးဝင်နေသည်ဟု ကျွနုပ်ဆင်ခြင်ယူဆမိပါသည်။ အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဝါဒအပေါ် ဂေါတမဗုဒ္ဓ က မည်ကဲ့သို့ ကြီးမားစွာ ပြောင်းလဲစေခဲ့သည်ကို မည်သို့မျှ ပြန်လည်စူးစမ်းရှာဖွေရန် မဖြစ်နိုင်တော့ချေ။ (မဟတ္တမဂန္ဒီ - Gandhi)

(၁၁) သန့်ရှင်းသော နည်းနာနိဿယနှင့် မြင့်မြတ်သောသင်ကြားမှုများမှာ တစ်စုံတစ်ရာသော အယူဝါဒကြီး တစ်ခုကမျှ အလွမ်းသင့်အောင် မဆောင်ရွက် နိုင်သဖြင့် ဗုဒ္ဓဘာသာမှ ကူးယူကြရပေသည်။ (အိပ်ခ်ျဂျီဝဲလ် - H.G. Wells - ဗြိတိသျှသမိုင်းပညာရှင်)

(၁၂) ရှင်တော်ဗုဒ္ဓ --- အရှင်ဘုရားဟောကြားတဲ့ ဒေသနာမှာရှိတဲ့ တခြား အရာတွေထက် အကြောင်းအရာ တစ်ခုအတွက်နှင့်ပဲ တပည့်တော် အရှင် ဘုရားရဲ့ တရားဒေသနာတော်ကို လေးစားမြတ်နိုးလှပါသည်။ အဲဒီအကြောင်း အရာဟာ ဘာလဲဆိုရင် တရားဒေသနာမှာ ပါတဲ့ အရာဝတ္ထုအားလုံးဟာ ပြတ်သားနေခြင်းဖြစ်ပါတယ်။ သူ့အလိုလိုပင် ထင်ရှားနေခြင်း ဖြစ်ပါတယ်။ (ဟာမန်ဟက်စ် - ၁၈၈၇ - ၁၉၆၂ )

(၁၃) ပြစ်မူကျူးလွန်သူသည် ဘုရားသခင်ထံ တောင်းပန်အသနားခံရန် ဆုတောင်းဝတ်ပြုကြိုးစားမူတို့ဖြင့် အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်နိုင် သည် ဟု ဗုဒ္ဓဝါဒီတို့က မယုံကြည်ချေ။ (ဂျွန်ဝေါလ်တားစ် - John Walters)

(၁၄) စိတ်ချမ်းတာစေတာက
ကျွနုပ်တို့ တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမူ ဝိုင်းဝိုင်းလည်နေသည့် ကြားတွင် စိတ်ဓာတ်ရေးရာ အားဖြင့် ချွတ်ခြုံကျနေကြ ရပါသည်။ ရုပ်ဝတ္ထုကြွယ်ဝ သော်လည်း စိတ်ချမ်းသာမူ ကင်းသော အခြေအနေတွင် စိတ်၏ချမ်းသာမူ အမှန်တကယ်ရရန်အတွက် ဗုဒ္ဓ၏ကျင့်စဉ်ကို ကျင့်ကြံအားထုတ် ကြည့်ဖို့ သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမူကို အမှန်တကယ် ဖြစ်စေနိုင်သည်။ (ဂျွန်ဝေါလ်တားစ် - John Walters)

(၁၅) သက်ရှိ သတ္တဝါများကို မညှင်းဆဲရန် နတ်ဘုရားများထံဝယ် ဆုတောင်း ပတ္တနာပြုခြင်း၊ ဘုန်းတော်ဘွဲ့များရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ် ရန် ဗုဒ္ဓသည် လူ့သမိုင်းတွင် အဦးဆုံး
အပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။ (Prof. Phys Davids)

(၁၆) ဗုဒ္ဓ၏တရားတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများ ရှိနေသည်ထက်ပို၍လိုအပ်သောအချိန်ဖြစ်သည်။ (နေရူး - Nehru)

(၁၇) ကမ္ဘာပေါ်ရှိ ဘာသာတရားတီထွင်သူ ခေါင်းဆောင်အများစုမှာ မဟာခရီးသည်များ ဖြစ်ကြသည်။ ဘာသာတရားခေါင်းဆောင် ဓမ္မနာယက များထဲတွင် အကျင့်သိက္ခာ၊ ပညာညဏ်၊စဉ်းစားညဏ်၊ စိတ်နေသဘောထား အရာတို့၌ အမြင့်မြတ်ဆုံး ဖြစ်သည့် ဗုဒ္ဓသည် ခရီးသည် ဘုရင် ဖြစ်သည်။ (ရာဟုလာသံ ကစ္စည်း)

(၁၈) လူမှုဒုက္ခ သုက္ခအရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးတရားဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပို၍လိုအပ်ပေသည်။ (နေရူး - Nehru)

(၁၉) ဗုဒ္ဓမြတ်စွာတွင် ဒေါသအလျှံ ထွက်သောအခါဟူ၍ မည်သည့်အခါမျှ မရှိချေ။ ဘုရားရှင်၏ နှုတ်တော်မှ အကြင်နာမဲ့သော စကားထွက်ပေါ်လာသည် ဟူ၍ မည်သည့် အခါမျှ မရှိပေ။ (Dr. S. Radhakrishnan)

(၂၀) ရှည်လျားလှသည့် သမိုင်းကြောင်း တစ်လျှောက်တွင် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အခြားဘာသာဝင်များကို ညှင်းပန်းနှိပ်စက်မှုဟူသော မှတ်တမ်း မှတ်ရာ တစ်စုံတစ်ရာမျှ မရှိပါပေ။ (ပါမောက္ခရီးစ်ဒေးဗစ် - Prof. Rhys Davids )

(၂၁) ဘာသာကို ကျုပ်လက်ခံ ယုံကြည်နိုင်ခြင်း မရှိပါ၊ သို့သော် ကမ္ဘာ့ ဘာသာကြီးများ အနက် တစ်စုံတစ်ခုသော ဘာသာကို လက်ခံရန် အကြောင်း များ ပေါ်ပေါက် လာခဲ့သော် မိမိလက် ခံနိုင်မည့် ဘာသာတရားမှာ " ဗုဒ္ဓဘာသာ" ဖြစ်ပါသည်။ (Bertrand Russell, English Philosopher)

(၂၂) ဗုဒ္ဓဝါဒသည် ယုံကြည်မှုထက် သိမှုနှင့် ရှုမြင်မှုကိုသာ အဓိကထားသည်။ ဗုဒ္ဓ၏ သွန်သင်ဆုံးမမှု (တရားတော်) များသည် "ဧဟိ ပဿိကော လာလှည့် ရှူလှည့်" ဟုဖိတ်ခေါ်ခြင်းကိုသာ ပြု၍လာပြီး ယုံကြည်လော့ ဟုမဆိုပေ။ (ဆရာတော် ဒေါက်တာ ဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)

(၂၃) ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဆိုင်ရာ ဘုရားသခင် (သို့) နတ်ဘုရား များ၏ ကူညီမှု မြူတစ်စိမျှမပါဘဲ လူတိုင်းကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောက် ရေးကို ကမ္ဘာ့သမိုင်းတွင် အဦးဆုံး ထုတ်ဖော်ကြေငြာခဲ့သည်။ (Prof. Eliot)

(၂၄) နှလုံးသားမှာ ချမ်းသာစေတဲ့ တရားမရှိလျှင် စည်းစိမ်ဥစ္စာ မည်မျှပြည့်စုံ စေကာမှု ချမ်းသာနိုင်မည်မဟုတ်ပေ။ (ဒလိုင်လားမား - Dalai Lama)

(၂၅) လွတ်လပ်မှု မပေးစွမ်းနိုင်တဲ့ အမိန့်ဟာ ညှင်းဆဲနှိပ်စက်မှု ဖြစ်သွား နိုင်တယ်။ အမိန့်မပါတဲ့ လွတ်လပ်မှု ဟာလည်း ဖရိုဖရဲ ဖြစ်သွားနိုင်တာပဲ။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် လွတ်လပ်မှုကိုလည်း ပေးစွမ်းနိုင်ရမယ်။ ဖရိုဖရဲဖြစ်မှုကိုလည်း ကာကွယ်နိုင်စွမ်း ရှိရမယ်။ (ဒလိုင်လားမား - Dalai Lama)

(၂၆) ဤအရာ လူသားသစ်ပင်မှာ နှစ်ပေါင်းကုဋေ့ကုဋေ့တစ်ကြိမ်သာပွင့်ခဲ့တာ ပညာရနံ့ မေတ္တာပျားရည်စက်များလောကကို ပြည့်ဝစေတာ လူသား ပန်းတစ်ပွင့်ပါ။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)

(၂၇) ဗုဒ္ဓဘာသာနှင့် ခေတ်သစ် သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန် နီးကပ်ဆက်စပ်စွာ တည်ရှိနေကြောင်း ကျွန်ုပ်မကြာမကြာ ဆိုခဲ့ပြီး ထပ်ခါ တလဲလဲ ပြောဆိုပါဦးမည်။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)

(၂၈) ဗုဒ္ဓဝါဒသည် လောကနှင့်ဘဝ ၏ တကယ်ပကတိ အဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား သဘာဝဓမ္မအတိုင်း ရှုမြင်သော ဝါဒဟု ဆိုရပေမည်။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)

(၂၉) များသောအားဖြင့် ဘာသာရေးဆရာ များသည် ၎င်းတို့၏တပည့်များကို အခြားဘာသာများနှင့် စပ်ဆိုင်သည့် ကျမ်းစာများ၊ အယူဝါဒများ၊စာပေများကို ဖတ်ရှူလေ့လာခွင့် မပြုဘဲ တားမြစ်ကြသည်။ ဗုဒ္ဓဝါဒတွင် ဤအဖြစ်မျိုး လွန်စွာ နည်းပါးပေသည်။ (ဖရခန္တီပါလော)

(၃၀) စွမ်းရည်သတ္တိ ဘယ်လောက် သိမ်ဖျင်းသူ ပင်ဖြစ်ပါစေ တရားတော်ရဲ့ တန်ခိုးကြောင့် သတ္တိဗျတ္တိ ပြည့်ဝလာစေ ပါတယ်။ အညံ့စားလူတစ်ဦးကို အတော်ဆုံး လူဖြစ်လာစေတာဟာ တရားတော်ရဲ့ ဂုဏ်ကျေးဇူးတော် ကြောင့်ပါပဲ။ (ဂိုအင်ဂါ - SN Goenka)

အရှင်သုခမိန္ဒ (စဝ်ဆုခမ်း) နှင့်  အရှင်ဝိဇယ ရေးသားပြုစုထားသော " ဗုဒ္ဓအနု ပညာပြခန်း " စာအုပ်မှ