Sunday, February 9, 2014

တညလုံး မအိပ်ခဲ့ရတဲ့ ညကြီးရဲ့ ကောင်မလေး

(၁)

ကျွမ်းကျင်လွန်းလှတဲ့ ဝက်သတ်သမား
နံကြားက လှံကို ဆွဲအနှုတ်
အဲဒီနှုတ်ချက်ဟာ အသက်ပါလှချည်ရဲ့
မင်းကလေးအကြည့်
ဒီက တညလုံး မအိပ်ခဲ့ရတဲ့ ညပါကွယ်။

ခုတော့
မြင်းတွေ မြင်းပေါက်စတွေ
အကောင်တရာလောက်
ငါ့ရင်အုံကြီးထဲကနေ
ကဆုန်ပေါက်ခုန်ထွက်
ငါ့နှလုံးသားခမျာ ဖုန်ပူပူထဲလဲကျ
လူးလဲထ
အဲသည် ဒရယ်မျက်လုံးလဲ့လဲ့ကလေးကိုလေ
တထောင့်ထဲ စုကပ်ပြီး မကြည့်လိုက်ပါနဲ့
ဧရာဝတီတမြစ်လုံး
ငါသောက်မိပါလိမ့်မယ်ကွယ် ...။

(၂)

လာပြီ
မောင်းပြန်ဓားခလုတ်ကို နှိပ်လိုက်သလို
ထပ်ခနဲ
မြည့်နေတဲ့ အကြည့်
ငါ့ရင်ခေါင်းကြီးထဲ
အောင့်ကနဲ ပူကနဲ
ငုံထားမိ ချောကလက်
ရာဘာတုံးကြီးဖြစ်သွား
အသာကလေး အသက်ရှူအောင့်ထားခိုက်
နောက်ထပ်ဓားရောင် လက်ကနဲ
ဒင်းကလေး မျက်လုံးတချက်
သတိ
ကင်မရာခလုတ်ကို နှိပ်ချဖို့ မမေ့နဲ့
လက်ကနဲ ဝင်းပ
ဖလက်ရှ်ဂန်း ကျွမ်းသွား
ဒီမှာ
အလိုလိုနေရင်း သကြားတွေ
အရည်ပျော်ကုန်ရပါပြီကွယ်။

သည်မှာ
တို့ဆေးနဲ့ တို့ခံလိုက်ရသလို
မတ်တတ်ကြီး
ဝိုက်လက်သီးတွေ မေးရိုးပေါ်
ဆင့်ဆင့်ဝင်လာ
ဖျောက်ကနဲ
မှောက်သွားရပါပြီကွယ်
‘ဒိုင်း’ ကနဲ မိုးပေါ်ပျံတက်
‘ဒိုင်း’ ကနဲ ချောက်ထဲပြုတ်ကျ
မြေကြီးနဲ့ မထိခင် ပြန်ထိလုလုမှာ
ကြက်သွန်ခင်းပေါ် လူးလိမ့်ပေးလိုက်ရ
အို ... အိစက်ညက်ညော
ငါဟာ
တညလုံး မအိပ်ခဲ့ရတဲ့ ညကြီးပါကွယ်။

ခုတော့
ဓားရေးကျွမ်းသူ ဓားသမား
လျှပ်လက်သလို ဓားစွမ်းစွမ်းနဲ့
ခုတ်ချ
ထက်ပိုင်းပြတ်ကျသွားတာမှန်ပေမယ်

လဲကျဖို့ မေ့ခဲ့သူ
ငှက်ပျောပင်တပင်ဖြစ်ခဲ့ရပါပြီကွယ် ...
မင်းကလေး ဘယ်သူလဲ
ဘုရား ... ဘုရား ...
ဟောဒီ ငါ့ရင်အုံကြီး
ကုန်ကုန်ခမ်းခမ်းပါကွယ် ...
မင်းကလေး ဘယ်သူလဲ
ဘုရား ... ဘုရား .....
ငါ့မှာ
ပေါင်မုန့်ဝယ်သွားရင်း ပေါင်မုန့်ဖြစ်
ငါ့မှာ
လက်ဖက်ရည်ဝယ်သွားရင်း
လက်ဖက်ရည်ဖြစ်ရပေါ့ ...
မင်းကလေး ဘယ်သူလဲ
ဘုရား ... ဘုရား ...
ငါ့မှာ
“လယ်ထွန်သွား နွားမေ့” ဆိုစကား
ဘယ်ကလိမ့်မလဲ
နွားကို ငေါက်မယ့် ကိုယ့်အသံကိုယ်တောင်
သည်မှာ မေ့ကျန်မယ့်ကောင်ပါကွယ် ...။

အသက်ရှူမဝသလိုလို
အပမီလိုက်သလိုလို
အိုကွယ်
တိမ်တွေအားလုံး ငါ့ကိုယ်ပေါ်
ပြိုကျသလိုလိုပါကွယ်
အချစ်ကလေးရယ်
ငါ့လည်ပင်းကြီးကို ခင်းပေးလိုက်ပါ့မယ်ကွယ်
မင်းရဲ့ခြေထောက်အလှကလေးတစုံနဲ့
နင်းလျှောက်လိုက်ပါတော့
အဲဒီအချိန် ...။

ငါ့ ခပ်မျှဉ်းမျှဉ်း အသက်ရှူသံလေးကအစ
မင်းကို ချစ်နေမိပါပြီကွယ်
သူများ မိန်းကလေးတွေ မတတ်စွမ်းဘူး
လျှပ်တစ်ပြက်မင့်အပြုံး
ဝတ်မှုန်ကူး
အတိအကျ အပိုင်ပြုံးချက်တွေ
ရှောင်တခင်ပြုံးချလိုက်တဲ့
အပိုင်ပြုံးချက်တွေ
အဲဒါက ... ကွန်တဲ့လား
ဟောသည်က
တညလုံး မအိပ်ခဲ့ရတဲ့ ညကြီးက
ကွန်ထဲက ငါးပေါ့
ချစ်တယ်ကွယ် ...။

လက်ကလေးကို ဝှေ့ရမ်းပြီး
တယ်လီဖုန်း နီနီရဲရဲလေးကို
စွေ့ကနဲ ဖမ်းကိုင်လိုက်ပုံဟာလေ
လှလွန်း၊ လှပြီးရင်းလှလွန်း
ချစ်တယ်ကွယ် ...။

သက္ကလပ်ဦးထုပ်အညိုကလေး ခပ်စွေစွေဆောင်းလို့
မထေမဲ့မြင်ဟန် မျက်နှာရစ်သမ်လေးနဲ့
ပခုံးသားကို လှိုင်းကြက်ခွပ်တွေ တွန့်သလို
တွန့်တွန့်ပြီး စကားပြောတတ်တဲ့
မင့်ကိုယ်ဟန်အထည်ကလေး
ငုံထားပစ်လိုက်ချင်တော့တာပဲ
ချစ်တယ်ကွယ် ...။

ဆောင်းဦးပေါက် ခွေးပေါက်စလေးတွေ
နို့ဆာလို့ ချမ်းလို့
တအိုင်အိုင်
မင်းကလေးကို မမြင်ရရင်လေ
(ဆောင်းဦးပေါက် ခွေးပေါက်စလေးတွေလို)
ငါ့မလည်း တအိုင်အိုင်ရယ်ပါ
ချစ်တယ်ကွယ် …။

အလကားနေရင်း
သွားတိုက်ဆေးကို ဖျစ်ဖျစ်နေတော့တာပဲ
ချစ်တယ်ကွယ် ...။

တက်သစ်စ ကျွန်းကလေးလို အုံ့ဆိုင်းဝေဆာ
မို့မောက်ဖောင်းကားနေ မင်းကိုယ်လုံးကလေးမှာ
အပျိုစင်သွေးကလေးတွေ
ပတ္တမြားရည်လို
တဖျပ်ဖျပ် စီးလည်နေတာ
အဲဒါကလေးကိုလည်း
သည်က
တညလုံး မအိပ်ခဲ့ရတဲ့ ညကြီးက
ချစ်တယ်ကွယ် ...။

မင်းရယ်လိုက်တော့
လီမွန်ဘာလီရည် သောက်လိုက်ရသလိုပဲ
ချစ်တယ်ကွယ် ...။

အမေရေ ...
သင်းကလေးရဲ့ လှဂုဏ်ရည်ကြောင့်ရယ်
မနေနိုင်တဲ့ သားရင်အုံကြီးကြောင့်ရယ်
ချစ်မိတယ် ...
မိချောင်းကျောက်ခက်ပန်းရုံလို
မင့်ဆံပင်အုံကလေး
အမွှေးဖွားဖွား ရှဥ့်ကလေးများ
သစ်ရွက်သစ်ခက်ပေါ် ဆော့ကစားသလို
မင့်လည်တိုင်ပေါ် လှုပ်ရှားလို့
ချစ်တယ်ကွယ် ...။

ဂျွိုင်းဂျက်ကက်ကလေးနဲ့
တောရိုင်းပန်းပွင့်လိုဟန်နဲ့
စက်ဘီးပေါ် မင့်ကိုယ်ထည်ကလေး
ဝေ့ကနဲ ဝဲပျံတက်လိုက်တာများ
ငါ့တကိုယ်လုံး
သုံးသိန်းထီတွေ ပေါက်ကုန်ရပါပြီ
ချစ်တယ်ကွယ် ...။

တလုံးချင်း ခုတ်မောင်းနေတယ်
တလုံးချင်း
တလုံးချင်း
ခုတ်မောင်းနေတယ်
မင့်ရင်အုံ မင့်တင်သားတွေ
တလုံးချင်း ခုတ်မောင်းနေတယ် ...
ဟောသည်ကမ္ဘာကြီးပေါ်မယ်
ဘယ်လိုမြစ်တွေက ရေစီးကြမ်းသတဲ့လဲ
ငါ ထမ်းရ ထမ်းရပါကွယ်
မင်းကိုချစ်တယ် ...။

ငါလာမယ်
မင့်ချစ်ဝတ်မှုန်အိမ်ကလေးဆီ
အဲဒီ ကျောက်ကျောတုံတုံကလေးလို
မင့်နှုတ်ခမ်းသားတုံတုံကလေးဆီ
မင့်ကိုချစ်တယ် ...။

အသည်းနှလုံးကို ခလုတ်တိုက်
မင်းကလေး
အား ...
ပင်နယ်ဆလင် အလုံးတရာ ထိုးထားသလို
နာလှချည်ရဲ့ ...
မင့်နာမည်ကလေး ခေါ်နေလိုက်လို့
ငါ့မှာလေ
ရထားမမီ ကားမမီ
လေယာဉ်ပျံမမီ
သေခြင်းတရားမမီ
မမီဘူး
ဘာမှမမီတော့ပါဘူးကွယ် ...။

အကျင့်မရှိဘဲ ဝိတ်မပြီး နောက်တနေ့
တကိုယ်လုံး နာကျင်ကျန်ရစ်သူလို
တဘဝလုံး ...။

ယူပါကွယ်
လည်ဆွဲမဟုတ်ဘူး
ပုတီးကုံးကလေးမဟုတ်ဘူး
ဆွဲခြင်းကလေး
ငါ့အသည်းနှလုံးကို ထည့်ဆွဲသွားဖို့
ဆွဲခြင်းကလေးပဲ
ယူသွားပါကွယ် ...။

ကမ္ဘာကြီးရေ ...
ကျနော်လည်း မှားတော့မယ်
သူ့အသီးက အလွန်ကို ထွားပါတယ်
ချစ် ... ချက် ... ချောက်
ချစ် ... ချက် ... ချောက်
ချစ် ... ချက် ... ချောက်
ချစ် ... ချက် ... ချောက်
လာနေပြီ
လာနေပြီ
လှပသူသစ်ပင်ကလေး
တပင်လုံး
တအုံလုံး ရွှေ့လာနေပြီ
အဝေးမြင်ကွင်းပေမယ့်
ထင်လင်းလှချည်ရဲ့ ...။

ငါဟာ
နာရီအိုကြီးတလုံးထဲက မြည်သံဖြစ်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
တက်ကလောက်
ငါ့ရင်အုံပေါ် ငါ့ရင်အုံကြီးပေါ်
မြင်းပြိုင်ကွင်းလို သဘောထား
တက်ကလောက်
တက်ကလောက်
သူကလေး လာနေပြီ ...။

ငါ့ရင်ထဲမှာ
တက်ကလောက်
နီးလာပြီ
နီးလာပြီ
တဖြည်းဖြည်း
မနှေးမမြန်ကလေး
မမြန်မနှေးကလေး
ငါဟာ ကောင်းဘွိုင်လို မြင်းစီးသမားဖြစ်
ဒိန်းတပ်တပ်
ဒိန်းတပ်တပ်
ဒိန်းတပ်တပ်
ဒိန်းတပ်တပ်
ငါဟာ ဒရမ်မာ (ဗုံတီးသမား) ဖြစ်ခါ
ငါ့ရင်အုံ ငါ ပြန်တီးမိ
လောကကြီး ချက်ချင်းလင်းပေးသွား
လောကကြီး ချက်ချင်းမှောင်လိုက်
လောကဓာတ်ကြီး ချက်ချင်းလင်းပေး
ငါ့အချစ်မှာ
ညမရှိဘူး ...
ဘယ်ဘဝက သွေးလည်း
သိလား
သင်းကလေးကို ချစ်မိ
အညတရပါ ...။

မင်းကလေးရဲ့ ရင်၊ တင်၊ ခါး
အတိုင်းအတာဖြင့်
ဂရင်းနစ်စံတော်ချိန်ပေါ့
မင်းကလေးရဲ့ ရင်ဘတ်ကြယ်သီးတွေ
ထွားလွန်း
တလမ်းလုံး မွှေးသွားတယ်
မင်းကိုယ်နံ့တွေကြောင့် လမ်းမှာ
မွှေးခွင့်ရ
လာပြီ
သင်းကလေး လာနေပြီ ...။

ဆံပင်ကလေး ခါလိုက်တာ
ကဗျာ
မင်းကလေး တချက်ပြုံးလိုက်တာ
ငါ့လယ်ယာထွက်သီးနှံတွေ
အကုန်လုံးဖွံ့ထွားကြီးမားကုန်ရပါပြီ၊
မင်းကလေးဟာ
ပွဲတော်ထဲက မြို့ကလေးပါ
မင်းကလေးမျက်ခွံပေါ်
ငါ နေခိုပါရစေတော့
မင်းဆံပင်ကလေးနမ်းပြီးမှ
အသက်ရှင်ရမယ့်သူပါကွယ်
ချစ်တယ် ...။

ဟော ...
ကောက်နေတဲ့လမ်းတွေ ဖြောင့်သွားပေါ့
လာနေပြီ
ငါ့နွေဦးပေါက်အသစ်စက်စက်ကလေး
လာပြီ
လာပြီ
ငါ့နွေဦးပေါက်ကလေးလာနေပြီ
ပန်းပွင့်သံတစီစီ
ပေါက်ပွင့်သံ ဒိုင်းကနဲ
ငှက်အမျိုးမျိုးပျံဝဲပုံနဲ့ သစ်ရွက်တွေ
ဝဲပျံကြ
အသီးသစ် အရွက်သစ်တွေ
ပျားရည်ရွှဲကြလို့
အလင်းလှ
အလင်းပြေပြေ ချောချောကလေး
ပျားအုံဘရန်ဒီအရက်ကလေးထွေထွေနဲ့
တောက်စား
အဲသလို နွေဦးပေါက်ကလေး
အဲသလို နွေဦးပေါက်သင်းကလေး
လာနေပြီ ... ...။

မိန်းမဆိုတာ
သည်လိုဝပ်အား
ခပ်များများနဲ့မှပေါ့ ...
ခြေသဲကလေး ဝိုင်အိုလက် ပန်းခရမ်းရောင်
ခြေထောက်အုအုကလေးမှာ
ရွှေလိမ္မော်သီးဖိနပ်နဲ့တင့်
သစ်တောစိုက်ခင်းတခင်းလို
ခြေသလုံး ဝ၀ကစ်ကစ်မှာ
မွှေးညင်းနုကလေးတွေစီရီ
လေက ပွတ်သပ်လိုက်တိုင်း
စီးချက်ညီညီက ...။

ပြီးရင်
မြင်ရမှာက
ရွှေပိုးကောင်ဂုတ်သားအရောင်လုံချည်
လှိုင်းအိလို့
သင်းကလေး ပေါင်သားပေါ်အိလို့ ...။

ပြီးရင်
စရွေးကိုက်ပြီး
ရွှေဘော်ထိုးပြီး
ပါလစ်သုတ်ပြီး
ပွတ်လုံးလို
လုံးကျစ်ဝန်းဖုတဲ့
တင်သားတင်းတင်းကလေး
ရွလို့ ...။

ပြီးရင်
ခါးကလေး
ခါးသားကလေး
ခါလို့ ...။

သည်ခါးကလေးပဲဖြစ်မှာ
သည်ကမ္ဘာကြီးကို ဆွဲကိုင်လှုပ်ရမ်းခဲ့တာ
သည်ခါးကလေးပဲဖြစ်မှာ
သည်ကမ္ဘာကြီးကို တဒီးဒီး လည်စေခဲ့တာ
သည်ခါးကလေးပဲဖြစ်မှာ
သည်ကကောင်ကြီးရဲ့ အသည်းကိုလေ
ခဲကလေးလို
ရေပေါ်ရှပ်ရှပ်ပစ်ကစားတာ
သည်ခါးကလေးပဲ
သည်ခါးကလေးပဲ
သိပ်သေချာပါတယ်
အဲသည်ခါးကလေးပဲပေါ့ ...။

ရေကျချိန်
မို့မောက်ပြီး ခုံးခုံးကလေး ကျန်ရစ်ခဲ့
ထွန်းသစ်စ သောင်ခုံမို့မို့လို ရင်သား
တင်းလို့
အဲသည်ဝင်းပရင်သားအထက်မှာပေါ့
ဂျက်လေယာဉ်တွေ
ဂျက်လေယာဉ်တွေ
တစီးပြီး တစီး
ပျက်ပျက်ကျရာ
မျက်နှာလွင်ပြင်လေး
ဝင်းပ ...။

ဟုတ်တယ်
သင်းကလေးမျက်နှာဟာ
နှလုံးသားဂျက်လေယာဉ်တွေ
တစီးပြီး တစီး
ပျက်ပျက်ကျရာ လွင်ပြင် ...။

အမေရေ ...
အမေ့သားမလဲ
သင်းကလေး မျက်နှာလွင်ပြင်ပေါ်
ဘဝတခုလုံး
ပျက်ကျရ လေယာဉ်တစီးပေါ့ ...။

မိုးစပ်စပ်ကလေးရွာပြီးကာစ
နေရောင်အဝါက
စပေါ့လိုက်တခုလိုထိုးပြထား
ငုပင်
သည်ငုပင်က ငုပွင့်ငုဖတ်တွေ
တဖြာဖြာခါဆင်းပုံမျိုး
သင်းကလေး
လှမ်းလျှောက်လို့ လာနေခဲ့ပြီ ...။

ဒါဟာ
ငါ့နွေဦးပေါက် အသစ်စက်စက်ကလေးပေါ့
ဒါဟာ
ငါ့ဂေါ်ဖီခင်း ထွေးထွေးထပ်ထပ်ကလေးပေါ့
ဒါဟာ
ငါ့အသည်း ပလုတ်တုတ်ဖြစ်ပုံ ရှုမျှော်ခင်းကလေးပေါ့ ...။

အမေရေ ...
၁၆ အောင်စ အလေးချိန်ရှိတဲ့
သားရဲ့နှလုံးသားလေးဟာ
သူကလေးလှုပ်ကစားမှ
ပျော်ရတဲ့
သူ့လက်ထဲက
ပလုပ်တုတ်ကလေးဖြစ်နေရတာ
ဘယ်ရှေးကုသိုလ်ဆက်လဲဟင် ...။

“ဒါက ဘာလဲ”
(သင်းကလေးအသံလေ)
လက်ကလေးနဲ့ ပွေ့ယူလိုက်သလိုပေါ့
“ဖိတ်စာ”
(ငါ့အသံလေးပါ ...
အကြောက်တရားနဲ့ မွေးဖွားလာသမို့
အသံဖြစ်ရုံတင်လေးပေါ့ ...)
“ဖိတ်စာ ... ပါ”
“ဖိတ်စာ ... ပါ”

“ပေး”
(သင်းကလေးအသံပါ)
ငါ့သောတာရုံတခုလုံး
ပန်းရုံတရုံဖြစ်သွား ...။

ငါ့အသည်းနှလုံး ငါ့ဘဝ
မင်းမျက်ဝန်းလေးထဲ
ပစ်ထည့်မိ။

ပြန်ဆွဲနှုတ်ကြည့်တော့
အသည်းနှလုံးရော ဘဝရော
တခုမှပြန်ပါမလာတော့ဘူး ...။

မြေပဒူအောင်း တွင်းထဲ
ခြေထောက်ကျွံကျခဲ့သူ မုဆိုးခမျာ
ပြန်ဆွဲနှုတ်တော့
ခြေထောက်ပြန်ပါမလာတော့သလိုလေ
ဒါပေမယ့်
ချစ်တယ်ကွယ် ...။

ငါ့အိတ်ကြီးထဲ
ငါ့အက်ႌထဲ
အချစ်တွေပါတယ် ...။

ငါ့အသားတွေ ပွတ်သပ်တိုက်ခတ်သွားတဲ့လေမှာတောင်
အချစ်တွေပါတယ် ...။

ငါ့အဆုတ်ထဲ
အချစ်တွေ ပြည့်ဖောင်းလို့
အချစ်တွေနဲ့
ငါ့အဆုတ်ကြီး ပြည့်ဖောင်းလို့ ...။

သင်းကလေး
တသွင်သွင်စီးဆင်းပုံဟာ
တသက်လုံး ငါ့မှာ ချစ်မှားယွင်းခဲ့
အလကားပါ
ဘဝတလျှောက်လုံးလောက် ချစ်မှားယွင်းသင့်တာပေါ့ ...။

မြောက်ဥက္ကလာဟိုးမားက
ငါ့မိတ်ဆွေ ဖိနပ်ချုပ်သမားလေးရေ ...
ငါ့အသည်းနှလုံးကို ပေးပို့လိုက်ပါရဲ့
အလှဆုံး ဖိနပ်ကလေးတရံ
အမြန်ဆုံးချုပ်ပေးပါ
သူကလေး စီးဖို့ပါကွယ် ...။

တယ်လီဗေးရှင်းထဲမှာလည်း
ငါ မင်းကို ရှာတယ်
တယ်လီဖုန်းလေးထဲမှာလည်း
ငါ မင်းကို ရှာတယ်
မိုက်ကရိုဝေ့စလောင်းကြီးထဲမှာများ
မင်းကိုယ်ရိပ် ကိုယ်ရောင် ရှိမလား
ငါမော့ကြည့် အနံ့ခံမိတယ်။

ဆ.သ.ရ ကိုလည်း
အကြောင်းကြားထားပါတယ်
သူကလေးကိုတွေ့ရင်လေ
အမြန်ဆုံးသတင်းပို့ပါလို့ ...။

အလှဆုံး ဇာပန်းကွက်ကလေးတွေ
တခုပြီး တခု
ငါ့စိတ်ရဲ့ပိတ်သားပေါ်
မင်းတိုးဖွဲခဲ့ပါလားကွယ် ...။

သစ်ကြားသီးလေး ပူနွေးနေပုံဟာလေ
မင်းကိုယ်ထည်အနွေးဓာတ်ကလေးလား
သစ်ကြားသီးလေး စားမိတုန်းအခါ
ငါခံစားရပုံများ
ဖရိုဖရဲ အုတ်ပုံတွေလို
ငါ့မှာ
“အင်ထရိုပီ” တွေ မြင့်ကုန်ရပါပြီကွယ် ...။

ခဲတန်ချွန်စက်ထဲက ထွက်လာစ
ခဲဆံလို
ကိုက်ခဲပါကွယ်
အဲသည် သွားထက်ထက်ကလေးတွေနဲ့
ငါ့အသည်းနှလုံးကိုလေ
ကိုက်ခဲပါကွယ် ...။

အို ... ဘာဖြစ်လို့များ
မင်းညကို ငါချစ်မိပါလိမ့်
ဒါ ငါ မမျှော်လင့်ခဲ့ဘူး
ဒါ မျှော်လင့်လို့ မဟုတ်ခဲ့ဘူး
လုံးလုံးမဟုတ်ခဲ့ဘူး
ထူးဆန်းလှချည့် ...။

ဒါ ငါမသိခဲ့
ငါ့နှလုံးသား ဘာဘီကျူမီးဖိုဖြစ်
လှိုင်းသစ် ဝင်ပြေး ပင်လယ်ရင်ခွင်
ဘယ်သူသိသလဲ
ဘယ်လောက်ကောင်းတယ်ဆိုတာ ...။

စိတ်ကူးယဉ်နေတုန်း ရင်ဘတ်ပေါ်
ကြွက်ပေါက်စ နီနီရဲရဲလေးတွေ
ရုတ်တရက်ပြုတ်ကျ
လန့်ခုန်
အူတွေယားလို့
ငါ့မှာ အူတွေ အထပ်ထပ်ယားလို့ ...။

စိတ္တဇဆေးရုံကုတင်ပေါ်မှာတဲ့
ငါ့ကို လူတွေကပြောကြ
ဘယ်ဟုတ်ရမလဲ
ငါဟာ မေတ္တာလမ်းပေါ်ရောက်နေတာပါ
အိမ်နံပါတ်က
၁၅၀ဝ လေ ...။

လူတွေဟာ ခက်ပါတယ်
သည်လောက်ရိုးရိုးစင်းစင်းလေးတောင်
မသိကြချေဘူး
ခက်တယ် ...
အိပ်မက်တွေ ခြောက်ဆင့်မက်
ညကျရင် အိပ်မက်ထဲမှာ
တဝကြီး သင်းကလေးနဲ့ ...။

အချစ်နဲ့ပတ်သက်ရင်
နပိုလီယံဆိုတဲ့ကောင်ဟာ
ငါ့ဘယ်မီမလဲ
မြို့တွေရွာတွေ
တမြို့ပြီး တမြို့ရပေမယ့်
သိတယ်မှုတ်လား
သင်း ချစ်သူ ဂျိုးဇက်ဖင်းဆီတော့
နပိုလီယံဟာ ကျဆုံးခဲ့တယ်မှုတ်လား ...။

ငါကတော့
ငါ့ချစ်သူလေးလက်ထဲ
မြို့တွေရွာတွေ
အကုန်လုံး ပုံပေးထားတဲ့ကောင်
ဘယ်ကောင် ယှဉ်ရဲသလဲ ...။

ညည အိပ်မရဘူးကွယ်
အိပ်ခန်း ခန်းစည်းလေးကို လေတိုးတိုင်း
ကြည့်စမ်း
မင်းအပြုံး အရမ်းပဲမွှေးလာ
ကောင်းကင်ကို မော့ကြည့်တော့
မင်းအပြုံးတွေ
ကောင်းကင်အပြည့်
အသည်းလေးရယ်
မင်းကလေးဟာ လမင်းအသစ်ပါကွယ် ...။

သိပြီ သိပြီ
မင်းလေးကြောင့်
သည်ကောင် ရင်ခုန် မိုးလုံးပြည့်
ငါ့ချစ်စိတ်တွေ လွှင့်ပစ်မရတော့ဘူး
ဆိုး ...
သွားနှုတ်ဆရာက
မနာမကျင်အောင်
ကျွမ်းကျွမ်းကျင်ကျင် သွားနှုတ်ပုံမျိုးခံရ
သွားတပြုံလုံး ကုန်သွားပေမယ့်
ငါ့မှာ
သွားတွေရှိသလို အားကုန်ပြုံးမိ
ပစ်ရက်စရာ မရှိအောင်ပဲ
ငါ့အဖြစ်ကဆိုး
ချစ်တယ်ကွယ် ...။

မိုးအသစ်တွေ ရွာသွန်းဖြိုး
ရေသစ်တွေ မြစ်ဖြစ်
ဒါ ငါ့ရင်ခွင်လေ ...။

အဆုံး
အဆုံးရဲ့အဆုံး ခုံးခုံးပေါ်မှာ
ဒါ ဘယ်သူ့ကောင်းကင်တဲ့လဲ
ဝင်းပ
ဝင်းပ မင့်အပျိုရည်ကလေး
ဘယ်လဲ
ဘယ်ရောက်သွားပြီတဲ့လဲ
အဲဒါဟာ
အပင်ပေါက်သွားပြီလားကွယ် ...။

ဟေ့
ကောင်းကင်ပြာလေး
ငါ့ကို တခုခုပြောစမ်းပါ
ပြောခဲ့စမ်းပါ
ဟောသည်က သွေးခဲတခဲကို
ပြောခဲ့စမ်းပါ
အနာတခုကို အနာတခုနဲ့
ကုသရတယ်လို့
သည်သွေးခဲတခဲကိုလေ
ပြောခဲ့စမ်းပါ ...။

ခုတော့
ဓားပေါက်ဝိဇ္ဇာရဲ့ ဓားပေါက်ချက်တွေထဲ
ငါ့မှာ
အသည်းတယားယား
ကြက်သီးတဖြန်းဖြန်း မှန်တွေကွဲ
ဓားပေါက်ချက်တွေထဲ
ငါ့မှာ
လောကဓံတရားကိုတွေ့
ငါ့အသည်း
ကျောက်စရစ်ခဲလေးဖြစ်ကျန်ရစ်ခဲ့
ချစ်တယ်ကွယ် ...။

ငါ့အသက်
မင်းလေးလက်အပ်နှံထား
အထပ်ထပ်ခွဲစိတ်
လွှာချ
တလွှာပြီးတလွှာ
လွှာချ ...
အို ... အသည်းခွဲစက်ကလေးရဲ့
သိပ္ပံနည်းကျ မင်းပြုစား
ငါ့ရင်ခေါင်းကြီး တခုလုံး
ရန်သူမလေးရယ်
ချစ်အခိုးတွေ အလိပ်လိုက် အလိပ်လိုက်
ထကုန်ရပါပြီ
ငါ့မှာ
ချစ်ပြီးရင်း ချစ်ရင်း
ချစ်တယ်ကွယ် ...။

ငါ့ကို ဘဝကူးသွားပြီတဲ့
လူတွေက
လူတွေဟာ အတော်ကြီးကို ခက်တယ်
ငါ မပြောဖူးလား
အရာရာဟာ တွန့်လိမ်ကောက်ကွေးပြီး
သေးမွှားသွားရုံကလွဲပြီး
ဟောဟို ... နေအောက်မှာ
ဘာမှမဆန်းသစ်ဘူးဆိုတာ
မသိကြရှာဘူး ...။

သည်မှာ ... ပြောလိုက်မယ်
တွေ့လား ...
အက်စစ်နဲ့ နှလုံးသားကို ပက်မှ
လူဟာသေတာ မဟုတ်ဘူး
ပန်းတပွင့်ရဲ့ ဝတ်မှုန်တမှုန်နဲ့ထိလဲ
သေတယ်ဆိုတာ
သင်းတို့ သိသွားစေရမယ် ...။

တညလုံးမဟုတ်ဘူး
ဆယ်ဘဝ ဆယ်ညလုံး မအိပ်ရရ
ချစ်နေမှာပဲ
သိကြ ... သိကြ
ချစ်တဲ့အကြောင်းကို
တဘဝလုံး အကုန်ခံပြီး
အကျယ်ကြီး အော်ပြောသွားတဲ့ကောင်
ဝံ့စားကြလား ...။

အော်ပြောလိုက်မယ်
ချစ်တဲ့အကြောင်းကို အော်ပြောလိုက်မယ်
သင်းကလေး တကိုယ်လုံး
ချစ်စရာချည်းပဲ
ချစ်တဲ့အကြောင်းကို
အကျယ်ကြီး အော်ပြောလိုက်မယ်
အချစ်နိုင်ငံကူးလက်မှတ် အမြန်ထုတ်ပေးပါကွယ် ...။

ဝင်းပပါ ... ဝင်းပပါ
ငါ့အသည်းနှလုံး Betelgues ကြယ်ကလေးရဲ့
စွတ်စို စိုထိုင်း
ငါ့မှာ ထွန့်ထွန့်လူး
ငါ့အချစ်တွေ
တိတ်တခိုးကြီးထွန်းလင်း
အိုး ... တိတ်တခိုးကြီးပါလားကွယ်
သိကြ
ခု ငါ့ချစ်သူလေး ရင်အုံထဲ
တနေ့ကို အကြိမ်တသိန်းတိတိ
ခုန်ပေါက်နေတဲ့ အသည်းနှလုံးဟာ
ငါ့အသည်းနှလုံးစစ်စစ်ပဲ ...။

သူငယ်ချင်းတို့ရေ ...
ဘုရားသခင်စားနေကျ
တော်ဝင်တဲ့ အစားအစာကို
ကိုက်ချီဖို့ ကြိုးစားတဲ့
ခွေးတကောင်ရဲ့ဇာတ်လို့
မှတ်လိုက်ကြပါတော့ကွာ ...။ ။

မောင်ချောနွယ်