ရန်ကုန်၊ မတ်၂
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ်
လိင်တူချစ်သူ အမျိုးသား နှစ်ဦး၏ မင်္ဂလာသက် (၁၀) နှစ်ပြည့် အခမ်းအနားကို
မတ်လ ၂ ရက်၊ ညနေ ၆...နာရီ အချိန်တွင် ဗဟန်းမြို့နယ် အတွင်းရှိ Excel
Treasure Hotel တွင် ပြုလုပ်ခဲ့သည်။
“ဒီပွဲလေး လုပ်ဖြစ်ဖို့
ကျွန်တော်တို့ အများကြီး ကြိုးစား ပြင်ဆင်ခဲ့ရပါတယ်။ ကျွန်တော်တို့
နှစ်ယောက် အတူနေလာကြတာ ဒီနေ့က ၁၀ နှစ် ပြည့်တဲ့နေ့ပေါ့။ ဒီကာလတွေကို
တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုနဲ့ ကျွန်တ်ာတို့ ကျော်ဖြတ်ခဲ့ကြတယ်။
အဓိကကတော့ သံယောဇဉ်ပေါ့” ဟု သတို့သား ဖြစ်သည့် ကိုမျိုးမင်းထက်က
ပြောကြားသည်။
၎င်းတို့ နှစ်ဦး အတူ နေထိုင်ခဲ့ကြခြင်းကို
မိဘဆွေမျိုးများက နားလည် ခွင့်လွှတ် ပေးထားခဲ့ကြသော်လည်း၊ Myanmar Times
ဂျာနယ်တွင် ၎င်းတို့၏ သတင်း ပါဝင်လာပြီး နောက်တွင် လူအများ၏ အာရုံစိုက်မှု
ခံလာရသည့် အပေါ် မိသားစုကလည်း တစ်မျိုး မြင်လာခဲ့ကြောင်း၊ ၎င်းတို့သည်လည်း
သာမန် စုံတွဲများကဲ့သို့ နေထိုင်နိုင်ခွင့် ရှိကြောင်း မိသားစုကို
နားလည်အောင် ရှင်းပြခဲ့ရကြောင်း ကိုမျိုးမင်းထက်က ဆိုသည်။
“ဒီနေ့
ကျွန်တော် အရမ်းပျော်ပါတယ်။ ဆယ်နှစ်တာ ကာလအတွင်းမှာ တစ်ယောက် မကြိုက်တာ
တစ်ယောက်က မလုပ်ဖို့၊ လုပ်ခဲ့ရင်လည်း ဘာကြောင့် လုပ်ခဲ့ရတယ် ဆိုတာ
ပြောပြပြီး နားလည်မှု ယူခဲ့ကြပါတယ်။ စတွေ့တဲ့ အချိန်ကနေ အခုအချိန် အထိ
ကျွန်တော့်ဘက်မှာတော့ ဘာမှ အခက်အခဲ မရှိပါဘူး။ သူ့ဘက်မှာတော့ သူ့မိသားစုနဲ့
ပတ်သက်ပြီး အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော့် မိသားစုကတော့
နားလည်ပေးတယ်။ ကျွန်တော့်ရဲ့ လွတ်လပ်မှုကို လက်ခံ ပေးကြပါတယ်” ဟု
ကိုတင်ကိုကိုက ဆိုသည်။
ယခု အခမ်းအနားကို ပြုလုပ်ရခြင်းမှာ
ဆယ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် သူငယ်ချင်းများနှင့် ပျော်ပျော်ပါးပါး
ဖြတ်သန်းချင်၍ ဖြစ်ပြီး တခြား ရည်ရွယ်ချက် မရှိကြောင်း၊ လူတိုင်းတွင်
အမှတ်တရ ကိုယ်စီရှိကြပြီး ၎င်းတို့ အနေနှင့်လည်း ဆယ်နှစ်ပြည့် အမှတ်တရ
အနေနှင့် ယခုပွဲကို ပြုလုပ်ခွင့် ရှိမည်ဟု ထင်ကြောင်း ကိုတင်ကိုကိုက
ဖွင့်ဟသည်။
အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်တို့
လက်ထပ်ခြင်းသည် ဘဝနှစ်ခု ပေါင်းစပ်သည့် သာမန်မင်္ဂလာ အခမ်းအနား ဖြစ်သည့်အတွက်
မည်သည့် အရာကိုမျှ ဂရုစိုက်စရာ မလိုကြောင်း၊ အမျိုးသားနှစ်ဦး အတူနေ
ပေါင်းသင်းကြသည့် နောက်ပိုင်းတွင်မူ ၎င်းတို့၏ ဘဝတွင် တခြားသူများ၏
အာရုံစူးစိုက် ခံရမှုများ၊ စောင့်ကြည့်မေးငေါ့ ပြောဆိုမှုများကို
ကြုံတွေ့ကြရကြောင်း၊ လိင်တူချင်း ချစ်ခြင်းသည် အမှားအယွင်း တစ်ခု
မဟုတ်ကြောင်းကို ပြသရန် အတွက် ပတ်ဝန်းကျင် အသိုင်းအဝိုင်း၏ အားပေးမှုများ
လိုအပ်ကြောင်း Equality Myanmar မှ တာဝန်ရှိသူ ဦးအောင်မျိုးမင်းက
ပြောကြားသည်။(The Voice)